>ဇင်ဝေသော် – သာသနမောဠိသိုႚ

>

သာသနာမောဠိ သို့ သစ္စာစကား

ဇင်ဝေသော် ( အေ၊ အို၊ အေ၊ ဘီ )
ဇန်န၀ါရီ ၃၁၊ ၂၀၀၈

“ချစ်သားတို့ စိမ်းညို့ မို့မောက်နေသည့်တောအုပ်ကို ကြည့် လိုက်ကြ။

ထိုတောအုပ်ကို ပုစဉ်းရင်ကွဲတို့၏ တေးဟစ်ဆိုသံ တွေဖြင့်စိုးအုပ်ထားတန်ရာ၏ ။

ထိုအခိုက် အင်္ဂါလေးပါးနှင့် ပြည့်စုံသော စစ်တပ်ချီလာ၏ ။ ထိုအခိုက် စစ်တပ်၏ ဆင်သံ ၊ မြင်းသံ ၊ တံပိုးခရာသံတို့ကြောင့် ပုစဉ်းရင်ကွဲ တို့ အသံသည် တဒင်္ဂတိတ်ဆိတ် ငြိမ်သက် သွားတန်ရာ၏ ။

သို့သော် ထိုစစ်တပ်တို့ အသံများ တိတ်ဆိတ်ငြိမ်သက် သွားရာ၌ ထိုတောအုပ်သည် ပုစဉ်းရင်ကွဲတို့ အသံဖြင့် တဖန် မင်းမူစိုးအုပ်လေရာ၏ ။

အကြောင်းမူ စစ်တပ်၏ အသံသည် တောအုပ် ၏ ထာဝရအရှိတရား မဟုတ်ပဲ ပုစဉ်းရင်ကွဲတို့၏ အသံသည်သာ တောအုပ်၏ထာဝရ အရှိတရားများ ဖြစ်ကြသောကြောင့်ပင်တည်း ။ ”

(ဗုဒ္ဓ ၊ အင်္ဂုတ္တရနိကာယ)

ငါတို့နိုင်ငံ၌ လွတ်လပ်၍ တရားမျှတသော စဉ်းရင်ကွဲတို့အသံသည် စိုးအုပ် လွှမ်းမိုး ထားရာ၏ ။

ထိုအခိုက် မဆလ ၊ န၀တ ၊ နအဖ ဟူသောစစ်တပ်ချီလာပြီး ငါတို့တောအုပ်ကို ခွေးအူသံ ၊ လူအူသံ ၊ သေနတ်သံ တို့ဖြင့်စိုးအုပ်ထား လေပြန်ရာ၏ ။

သို့သော် ထိုအူသံအမျိုးမျိုး ဆိတ်သုန်းပြီးလွတ်လပ်၍ တရားမျှတမှု ဆိုသော ငါတို့ စဉ်းရင်ကွဲကြွေးကြော်သံသည် တဖန်ပြန်၍ မင်းမူရာ၏ ။

အကြောင်းမူ ထိုအူသံတို့သည် တို့တောအုပ်၏ ထာဝရအရှိတရား များမဟုတ်ပဲ ငါတို့၏ လွတ်လပ်၍ တရားမျှတသော ပုဇင်းရင်ကွဲ တို့အသံသည်သာ တို့တောအုပ်၏ ထာဝရအရှိတရား များဖြစ်ကြသောကြောင့် ပင်တည်း ။

တောအုပ်တစ်ခု၏ နှလုံးသားသည် လွပ်လပ်မျှတမှုတည်း ။

ဒီနေ့ သာသနာမောဠိ ရဲ့ သစ္စာမြှားဦးဟာ နအဖ ရဲ့ရင်ညွန့်ဦးဆီကို တည့်တည့်ကြီးချိန် ထားပြီးပါပြီ။

ဒီအတွက် ခင်ဗျားတို့ရဲ့ လက်ခုပ်သံတွေလိုတယ် ။

ခင်ဗျားတို့ လက်ဖျံရိုးနဲ့ ၊ လက်မောင်းကြွက်သား တွေလိုတယ် ။

ခင်ဗျားတို့ချွေးနဲ့ ၊ ချွေးနဲစာတွေလိုမယ် ။

ဒီတောအုပ်ကို ပုစဉ်းရင်ကွဲသံတွေနဲ့ စိုးအုပ်စေချင်ရင် ခင်ဗျားတတ်နိုင်တဲ့ တစ်ခုခုကိုတော့ ပေးဆပ်ထားခဲ့ပါ ။ စစ်တပ်ကိုလွှမ်းအုပ်ဖို့ ပုစဉ်းရင်ကွဲတို့ တေးသီချင်းစဆိုနေပါပြီ ။

“ ချစ်သားတို့ … ဖြူ၊ နီ၊ ပြာ၊ ၀ါသော ပန်းတို့သည် မြေပြင်၌ ကစဉ့်ကလျား အိပ်စက် လဲလျောင်းနေရာ၏ ။

ထိုအခါ ကျွမ်းကျင်လှစွာသော ပန်းကုံးသမားသည် ခိုင်မာသော ပန်းသီတံဖြင့် တစ်ပွင့်စီ ပြန့်ကျဲနေသော ပန်းရောင်စုံတို့ကို အနုပညာမြောက်မြောက် သီကုံးလေရာ၏ ။

ထို့ကြောင့် ထိုအကြွေပန်းတို့သည် တော်ဝင်သောပန်းကုံး တစ်ကုံး ဖြစ်သွားလေရာ၏ ။ ”

( ဗုဒ္ဓ ၊ ဓမ္မပဒ ၊ ပုပ္ဖ၀ဂ် )

ပြည်တွင်းပြည်ပ မြန်မာတွေ ကွဲ ပြဲနေကြသလား ၊ ဟင့်အင်း … ကွဲ ပြဲမနေကြပါဘူး ။ ဒါဆို စည်းလုံး ညီညွတ် နေကြပါသလား၊ ဒီလိုလည်း စည်းလုံးညီညွတ် မနေကြပါဘူး ။ ဒါဆို ဘာလဲ၊ ဘာမှ မဟုတ်ပါဘူး၊ ဒီ ရောင်စုံပန်းပွင့်တွေကို သီကုံးဖို့ ကြိုးတချောင်းနဲ့ ပန်းသီမယ့် လက်ဖ၀ါးတစုံ အလိုရှိနေတာပါ။

သာသနာ့မောဠိဆိုတာ ပန်းသီိတဲ့ကြိုး၊ ပန်းသီိတဲ့လက်ဖ၀ါးပါပဲ။ ကြိုးက မလှပသလို၊ ပန်းသီမယ့် လက်ကလည်း ပန်းလောက် မလှပါဘူး။ ဒါပေမဲ့ အဲဒီကြိုးနဲ့ လက်ဖ၀ါးတစုံဟာ ရောင်စုံ လှပတဲ့ ပန်းတကုံးဖြစ်ဖို့တော့ ရာနှုန်းပြည့် တာဝန်ယူပါလိမ့်မယ်။

ကျေးဇူးပြုပြီး ခင်ဗျားတို့နှလုံးသားကို ပန်းတပွင့်အဖြစ် ဖန်ဆင်းလိုက်ပါ။ ခင်ဗျားဟာ၊ ကျူပ်ဟာ၊ ဦးဂမ္ဘီရဟာ၊ မင်းကိုနိုင်ဟာ၊ ဖြူဖြူသင်းဟာ၊ စုစုနွေးဟာ၊ ကိုကိုကြီးဟာ ပန်းတွေဖြစ်ပါတယ်။

ဒီအတွက် ခင်ဗျားတို့ရဲ့ လက်ခုပ်သံတွေ လိုတယ်။

ခင်ဗျားတို့ လက်ဖျံရိုးနဲ့ လက်မောင်းကြွက်သားတွေ လိုတယ် ။

ခင်ဗျားတို့ ချွေးနဲ့ ချွေးနဲစာတွေ လိုမယ်။ (လိုတယ်လို့မပြောပါ )

“အစည်းပြေနေတဲ့ မြန်မာတွေအားလုံးကို ချီဖို့ ကြိုးတချောင်းလိုတယ်၊ အဲဒီကြိုးဟာ ဘာသာရေးဆိုတဲ့ ကြိုးပါပဲ ၊ဒါကို ဆရာတော်ကြီး နှစ်ပါးစလုံး( ဆရာတော် ဦးကောဝိဒါဘိဝံသနဲ့ ဆရာတော်ဦးပညာဝံသ) က ယုံကြည်ကြပါတယ်။

( ဆရာတော်ဦးဥတ္တရ ၊ မောဠိအဖွဲ့ချုပ် ၊ အတွင်းရေးမှုးဆရာတော် )

ဟုတ်ပါတယ်။ ကျနော်တို့ယုံကြည်တဲ့ ပန်းသီတဲ့လက်ဟာ အရည်အချင်းရှိရမယ်၊ အတွေ့အကြုံရှိရမယ် ၊ အားလုံးထက်ခေါင်းတစ်လုံး ပိုမြင့်ပြီး အားလုံးထက် ကျော်မြင်နေရမယ် ၊ ရိုးသားရမယ် ၊ သစ္စာရှိရမယ် ၊ ယုံကြည်ချက်တွေ တောက်လောင်နေရမယ် ၊ အစိမ်းရောင် ငွေစက္ကူကြောင့် မေ၀၀ါးရဘူး ၊ သေနတ်ပြောင်းဝနဲ့ ထောင်တံခါးကို ရင်ဘတ်ဖွင့်ပြီး ခံယူရဲရမယ် ။

လာပြီ။ သစ္စာရဲ့ မြှားဦး၊ ဂန္ထ၀င်မြောက်ပန်း တပွင့်လို့ ရင်ဖွင့်ကြိုဆိုကြပါ။

မောဠိဆိုတဲ့ ပါဠိစကားကိုသုံးပြီး ဗုဒ္ဓဘာသာဘုန်းကြီးတွေက စတင်ဖွဲ့စည်း သီကုံးခဲ့ပေမဲ့၊ မောဠိအောက်မှာ မြန်မာနဲ့ သွေးသားတော်စပ်တဲ့ အသိရှိတဲ့ လူသားတိုင်း၊ သစ္စာတရားကိုကိုးကွယ်တဲ့ ဘာသာတရားတိုင်း ပါဝင်တယ်။ Jesus ရဲ့တပည့်တွေ ပါတယ်။ တမန်တော်မိုဟာမက် စကား နားထောင်သူတွေပါတယ။ ဗုဒ္ဓရဲ့သားတပည့်တွေ ပါတယ်။ ဒါကြောင့် မောဠိသီကုံးတဲ့ပန်းဟာ အရောင်စုံတယ်။


ဒါဆို မောဠိက ဘာလုပ်မှာလဲ

ရွှေရောင်နဲ့ချီခဲ့တဲ့ တော်လှန်ရေးဟာ လှပတဲ့ရွှေရောင်အနာဂတ်အတွက် ရွှေရောင်တွေက အဆုံးသတ်ဖို့ ကြိုးစားရမယ။ ဒါကို ဥသျှောင်ဆရာတော်တွေ ယုံကြည်ကြတယ်။ သူတို့လုပ်နိုင်တဲ့ အလုပ်ဆိုတာကိုလည်း အရှင်မြတ်တွေက ယုံကြည်ထားကြတယ်။

“ ဦးဇင်းတို့ Target က ၂၀၀၈ ဖြစ်တယ် ၊ ၂၀၀၈ အတွင်းမှာ ပြီးဆုံးရမယ် ၊ ဒီအတွက်အားကောင်း မောင်းသန် အကူအညီတွေ ကမ္ဘာက ပေးကြလိမ့်မယ် ၊ ဦးဇင်းတို့ကိုယ်တိုင်လည်း ၁၀ ဆ တိုးပြီး အလုပ်လုပ်ရမယ်

( ဆရာတော် ဦးဥတ္တရ )

ဒီစကားအတွက် သံသယရှိတဲ့ သတင်းထောက်က ပီနန်ဆရာတော်ကြီးကို မေးတယ်။ ဒီတော့ ဆရာတော်ကြီးက “ဦးဆောင်နေတဲ့ သူတွေကို ကြည့် …” လို့ ဖြေတော်မူလိုက်တယ်။

ဟုတ်တယ်၊ ကြာရင် တိုင်းပြည်နာတယ်။ ရမ်ဘိုရဲ့ရုပ်ရှင် ကြော်ငြာသလိုပါပဲ။

Live For Nothing Or Die For Something.

ကျနော်တို့ဖောင်တွေကို ဖျက်ထားခဲ့ပြီး မောဠိနဲ့အတူ တိုက်ပွဲဝင်ကြပါစို့ ။

“၂၀၀၈မှာ ပြီးဆုံးရမယ်လို့ ဘာကြောင့် ပြောနိုင်ရတာလဲ ဆိုရင်တော့၊ ပြောနိုင်လောက်တဲ့ အကြောင်းတရား ရှိလို့ပေါ့။ တံခါးပိတ်စည်းဝေးခဲ့တဲ့ ဂျကာတာ၊ မဲဆောက် အစည်းအဝေးတွေကနေ မယုံနိုင်လောက်တဲ့ အဖြေတွေ ရခဲ့ကြတယ်။ ဒါတွေကို ပြောပြလို့ မဖြစ်ပေမဲ့ အီးယူသမဂ္ဂ၊ အမေရိကန်နဲ့ လုံခြုံရေးကောင်စီက မြန်မာ့တော်လှန်ရေးဟာ ၂၀၀၈ မှာ အောင်မြင်ရမယ်လို့ ယုံကြည်ထားကြပြီးပါပြီ။ အစိုးရအဖွဲ့အစည်းတွေနဲ့အတူ NGOအဖွဲ့တွေက လည်း ရာနှုန်းပြည့် ပံ့ပိုးပေးကြပါလိမ့်မယ်။ ဒါကြောင့် ဦးဇင်းတို့ Targetဟာ ၂၀၀၈ လို့ ပြောရဲတာဖြစ်ပါတယ်။”

( ဦးဥတ္တရ )

န အ ဖ ကို လမ်းကြောင်းပေးသလို ဖြစ်နေမှာမို့ တံခါးပိတ်စည်းဝေးပွဲတွေရဲ့ ရလဒ်ကို ပြောမပြဖြစ်ခဲ့ပေမဲ့ ကမ္ဘာက နအဖကို ၀ိုင်းထုဖို့ သဘောတူနေကြပြီးပြီဆိုတာကိုတော့ ကျနော်တို့ သိလိုက်ရပါတယ်။

“လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က ဒီတော်လှန်ရေးဟာ ဘုန်းကြီးတွေဦးဆောင်မှ အောင်မြင်မယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ သံဃာတွေကို အကာအကွယ်ပေးရမယ်။ လိုအပ်ရင် လုံခြုံရေးကောင်စီရဲ့ အစီအစဉ်နဲ့ သံဃာတွေရဲ့လူထုတရားပွဲတွေ၊ စည်းရုံးရေးတွေ လုပ်ကြရလိမ့်မယ်။ ဒီအတွက်သံဃာတချို့ ကို Public Speaking သင်တန်းတွေ ပေးကြလိမ့်ဦးမယ်။”

ဒါကတော့ ဆရာတော်ဦးဥတ္တရဆီက အတွင်းကျကျ သတင်းတစ်ခု ပွင့်အံ လာတာပဲဖြစ်ပါတယ် ။

Gambari နဲ့ နအဖတို့ ရှေ့ခြေလှမ်း ဘယ်လောက် ရောက်နေပြီလဲ၊ Mr Gambari ရဲ့စကားကို နားထောင်ဖို့ ဟိုကောင်တွေမှာ နားရှိရဲ့လား၊ ဒါကို လုံခြုံရေး ကောင်စီကသိနေပြီ ။ Gambari ကိုလွှတ်မဲ့အစား မြန်မာသံဃာတချို့ကို တရားဝင်စကားပြောခိုင်းရင် ပိုထိရောက်လိမ့်မယ် ဆိုတာကတော့ သေချာပါတယ် ။

“ မဲဆောက်မှာ လက်နက်ကိုင်အဖွဲ့တွေရော၊ လက်နက်မကိုင်တဲ့အဖွဲ့တွေရော၊ ဗုဒ္ဓဘာသာတွေရော၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ သူတွေရော အားလုံးနဲ့ တွေ့ခဲ့ပါတယ်၊ တံခါးပိတ် ဆွေးနွေးခဲ့ကြတယ်၊ အားလုံးဆီက ညီညွတ်မှုလည်း ရခဲ့ပါတယ် ။ ”

ဒါက ဆရာတော် ဦးဥတ္တရရဲ့ မဲဆောက်၊ ဂျကာတာဆွေးနွေးပွဲတွေအပြီးမှာ ပြောပြခဲ့တဲ့ စကားတွေဖြစ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ “အား² ဟာလည်း ဒါပါပဲ ။

မောဠိက လိုကော လိုအပ်လို့ လား

အသေအချာ လိုအပ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ သံဃာ့မဟာနာယကအဖွဲ့ဆိုတာ ရှိပေမဲ့ ဒီအဖွဲ့ အစည်းဟာ ရာထူးဌာန န္တရ မက်မောခြင်း၊ ကမ္ဘာအခြေအနေကို မသိခြင်း၊ နအဖကို ဘာမှ ပြန်မပြောရဲအောင် ကြောက်ရွံခြင်းဆိုတဲ့ အ, ဂတိတရား သုံးပါးအောက်မှာ နလံမထူုနိုင်တော့ပါဘူး၊၊

သာသနာကို ကာကွယ်ဖို့ထက် ဘာမှ လုပ်မရတဲ့ ရာထူးပြုတ်မှာကို ကာကွယ် နေကြပါတယ်၊၊

ဒီအချိန်မှာ လာဘ်လာဘမမက်မောတဲ့ ကမ္ဘာ့ရေစီးကြောင်းကိုသိတဲ့ အမှန်တရားအတွက် ဘယ်ပုဂ္ဂိုလ်ကိုမှ မကြောက်တဲ့ သံဃာအဖွဲ့ အစည်း သေချာပေါက် လိုအပ်တယ်။

သံဃာ့မဟာနာယကဆိုတာ ရှိတယ် ဆိုစေဦးတော့၊ ပြည်ပသာသနာပြုတော်မူကြတဲ့ သံဃာတွေကို ဘာဆိုဘာမှ အကူအညီ အထောက်အပံ့ မပေးနိုင်ကြပါဘူး၊၊ ယုတ်စွအဆုံး အကြံဥာဏ်လေးတောင် မပေးနိုင်ကြပါဘူး၊၊ ဒီအချိန်မှာ ပြည်ပသာသနာပြု အတွေ့အကြုံ အနှစ် ငါးဆယ်ကျော်ရှိတဲ့ ပီနန်ဆရာတော်ကြီးက လမ်းညွှန်ပေး၊ ဦးဆောင်မှုပေးလိုက်ပါတယ်၊၊

ဒီအဖွဲ့ဟာ နအဖ ရဲ့မူကို ဆန်ကျင့်တိုက်ခိုက်ကြပေမဲ့၊ နအဖ ပြုတ်ကျသွားတဲ့နောက်မှာတောင် သာသနာထွန်းကားပြန်ပွားရေး၊ လူမျိုးအချင်းချင်း ရိုင်းပင်းကူညီစောင့်ရှောက်ရေးတွေအတွက် တက်တက်ကြွကြွ ရှိနေကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် သာသနမောဠိဆိုတာ အခြေအနေက ငတ်ငတ်မွတ်မွတ် တောင်းဆိုနေတဲ့ အဖွဲ့ အစည်းကြီးပဲ ဖြစ်ပါတယ်၊၊

နောက်ပြီး ကမ္ဘာထိပ်သီး အစည်းအဝေးကြီးတွေမှာလည်း ကမ္ဘာ့အသိအမှတ်ပြု ဘာသာရေးအဖွဲ့အစည်းကြီးအနေနဲ့ တူတူတန်တန်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖိတ်ကြားတာခံရတယ်ဆိုတာ ဒီလိုစည်းလုံးမှုရဲ့ အကျိုးရလဒ်ပါပဲ။ ဒါကြောင့် သာသန မောဠိရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးဆိုတာထက် အဆမတန်ကျယ်ပြန့်ပါတယ်၊၊

ပြည်ပသာသနာပြု ရဟန်းတော်အချင်းချင်း ထိတွေ့ဆက်ဆံခွင့်သလို၊ တပါးရဲ့အခက်အခဲကို တပါးကနားလည်ပြီး၊ အတူအကွ ကူညီဖြေရှင်း၊ သာသနာပြုလုပ်ငန်းတွေကို ဒီထက်မက အလုပ်လုပ်နိုင်သွားပါလိမ့်မယ်။ ဒါဟာ မောဠိက လိုကော လိုအပ်လို့လား ဆိုတဲ့ မေးခွန်းရဲ့ အဖြေအကျဉ်းပဲ ဖြစ်ပါတယ်၊၊

အခုတင်ပြမဲ့ ကိစ္စကတော့ ကျနော်တို့ ဗုဒ္ဓ၀ါဒီ အဖွဲ့ ရဲ့ မောဠိ အပေါ်မှာထားတဲ့ အိမ်မက်တွေပါ။

၁။ ကမ္ဘာ့သာသနာပြု စာသင်သား ရဟန်းတော်များအားလုံး စုဝေးပြီး၊ သာသနာ့ညီလာခံ ကျင်းပနိုင်ရေး

၂။ သာသနမောဠိကို ဌာနချုပ်အနေနဲ့  အမေရိကန်မှာထားပြီး၊ အခြားဥရောပမောဠိ၊ အာရှမောဠိ အမေရိကမောဠိ ဆိုပြီး မောဠိအဖွဲ့ ခွဲများ အဆင့်ဆင့် ဖွဲ့ စည်းထားနိုင်ရေး

၃။ မောဠိနဲ့ ပတ်သက်တဲ့ မူဝါဒ လုပ်ငန်း လုပ်ဆောင်တာများကို E-Office မှတဆင့် ညွှန်ကြား စီမံခန့်ခွဲနိုင်ရေး

၎။ သတင်းနဲ့ မီဒီယာကို ဒီထက်မြန်မြန်ဆန်ဆန် ဆောက်ရွက်နိုင်ရေး…

ဆိုပြီး “Moli in our dream” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ထက် ကမ္ဘာအမြင် များစွာသာလွန်တဲ့ ဆရာတော်ကြီးများဟာ သတင်းနဲ့ မီဒီယာကိစ္စကလွဲရင် အာလုံး စနစ်တကျ စီစဉ်ထားတော်မူကြပြီး ဖြစ်ကြပါတယ်။

ဒါကြောင့် မကြာခင်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်  ညီလာခံကြီး ကျင်းပနိုင်မှာ ဖြစ်ပါတယ်။

မောဠိ အလုပ်ဖြစ်ပါ့မလား

ဖြစ်ပါတယ်။

ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာတွေဟာ အစဉ်အလာအရကိုပဲ သံဃာတော်တွေကို ရိုသေကိုင်းရှိုင်းမှုနဲ့အတူ ဦးထိပ်တင်ထားကြပြီးသားပါ။ ဥက္ကဌဆယ်ခွန်း၊ ဘုန်းကြီးတခွန်းပါ၊၊

မောဠိ ဟာ နိုင်ငံရေးပါတီတခု မဟုတ်တဲ့အတွက် နိုင်ငံရေးမူဝါဒ ကွဲလွဲစရာမလိုပါဘူး။

မောဠိရဲ့ ဥသျှောင်ဆရာတော်ကြီးများဟာ အကျင့်ပျက်ဝန်ထမ်းတွေ မဟုတ်တဲ့အတွက်၊ လာဘ်ပေး လာဘ်ယူ ကင်းရှင်းပြီး၊ လူထုရဲ့ ယုံကြည်အားကိုးမှုကို ရပါလိမ့်မယ်။

မောဠိရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံရေးတက်ကြွသူတွေရော၊ ဘာသာရေးတက်ကြွသူတွေပါ ပါဝင်ခိုလှုံလာကြပါလိမ့်မယ်။

မောဠိဟာ ဗုဒ္ဓဘာသာဆိုတဲ့ နယ်နမိတ်ထဲမှာတင် မဟုတ်ဘဲ၊ လူမျိုးရေးပါ ပါဝင်နေတဲ့အတွက် ဗုဒ္ဓဘာသာမဟုတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်များ ပါဝင်လာပါလိမ့်မယ်။

မောဠိဟာ ပုဂ္ဂိုလ်သာကြည့်၊ ပေးသမျှအကြံ အကုန်ယူ၊ ပြောသမျှစကားကို နာခံမှာမဟုတ်တဲ့ အတွက်၊ ဒေါ်လာစား နိုင်ငံရေး စားဖားကြီးတွေရဲ့ ရုပ်သေးရုပ် မဖြစ်နိုင်ပါဘူး။

ဒါတွေကို ထောက်ဆရင် မောဠိ ၆ လသား အရွယ်လောက် ရောက်ပြီဆိုရင်ပဲ၊ န အ ဖ ရင်တုန် ပန်းတုန် ဖြစ်လာပါလိမ့်မယ်။

ကဲ… ဒါတွေဟာ မောဠိရဲ့ ပန်းကြိုး ဖြစ်ပါတယ်။

မောဠိရဲ့ “ အား ”

“မင်းရဲ့ လွတ်လပ်ခွင့်တွေအားလုံးဟာ ငါ့လက်ထဲမှာရှိပါတယ်ကွာ” ဟု ပြေးမထွက်ခင် မြားတန်လေးကို လေးညှို့ကပြော၏။

“အေး….ဟုတ်ပါတယ်။ ဒါပေမဲ့ ပစ်မှတ်ကို ထိုးခိုက်ရမှာကတော့ ငါ့ရဲ့ခေါင်းချွန်ချွန်ပဲ ဖြစ်ပါတယ်” ဟု မြားလေးက လေးညှို့ ကို ပြန်ပြောလိုက်၏။

( ရာဘင်ဒြာနသ် တဂိုး)

မောဠိ ဟာ မြားဦးဖြစ်တယ်။

မောဠိဟာ န အ ဖ ရဲ့ ရင်ညွန့်ကို ချိန်ထားတဲ့  သစ္စာမြားဦးဖြစ်တယ်။

ဒီမြားဦးရဲ့ ဦးတည်ရာဟာ တည့်မတ်လွန်းလှတယ်။

အဲ … အဲဒီမြားရဲ့ ထိုးစိုက်နှုန်းဟာ ဘယ်လောက်ရှိမလဲ။

အဲဒီမြားရဲ့ ထိုးစိုက်နှုန်းဟာ ဘယ်လောက် နက်ရှိုင်းမလဲ။

အဲဒီလေညှို့ကို ခင်ဗျားတို့၊ ကျုပ်တို့  ၀ိုင်းတင်ရမယ်၊ ၀ိုင်းဆွဲရမယ်။ ပြီး … ပစ်လွှတ်ကြမယ်။

မောဠိရဲ့အားဟာ ခင်ဗျားတို့၊ ကျုပ်တို့ဖြစ်ပြီး၊ ကျုပ်တို့၊ ခင်ဗျားတို့ရဲ့  “အား”ဟာ မောဠိ ဖြစ်ပါတယ်။

ဘယ်လိုလဲ။ ခင်ဗျား ဘေးထွက်နေခဲ့အုံးမလား … ဒေါသနဲ့ ကြောက်စိတ်ဟာ မကောင်းတာချင်း တူရင်တောင် ဒေါသက လူကို တက်ကြွစေတယ်။ မောဠိ အောင်မြင်ပါစေ၊ ငါတို့  လွတ်လပ်ပါစေ။

န အ ဖ ၀ါဒ ကျဆုံးပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts