>မိုးမခ ၀င်း – ဒေ၀ဒတ် လူမဵား

>

ဒေ၀ဒတ်ထုံးနှလုံးမူတဲ့သူ
မိုးမခ ၀င်း

ဒီဇင်ဘာ ၂၃၊ ၂၀၀၇

ဟောဒီမြန်မာပြည်ကိုအုပ်ချူပ်နေတဲ့စစ်အစိုးရကချပြခဲ့တဲ့လမ်းစဉ်တွေ၊တာဝန်တွေ၊ အရေး ၃ ပါး၊၄ ပါး မကပါ။ အကုန်လုံး အကောင်းချည်းပါ။ အဲဒီအချက်တွေ ကြည့်ပြီး မကောင်းဘူးလို့ မပြောဝံ့ပါဘူး။

ကဲ မယုံရင် ဥပမာ တစ်ခုလောက် ပြမယ်။ ထွက်သမျှ စာအုပ်တွေတိုင်းမှာ ဒါတွေပါတယ်။

ဒို့တာဝန်အရေးသုံးပါး
၁ – ပြည်ထောင်စုမပြိုကွဲရေး
၂ – တိုင်းရင်းသားစည်းလုံးညီညွတ်မူမပြိုကွဲရေး
၃ – အချူပ်အချာအာဏာတည်တန့်ခိုင်မြဲရေး

ကြည့်ပါ့။ ဘယ်မှာလဲ မကောင်းတာ။ ကိုယ်က သဘောမတူဘူးလို့ ထပြောရင် – ဘယ့်နှယ့် ပြည်ထောင်စုကြီး ပြိုကွဲချင်လို့လား ဆိုပြီး၊ တခါတည်း ဒုက္ခရောက်သွားမယ်နော့်။ သွား မဆန့်ကျင်ရဲ ပါ။

ဒီတော့ ငြိမ်နေ ရရုံပေါ့။ ဟုတ်တာတွေချည်းပဲ မဟုတ်လား။

အခု သတင်းစာ နောက်ဖုံးမှာ ဟောဒီလို ရေးထားတယ်။

”တည်ငြိမ်မှုကို လိုလားသည်။
အေးချမ်းမှုကို လိုလားသည်။
ဆူပူ အကြမ်းဖက်မှုကို မလိုလား။”

ကဲ … ကြည့်ပါ့။ ပြောဝံ့လား။ သဘောမတူဘူးလို့။ ကောင်းတဲ့အချက်တွေမဟုတ်လားရှင်။ ပြည်သူ့ သဘောထားတွေ ၊ကြည့်ပါ … လျှောက်ရှာပြီး ဖတ်ကြည့်ပါ။ ကောင်းလိုက်တဲ့ အချက်တွေ။ ကောင်းလွန်းလို့ မကောင်းပြောမယ် ဆိုရင် အဲဒီ အချက်တွေပဲ ကိုယ်က မလိုလား သလိုလို။

ဒီတော့ ဆိုလိုက်ဦးမယ်။ ဆရာတော် ရှင်ဥာဏိဿရရဲ့ “လူမိုက်တို့ သွားရာ လမ်း“ ဆိုတဲ့ တရားခွေ မှာ ဆရာတော်က အခုလို ဟောထားပါတယ်။

”ဘုန်းကြီးတို့ မြတ်စွာဘုရား ကိုယ်တော်မြတ်ရဲ့ ဘ၀ဖြစ်စဉ်ထဲက နည်းနည်းလေးလောက် ပရိသတ်ကို ပြောပြမယ်။ ဘုန်ကြီးတို့ ဂေါတမဗုဒ္ဓ လူ့ဘ၀တုန်းက အိမ်ထောင်ရှိဘူးတာ အကုန်လုံးသိတယ်။ ယသော်ဓရာ ဆိုတာဟာ သာကီဝင်မင်းရဲ့ သမီး၊ ဒေ၀ဒတ္တဆိုတဲ့ မင်းသားနဲ့တော့ မောင်နှမ။ အဲဒီ လောက်ကလေး သိထားပြီးလို့ ရှိရင်၊ ရှေ့ကို ခပ်သုတ်သုတ်လေး ချီတက် လိုက်ပါ။ နောက် ဘုရား ဖြစ်တော်မူပြီ၊ သိဒ္ဒတ္ထ ဘုရားဖြစ်ပြီ ဆိုတဲ့အခါကျတော့ ဒေ၀ဒတ္တဆိုတဲ့ ယောက်ဖလည်းပဲ ရဟန်း လိုက်ပြုတယ်ပဲ မဟုတ်လား။ ဒေ၀ဒတ် မကောင်းမှုကို ဘယ်လို စလာတာလဲ ဆိုတာလေး ပြောတော့မယ်။”

( မြတ်စွာဘုရားကို အနားယူခိုင်းတဲ့နည်း၊ အကြမ်းဖက် သတ်ဖြတ်တဲ့နည်း ၃ ကြိမ် တိုင်တိုင် ကြိုးစားခဲ့ပြီး မြတ်စွာဘုရားကို ပျက်ဆီးအောင် လုပ် ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အသေးစိတ်ကတော့ တရားခွေမှာ ပါပြီးကြောင်းပါ)

” အဲဒီအခါမှာ နူးညံ့ သိမ်မွေ့တဲ့နည်း သူတော်ကောင်း ဟန်ဆောင်တဲ့ စကားတွေ လှည့်ပြောတယ်။”

”အို..မြတ်စွာဘုရား၊ ဘုရားကိုယ်တော်မြတ်ရဲ့ သာသနာတော်မှာ သံယာ့ အစည်းအရုံးကြီး အားလုံး ရဟန်းတော်တွေရော ရဟန်းမတွေရော အကုန်လုံးပဲ –

၁၊ လူတကာပင့်ဖိတ်ကျွေးမွေးတဲ့ဆွမ်းကိုမစားပါစေနဲ့။ဆွမ်းခံ၍သာလျှင်စားကြပါစေ။

၂၊ တကာ တကာမတွေ လာရောက် ကြည်ဖြူ လှူဒါန်းတဲ့ သင်္ကန်းတွေ မ၀တ်ပါစေနဲ့။ ပံ့သကူ သင်္ကန်းသာ ၀တ်ပါစေ။

၃၊ သံယာတော် အရှင်မြတ်တွေ မြို့ ကျောင်း ရွာကျောင်းမှာ မနေပါစေနဲ့။ တောကျောင်း မှာပဲ နေပါစေ။”

အဲဒီ တောင်းဆိုချက်တွေဟာ ပရိသတ်ရေ … နားထောင်လို့ တော်တော် ကောင်းတယ်နော်။ နားထောင်လို့ ကောင်းတယ်မလား။ အဲဒီ နားထောင်လို့ ကောင်းပေမယ့် အဲဒီ နားထောင်လို့ ကောင်းတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာရှိတဲ့ နှလုံးသားထဲကို ကြည့်ရမယ်။ စကားလုံးတွေကသာ လှနေတာ နော်၊ နှလုံးသားက အလွန် မည်းညစ်တယ်။ နောက်တခါ ဘာပြောပြန်သလဲ ဆိုတော့ –

”အရှင်ဘုရားတွေ သံယာတော် အရှင်မြတ်တွေကို သင်္ကန်း ၃ ထည်ထက် ပိုပြီးတော့ မ၀တ်ပါစေနဲ့။ သင်္ကန်း ၃ ထည်ထဲ ၀တ်ပါစေ … ” တဲ့။ ၄ ခု ဖြစ်သွားပြီ။

နောက် နံပါတ် ၅ ကျတော့ဘာလဲဆိုတော့ – ”သံယာတော် အရှင်မြတ်တွေ အသားငါး မစားပါစေနဲ့။ အားလုံး သတ်သတ်လွတ် စားပါစေ” ပေါ့။ ” အဲဒီ ၅ ခု ကို အရှင်ဘုရား သာသနာတော်မှာ ဘုရားကိုယ်တိုင် အမိန့်တရပ် အနေနဲ့ ထုတ်ပြန်ပေးပါ”

ဟောဗျာ … သတ်သတ်လွတ် စားဖို့ရန် စတင် တောင်းဆိုတာ ဒေ၀ဒတ်ဖြစ်နေတာ ဒီမှာ လာတွေ့နေတယ်။ တိုက်ဆိုင်တာတော့ မတတ်နိုင်ဘူး ပရိသတ်ရေ သတ်သတ်လွတ် ဂိုဏ်း ကို ဒေ၀ဒတ် ကြိုးစားခဲ့တာ … နော်။ အဲဒီတော့ ဒီ တောင်းဆိုချက်လေး တွေဟာ သာသနာတော် အတွက် တော်တော် ကောင်းလိမ့်မယ် ဆိုပြီးတော့ သူတောင်းတာ။

” မြတ်စွာဘုရား အဲဒီ အတိုင်း လုပ်ပါ ဘုရား။” ဆိုတော့ ဘုရားမြတ်စွာက ဘာပြောလဲ။

” မင်း တောင်းတာတွေ ကောင်းပါတယ်။ ကျင့်နိုင်တဲ့ ပုဂ္ဂိုလ် ကျင့်ပါစေ” တဲ့။

” မကျင့်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်းပဲ ခွင့်လွတ်ရမှာပဲ ” တဲ့။

” အကုန်လုံးကို မကျင့် မနေရ ဆိုပြီးတော့ ဥပဒေ စည်းကမ်းကြီးတော့ ငါမထုတ်နိုင်ဘူး။ ကျင့်လိုသူ ကျင့်၊ မကျင့်လိုသူ နေ။” ဆိုလည်း ဆိုလိုက်ရော သူ့တောင်းဆိုချက် ဘာဖြစ်လဲ အောင်မြင်သေးလား။ မအောင်မြင်တော့မှ ထ အော်တာ။

” သာသနာတော်ကြီး ကောင်းစေချင်လို့ သူ ဒါတွေကို တောင်းဆိုတာ… ဘုရားက မလိုက်ရောဘူး ..” လို့ ဆိုရောဗျာ။ အဲဒါ ”သာသနာကြီး ရှင်ရဟန်းတွေ ကောင်းသွားစေချင်လို့ ဒါတွေကို တောင်းဆိုတာ၊ ဒီ ဂေါတမက မလိုက်ရောဘူး။ ငါ့အယူအဆ ငါ့ဝါဒ ကြိုက်တဲ့ ကိုယ်တော်တွေ လာလိုက်ခဲ့ကြ” ဆို ခေါ်သွားတာ၊ သူ့နောက်က သံယာ အပါး ၅၀၀ ပါသွားတယ်ဗျာ။

သံယာခွဲဆို အဲသည်လို ခွဲ ပစ်တာ။ အဲသည်လို ကွဲအောင် ပြဲအောင် စပြီးတော့ ကောင်းတဲ့ လေသံနဲ့ ကောင်းကောင်းလေး ပေးပြီးတော့ ခွဲတာနော်။ ဘယ်သူလဲ … ဒေ၀ဒတ်။”

အရေးကြီးတာက ဘာလဲဆိုတော၊့ ဒေ၀ဒတ်ဟာ ဗုဒ္ဓမြတ်စွာ ကျင့်တော်မူတဲ့ မဂ်ဖိုလ် နိဗ္ဗါန်ကိုရတဲ့ တရား၊ သစ္စာ ၄ ပါး ကို သိတဲ့ တရားကို မလုပ်နိုင်တဲ့ အတွက် အဲဒီလိုတွေ လုပ်တာ ဖြစ်တယ်။ တကယ် လုပ်ရမှာတွေက လွဲပြီး လုပ်တာပဲ။ သူ့ရဲ့ နှလုံးသား မည်းညစ်တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က မကောင်းဘူးနော့်။ ဒါပေမယ့် သုံးလိုက်တဲ့ စကားလုံးလေး တွေက လှတယ်။ နားထောင်လို့ ကောင်းတယ် မဟုတ်လား။ အဲဒါပါပဲ ရှင်။

အခုလည်း ဒီစစ်အစိုးရက ဒီမိုကရေစီ လမ်းကြောင်းကို ချမပြချင်ဘူး။ ဒီမိုကရေစီကို မပေးချင်ဘူး။ ဒါကြောင့် ဒေ၀ဒတ်နည်းကို သုံးပြီး စကားလုံး လှလှ၊ နားထောင်ကောင်းတဲ့ အချက်တွေ ချ ပြပြီးတော့ ဒီမိုကရေစီက ပေးတာကလွဲလို့ ကျန်တာတွေ လုပ်တာ ဖြစ်ပါတယ်။

အဲဒီတော့ ဒေ၀ဒတ်ထုံး နှလုံးမူတဲ့ ဟောဒီ စစ်အစိုးရကို ပေါင်းသင်း ဆက်ဆံ အားပေး ထောက်ခံကြသူ တွေဟာ ဒေ၀ဒတ်ရဲ့ အပေါင်းအပါတွေ ဖြစ်ပြီး အ၀ီစီဒေါ့ကွန်ထဲ ရောက်သွားကြမှာကို စဉ်းစား တွေးဆကြ ပါလို့ တိုက်တွန်းချင်ပါတယ်။

မတတ်သာလို့ လုပ်ရတဲ့ အခါမျိုးမှာ ကိုယ်ရော စိတ်ပါ၊ စိတ်ပါ လက်ပါ၊ အားရပါးရ၊ ပျော်ပျော်ပါးပါး၊ ၀မ်းသာအားရ၊ မျက်နှာလို မျက်နှာရ၊ တက်တက်ကြွကြွနဲ့ မလုပ်ကြရင်ကိုပဲ မြန်မာပြည်သူ ပြည်သားအပေါင်း တာဝန်ကျေ ပါတယ်။ မျှော်လင့်ချက် ရှိသေးတယ်လို့ပဲ ဆိုရပါတော့မယ်။

မြန်မာပြည်သူ၊ ပြည်သားအပေါင်း ဘေးအန္တရယ် အသွယ်သွယ်ကို သတိနှင့် ယှဉ်ကာ တွန်းလှန် သွားနိုင်ကြပါစေ သတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts