သောင်းပြောင်းထွေလာ

An Laung Shwee – Article

ဂန်ဖလားဖြင့် ထမင်းစားသူများ
အမ်းမ်လောင်ရွှီ၊ ဇူလိုင် ၃၁၊ ၂၀၁၃
        ၂၀၁၀ -ခုနှစ်လောက်က ဖြစ်သည်။
       တနေ့တွင် စာရေးသူ၏ သမီးက ပြော၏။
      (အရေးအခင်းတိုင်းမှာ ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်သူတွေဟာ ချင်းတပ်ကတဲ့။ ဟုတ်လား … ဖေဖေ)
      (ဘယ်သူက ပြောတာလဲ)
      (သမီးတို့ကျောင်းက ဆရာမ ဒေါ် ——- လေ)
       စာရေးသူ မျက်လုံးပြူးသွားသည်။ မပြူးပဲ ခံနိုင်ရိုးလား။ ပြောသူက သာမန်ပဲပြုတ်သည် မဟုတ်၊ အနာဂတ်၏သားကောင်းများကို မွေးထုတ်ပေးမည်ဟု ဆိုသော အနန္တဂိုဏ်းဝင်ဆရာမဖြစ်၏။ ရန်ကုန်မြို့၏ အမည်ကျော် အထက်တန်းကျောင်းမှ ဆရာမက အတန်းရှေ့တွင် ကျောင်းသူ၊ ကျောင်းသား ၅၀ ခန့်ကို ပြောနေခြင်းဖြစ်၏။
          မသိလို့ပြောခြင်းလား၊ သိပါလေလျက် မရိုးသားသော ရည်ရွယ်ချက်ဖြင့် ပြောခြင်းလား၊ သို့မဟုတ် သူများပြောတာကို တဆင့်ကြားဖြင့် မဆင်မခြင်ပြောခြင်းလား၊ ကာယကံရှင်ကသာ သိပေလိမ့်မည်။
           ဂျပန်ခေတ်တွင် ဂျပန်စစ်သားတွေ ရွာတွင်းသို့ဝင်လာ၏။ ရွာဦးကျောင်းတွင် ချက်ပြုတ်စားသောက်နေကြ၏။ မစင်စွန့်သော ဂန်ဖလားတွင် ထမင်းထည့်စားနေသော စစ်သားများကို ရွာဦးဆရာတော်က မြင်သောအခါ စိတ်ထဲ မှတ်ချက်ချ၏။
           (အင်း … ဂန်ဖလားကို ဂန်ဖလားမှန်းမသိလို့၊ ထမင်းထည့်စားခြင်းဖြစ်လျင်၊ ဂန်ဖလားတောင် မသိတဲ့သူတွေမို့ စွံမယ့်လူတွေ မဟုတ်ဘူး။ ဂန်ဖလားကို ဂန်ဖလားမှန်းသိပါလျက် ထမင်းထည့်စားခြင်း ဖြစ်လျင်လည်း ဂန်ဖလားကိုတောင် ရွံရှာရကောင်းမှန်းမသိတဲ့ငတုံးတွေမို့ စွံမယ့်လူတွေမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စွံမယ့်လူတွေကို မဟုတ်ဘူး။)
           ယခုလည်း ထိုဆရာမသည် ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ စွံမယ့်လူ မဟုတ်တာ သေချာ၏။
(စွံမယ့်သူဆိုတာ လူလိုအဆင့်ရှိမယ့်သူ မဟုတ်ဟုဆိုလို၏။)
            ဒါနှင့်ဆက်စပ်ပြီး လွန်ခဲ့သော နှစ်၂၀-ကျော်က လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆိုရလောက်အောင် ပြည်လုံးအနံ့ဖြစ်ပွားခဲ့သော ၁၉၈၈ အရေးအခင်းကာလကို သွားသတိရ၏။
             ထိုစဉ်က ချင်းလူမျိုးတွေကို သံသယဝင် မုန်းတီးစေမည့်နံရံကပ်စာ၊ ဝေစာ  တစောင်ကို စာရေးသူတို့ “ချင်း”များ လက်ခံဖတ်ရှုကြရ၏။ ဆလိုင်းရမ်လိန်မှုန်းက ပြသောအခါ စာရေးသူ ဒေါသထွက် ခံပြင်းသွားသည်။ ရန်ကုန်မြို့ရောက် ချင်းများသာမက အခြားမြို့ရွာဒေသများနေ ချင်းများသည်လည်း ဆန္ဒပြပွဲတွင် အင်တိုက်အားတိုက်ပါဝင်နေကြ၏။ (အခေခံ အုပ်ဗဒေ၊ ဖက် သိန်း ဗစ် ၊ ဖက် သိန်း ဗစ်) ဟု မပီမသ အော်တာကြောင့်လည်းကောင်း၊ ချင်းဝတ်စုံတွေ ဝတ်ဆင်ကြခြင်းကြောင့်လည်းကောင်း၊ ချင်းတောင်က ခုမှဆင်းလာပြီး ရန်ကုန်မှာ ဆန္ဒပြတာဟု ထင်နေကြောင်း စာရေးသူ၏သူငယ်ချင်း တဦးက နောက်နောင် ပြန်ဆုံသောအခါ ပြောပြသဖြင်. ရီရသေး၏။
               ဝေစာတွင်ဖေါ်ပြထားသည်မှာ ဆန္ဒပြပွဲများတွင် အကြမ်းဖက်ပစ်ခတ်နှိမ်နင်းသူများမှာ ချင်းသေနတ်ကိုင် တပ်ရင်းများမှချင်းစစ်သားများဖြစ်ကြောင်း၊ ယခု ၁၉၈၈ အရေးအခင်း အစပိုင်းတွင် ပစ်ခတ်နှိမ်နင်းသူများမှာလည်း ချင်းစစ်သားများပင်ဖြစ်ကြောင်း၊ သူတို့သည် ဗမာစကားပင် နားလည်သူများ မဟုတ်သဖြင့် အိမ်ရာ၊ လမ်းဆုံလမ်းခွများ၌ စောင့်ကြပ်နေစဉ် သွားစကားပြောလျင် ပြန်မပြောတတ်ကြောင်း၊ ချင်းစစ်သားများမှာ ဘာမျှသိသူများမဟုတ်၊ ခိုင်းတိုင်းလုပ်နေသူများသာဖြစ်ကြောင်း၊ စသဖြင့် ပါရှိပေသည်။
               ဝေစာ၏အဆုံးပိုင်းတွင် (ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဟောင်း ဗိုလ်မှုးချုပ် အောင်ကြီး၏ ကိုယ်ရံတော်ဟောင်းဖြစ်သူ ဗိုလ်ကြီး(ငြိမ်း) ……………..) ဟု ဖေါ်ပြထားပေသည်။ ကိုယ်ပိုင်နံပါတ်တွေပင် ပါလိုက်သေး၏။ လိပ်စာလည်း တိကျစွာထည့်ထား၏။ အချိန်မရွေး လာမေးနိုင်ကြောင်းလည်း အာမခံထားသေး၏။ ဖုံးနံပါတ်ဖြင့်လည်း မေးနိုင်ပါသည် …တဲ့။
ရန်ကုန်ရောက် ချင်းများအနက် အသိအမြင်၊ ဗဟုသုတစုံသူများ၊ စစ်ဖက်နယ်ဖက် ဝန်ထမ်းဟောင်းများ ရှိပါသည်။ စစ်ရုံးချုပ်သို့ သွားရွေ့၊ ထိုဗိုလ်ကြီး(ငြိမ်း)၏ ကိုယ်ပိုင်နံပါတ်ကို တိုက်ဆိုင်စစ်ဆေးရာ၊ အတုကြီးမှန်း သိကြရ၏။ လိပ်စာအတိုင်း သွားရောက်ရှာဖွေရာ  မရှိသောလမ်းနှင့်  မရှိသောအိမ်နံပါတ်များ ဖြစ်နေ၏။ ဖုန်းနံပါတ်ကို ဆက်သောအခါ ရပါသည်။ သို့သော် အခြားနေရာရှိ အခြားသူ၏ဖုံးသာ ဖြစ်နေတော့၏။
               သမတဦးစိန်လွင် ဆင်းပေးပြီး၊ သမတဒေါက်တာမောင်မောင်၏ အချိန်ကာလဖြစ်နေ၏။ ဆန္ဒပြခြင်း၊ စာစောင်များနှင့် အစိုးရသတင်းစာများ ထုတ်ခြင်းတို့ကိုပင် လွတ်လွတ်လပ်လပ်ဆိုရလောက်အောင် ပြုလုပ်ခွင့် ရနေချိန် ဖြစ်သည်။
               ဗိုလ်မှုးချုပ်ဟောင်းအောင်ကြီးထံ  သွားရောက်မေးမြန်းကြရာ၊ ဝေစာဝေသော ဗိုလ်ကြီး (ငြိမ်း)…… ဆိုသူကို မသိကြောင်း၊ သူ၏ကိုယ်ရံတော်များအနက်  ထိုအမည်၊ ထိုပုဂ္ဂိုလ် မရှိကြောင်း ဖြေဆို၏။
                 မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ကာလများ၌၊ ဗြိတိသျှစစ်တပ်တွင် တိုင်းရင်းသားအမည်ဖြင့်  သီးသန့်တပ်ရင်းများ ရှိခဲ့၏။ ဥပမာ … ချင်းသေနတ်ကိုင်တပ်ရင်း၊ ကရင်သေနတ်ကိုင်တပ်ရင်း … စသဖြင့်။
                 လွတ်လပ်ရေး ရကာစတွင်၊ ကရင်သေနတ်ကိုင်တပ်ရင်းများ တောခိုသွား၏။ ချင်းသေနတ်ကိုင်တပ်ရင်း အမှတ်(၁)၏တပ်ရင်းမှုး ဗိုလ်မှုးကြီးဆွန်ခိုပေါင် (တီးတိန်ဇာတိ)နှင့် အဖွဲ့သည်လည်း၊ တောခိုသွားခဲ့ဖူး၏။ ချင်းသေနတ်ကိုင်တပ်ရင်း အမှတ်(၂)၏ တပ်ရင်းမှုး ဗိုလ်မှုးကြီးဟရန်ထီယိုသည် ကရင်များ၏ခြုံခိုတိုက်ခိုက်မှုကြောင့် ကျဆုံးသွားရာ၊ ဒု-တပ်ရင်းမှုး ဗိုလ်မှုးဗန်ကူးလ်က  ထိုအမှတ်(၂)တွင် တပ်ရင်းမှုးဖြစ်လာခဲ့သည်။ အမည်ကျော် အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်းသည် ဗိုလ်မှုးဗန်ကူးလ်၏ လက်ရင်းတပည့်ဖြစ်၏။
              ထိုစဉ်က တိုင်းရင်းသားအမည်နာမဖြင့်ရှိခဲ.သော တပ်ရင်းများမှာ တကယ့်တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ ချင်းတပ်ရင်းတွင် ချင်းလူမျိုးစစ်သားများသာ ရှိခဲ့၏။ လူမျိုးရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း အကြောင်းတစုံတရာကြောင့် တပ်ရင်းလိုက် တောခိုမှုများ ဖြစ်ပွါးတတ်သဖြင့် နောက်ပိုင်းတွင် တပ်ရင်းတွင် လူမျိုးပေါင်းစုံ ရောနှော အမှုထမ်းစေသောစနစ်ကို ကျင့်သုံးလာခဲ့ကြောင်း သိရပါသည်။ ယခင်က အင်္ဂလိပ်ဘာသာစကား၊ သို့မဟုတ် တိုင်းရင်းသားဘာသာစကားဖြင့် ပြောဆိုအမိန့်ပေးခဲ့ရာမှ၊ မြန်မာဘာသာစကားဖြင့်သာ ပြောဆိုအမိန့်ပေးရန် တပြေးညီတည်း သတ်မှတ်လာခဲ့ကြောင်း သိရပါသည်။
                ထို့ကြောင့် စတုထ္တတန်းအောင်မှသာ စစ်ထဲဝင်ခွင့်ရှိကြောင်း စည်းကမ်းထုတ်ခဲ့ရသည်။ ထိုသို့ ပြင်ဆင်လာခဲ့သော်လည်း၊ တိုင်းရင်းသားအမည်နာမဖြင့်ရှိခဲ့သော တပ်ရင်းများကိုကား ကာလအတန်ကြာသည်အထိ အမည်နာမ မပြောင်းလဲခဲ့ဟု ဆိုပါသည်။ ဥပမာ-ချင်းသေနတ်ကိုင်တပ်ရင်း ဟုဆိုသော်လည်း ချင်းများချည်း ရှိသည်မဟုတ်။ အခြားသော လူမျိုးပေါင်းစုံလဲ ရှိနေပြီ ဖြစ်သည်။ အချို့သော တိုင်းရင်းသားအမည်တပ်ရင်းများတွင် ထိုအမည်ခံတိုင်းရင်းသားများ တစ်ဦးမျှမရှိတော့ခြင်းပင် ဖြစ်ခဲ.သည်ဟုဆို၏။ (ယခုကား ထိုတိုင်းရင်းသားအမည်တပ်ရင်းများ ရှိတော့ဟန် မတူပေ။)
လုံခြုံရေးတာဝန်ယူနေသောစစ်သားများကို စကားသွားပြောသောအခါ ဘာမျှပြန်မပြောခြင်းသည်  အထက်ကချမှတ်ထားသော အမိန့်ပင်ဖြစ်သည်။ စစ်သားက လူတကာနှင့် စကားပြောလို့ရမလား။ ထိုသို့ မပြောရုံကာမျှဖြင့် ဗမာစကားပင်မတတ်သော ချင်းစစ်သားဟု စွပ်စွဲလို့မရပါ။
ဝေစာဝေသူ၏ရည်ရွယ်ချက်ကို အတိအကျမသိရပေ။ ချင်းများကိုမုန်းတီးသဖြင့် ဝေခြင်းလား။ (သို့မဟုတ်) နိုင်ငံရေးပြသနာကို လူမျိုးရေးပြသနာဖက်သို့ လမ်းလွှဲလိုခြင်းလား။ (သို့မဟုတ်) ဖြေရှင်းနိုင်မှု ရှိ မရှိ၊ ချင်းတို့ကို စမ်းသပ်လိုက်ခြင်းလား။
ရန်ကုန်ရောက် ချင်းများ စုစည်းကာ၊ ထိုဝေစာပါအချက်များ မမှန်ကန်ကြောင်း၊ ကျိုးကြောင်း ဆီလျှော်စွာ ချေပရေးသားလျက် တုန့်ပြန်နိုင်ခဲ့ပါသည်။ ကိုရမ်လိန်မှုန်း၊ ကိုလျန်မှုန်း၊ ကိုငိုင်ဆာခ်တို့ ဦးဆောင် ပါဝင်ခဲ့ကြပြီး၊ စာရေးသူကလည်း ထိထိမိမိရေးသားနိုင်ရန် စာကြမ်းကို ဖတ်ရှုအကြံပေးခဲ့၏။
ယခု အနှစ်(၂၀)ကျော် ကြာသောအခါ ချင်းတပ်ကပစ်သတ်တာဟူသော အသံမျိုး ပြန်ကြားလာရ၏။ ထိုချေပစာကို ချင်းလူမျိုးတိုင်းဆောင်ထားလျင် ထိုအသံမျိုးတိတ်သွားမည်ဖြစ်၏။
စစ်သားဆိုတာ အမိန့်ပေးလျင် နာခံရတာ သဘာဝပဲ ဖြစ်ပါသည်။ စစ်ဥပဒေ၏အချုပ်မှာ (အမိန့် မနာခံလျှင် သေဒဏ်)ဟု ဖေါင်ကြီးသင်တန်း၌ ပို့ချ၏။ အမိန့်အရ ဆောင်ရွက်တာ ချင်းစစ်သားမှမဟုတ်။ အခြားလူမျိုးစစ်သားတွေလဲ ဒီအတိုင်းဖြစ်သည်။ မတရားသောအမိန့်ဟုယူဆလျင် ပုန်ကန်ဝံ့သူ  ပုန်ကန်၏။ သို့သော် ခံယူချက်အရ ပုန်ကန်မှုမျိုးလဲ လူမျိုးမရွေးဖြစ်နိုင်သည်။ အစိုးရကို သစ္စာခံသော ချင်းတပ်ရင်းရှိသလို၊ တောခိုသော ချင်းတပ်ရင်းလဲ ရှိခဲ့သည်။ ဆလိုင်းတင်မောင်ဦးလို ဦးသန့်အရေးအခင်းကို ဦးဆောင်သောချင်း ရှိသလို၊ ဆန္ဒပြသူကိုပစ်သော ချင်းလဲရှိနိုင်သည်။ ချင်းတွေကို လူမျိုးရေးအရ လုပ်ကြံစွပ်စွဲခြင်းသည် ဂန်ဖလားတွင် ထမင်းထည့်စားသူကဲ့သို့  ဘယ်လိုမှစွံမည့်သူ မဟုတ်ဟု သိထားရပါမည်။ မှတ်တမ်းအလို့ငှာ ရေးရသော်လဲ၊ အများစုကတော့ သဘောပေါက်ကြပါပြီ။
(ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဆလိုင်းရမ်လိန်မှုန်း (ကွယ်လွန်) သို့  အမှတ်တရ)
အမ်းမ်လောင်ရွှီ 
           ဇွန် ၁၀၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts