>ရေဒြေၝင်ူးဖြ -၂၀၀၆ အစိုးရ စာပေဆု (ဝၝ) တောင်စမုခ်ကထောင်ထုပ်

>


၂၀၀၆ အစိုးရ စာပေဆု (ဝါ) တောင်စမုခ်ကထောင်ထုပ်
ရွှေဒေါင်းဖြူ

ဒီဇင်ဘာ ၂၁၊ ၂၀၀၇

(၁)

ရဲဘော်အောင်ဝေးရှောင်ပြေးရချိန်၌ လူငယ်ရှေ့ဆောင် ဦးကျှော်ဝင်း စာပေဆုရ၏၊ ဤ ၄၊ ၅ နှစ် အတွင်း၊ ကိုကျော်ဝင်း ပလူပျံအောင် ရေး၍ လူငယ်တွေ ၀ါးစားနေကြချိန်၌၊ ယောင်၍ပင် မစဉ်းစားဘဲ ဘုန်းကြီး အရေးအခင်း အပြီး၊ စာရေးဆရာတွေ အမြီးကုပ်နေရချိန်မှ၊ ဗကပ တောပြန် ယခု “ဂလိုဘယ်အားကိုး ဆရာကြီးအား လက်ရှောင် ပေါက်ကောင် ဖွင့်လိုက်ပုံမှာ၊ လူမွေးပုံလေးက လှလိုက်တာဟု ရင့်ကြူးရမလိုပင်။

စစ်အုပ်စုက မတရားဖိနှိပ်နေချိန်၌ ကွန်မြူနစ်ကို ပြောင်မြောက်စွာ (အငြှိုးနှင့်) တိုက်ခိုက်နိုင်သော ဆရာသမားကို ဤဆု ချီးမြှင့်ရခြင်းမှာ စစ်မဟာဗျုဟာရုံး think tank သို့ ပင့်ဖိတ် လို၍လော။

ယေးလ်ပြန် ကမ္ဘာသိ ပညာရှင် ဒေါက်တာ မောင်မောင် ပင် ကြာကူရီ ဗိုလ်နေဝင်းကို အဖေကြီး ခေါ်ရသေးသည်။ နိုင်ငံရေးကြောက်သော ကျွန်ုပ်တို့ ရွာကျယ် ဆရာကြီးလည်း စွမ်းအားရှင် ဋီကာ မဖွဲ့ပါရစေနှင့် ဟုသာ အောက်မေ့ ရပါ၏။

လူငယ်တွေ ပညာတတ် လာတာနှင့် ချမ်းသာ လာကာ တိုင်းပြည် အဆင်ပြေလာမည်၊ နိုင်ငံရေး မလိုက်စားကြနဲ့ ဆိုသည့် တစ်ကိုယ်တော် လွတ်မြောက်ရေး ဝါဒကို အဓိက ဖြန့်ဖြူးရာ ဆရာသမား၏ Waves မဂ္ဂဇင်းကို ကြီးကြီး မာစတာများ လစဉ် စောင့်ဖတ်ရသည် ဆို၏။

ဆုရသော စာအုပ်မှာလည်း ပေါ်ပင်လိုက် နိုင်ငံရေးစာအုပ်မို. ဦးကျော်ဝင်း၏ ပင်ကိုယ်ရေး အက်ဆေး ကောင်းလေးတွေကို လွမ်းမိပါသေးသည်။

(၂)

မိန်းမရှားသည့် တရုတ်ပြည်သို့ ကလေးလုပ်စက် အဖြစ် ရောင်းစားခံရသည့် မြန်မာမိန်းကလေးတို့ကို ငပိရည်ကို မက်ကြဖို့ တရားပြကောင်း၍ လူငယ်စာပေဆုရသည့် ဆရာမ မစန္ဒာ ကိုလည်း ဒေါ်စုကို ဆဲခ အဖြစ် အစိုးရထံမှ ရသည့် ကန်ထရိုက်ခ များကို အမျိုးသမီး စောင့်ရှောက်ရေး NGO ထောင်ကာ၊ ဒေါ်လာရှာကာ၊ fundခံစားဖို့၊ Opinion ပေးလိုပါ၏။ မစန္ဒာ၏ နောက်မှ လိုက်မည့် ‘အရိပ်’ ကား … ။

(၃)

ခေတ်ဆွေး မျိုးချစ် ကဗျာဆု ကန်ထရိုက်ဆွဲသူ မြင်းမူမောင်နိုင်မိုးကို မြန်မာစာပေတွင် ဘယ်နေရာ ပေးကြမည်နည်း။ နောက်ဆုံး စာအုပ်မှ ကဗျာဆု ရဖူးသည့် ဆရာဇော်ဂျီ၊ တစ်ခါမှ မခါဖူးရှာသည့် ဆရာမင်းသုဝဏ်၊ ဆရာတာရာ၊ ကြည်အေး၊ ဒေါင်းနွယ်ဆွေ၊ အောင်ချိမ့် စသည်တို့က ထိုင် ကန်တော့ ရမည်လား။ နိုဗယ်ဆုလိုချင်၍ ရူးနေရှာသည့် “ထီလာဆုသေ” ကြီးပင် သူ့လောက် အရာမဝင် ပါတကား။ စာပေဆုကို ခွဲတမ်း ဖြစ်အောင် လုပ်ယူကြသည့် မောင်ဆုရှင်၊ မယ်ဆုရှင် တို့ကိုပဲ သနားရမည်လား။

(၄)

“ဘုန်းကြီးဆီဒိုးနား” ခေါ် သန္တိသုခ ကျောင်းကို နအဖ ကိုယ်စား ကမကထ ပြုပေးနေရသည၊့် ဘုန်းကြီးသွေး နှင့် ရေးသည့် ဖွဲ့စည်းပုံသစ်နှင့် နိုင်ငံတော်သစ်တွင် မသေသေးက ဩဝါဒစရိယ ဖြစ်လာနိုင်သည့် သရေစည်သူ၊ သီရိပျံချီ၊ အဂ္ဂမဟာမဏိဇောတဓရ လိုချင်တာ အကုန်ရသည့် တော်လှန်ရေးအစိုးရ၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု တာဝန်ခံဟောင်း၊ ကာနယ် စောမြင့် (မှုးသမိန်)၊ မဟေသီ “နာမည်ခံ အယ်ချုပ်ကြီး” ၏ နိုင်ငံရေး စာပေဆုရ ကိုယ်ရေး မှတ်တမ်းကြီးမှာ ဖက်ဆစ် တော်လှန်ရေးတွင်းက လူငယ်များ၏ စွန့်လွှတ် စွန့်စားမှုမှာ ဖတ်ကောင်းသော်လည်း၊ ပြည်တွင်းစစ်၊ ကူမင်တန်တွန်းလှန်စစ်တို့နှင့် ပတ်သက်၍ကား၊ ဗိုလ်မှူးချုပ် ကျော်ဇော၏ နာမည်ကိုပင် မတွေ့ရ။

ဗိုလ်မှူးချုပ် မောင်မောင်ကို ကရင့် လက်မှ ပြန်ကယ်ရသည့် operation မှာလည်း ဖတ်ရင်းနှင့် တိုင်းပြည်ကို စစ်ကျွန်ပြုမယ့် ကောင်ကို စောစောစီးစီး ရှင်းပစ်လိုက်ရင် တော်တော် ကောင်းမှာပဲ၊ သူ ခုထိ ရှိနေတာ မြန်မာ့ရေးရာ သုထမိန်တွေပဲ အကျိုးရှိတယ်ဟု တွေးမိကာ၊ ကယ် ရင်း ကျဆုံးရသည့် အောင်ဆန်းသူရိယဘွဲ့ရ ကရင် စစ်သားများကိုသာ နှမြောမိတော့သည်။

နယ်စပ်ဒေသ လူမျိုးစုများကို တပ်မတော်က မည်သို့ ထောက်ပံ့ ကူညီသည်၊ သစ်ခွပန်းတွေ ဘယ်လိုဆန်းသည် လောက်သာ ရေးသည့် စာမျိုးကို၊ နိုင်ငံရေး စာပေဆု ပေးသည်မှာ၊ မနှစ်က သံအမတ် ဖေသိန်းတင်ကို dinner စားပွဲ လှအောင် ခင်းနည်း၊ သံတမန် protocol စာအုပ်နှင့် ဆုပေးသလို ရှိလှသည်။

စိစစ်ရေးမတင်ဘဲ ထုတ်သည့် မဆလ ဒုဝန်ကြီးချုပ်ဟောင်း ဗိုလ်သန်းတင်၏ ပြည်တွင်းစစ် မှာ သွေးဆာဆာနှင့် လူသတ်ခဲ့တာကို ကြွားသည့် စာအုပ်မျိုးလည်း နိုင်ငံရေးစာပေဆု ပေးခဲ့ဖူးပြီ။ နောက်နှစ်များတွင် စစ်အစိုးရ သက်ဆိုးရှည်သေးလျှင် ၈၈ တုန်းက ဝန်ကြီးချုပ်ဟောင်း သူရ ထွန်းတင်၏ စာအုပ် ရပါလိမ့်ဦးမည်။ နိုင်ငံတော် အကြီးအကဲ၏ ဖွင့်ဟ ဝန်ခံချက်များမှာ ထွက်လာလျှင်ကား ကမ္ဘာတုန်လိမ့်မည်။ ဗိုလ်စောမြင့်၏ ၆၃ ပြည်တွင်း ငြိမ်းချမ်းရေးကာလ ဆောင်ရွက်ချက်များ၊ ရာထူးမှ ပြုတ်ရပုံ တို့ကို ဖတ်လိုလှ ပါသေးသည်။

(၅)

သမိုင်းပညာရှင် မကြန် (၈၈) နှစ် ကို တသက်တာ စာပေဆု ပေးသည်မှာ သီလရှင်ကို လှယဉ်ကျေးမယ် ပေးသကဲ့သို့ ရှိပါသည်။ ကြန်ကြန် အပျိုကြီးမှာ တစ်သက်လုံး ပေပုရပိုက် စာဟောင်းနံ့ ရှူရင်း၊ ဆရာ သန်းထွန်း ကဲ့သို့ အငြိုအငြင်လည်း မခံဝံ့ရှာ၍၊ ဘေးကင်း ရန်ကင်း ပါတော်မူခါစ က အကြောင်းပဲ ရေးပါသည်။

စာရေးဆရာနှင့် ပညာရှင် ကွာခြားပုံ ကို မသိ၍လား၊ လူရိုသေ ရှင်ရိုသေ ထဲက စစ်အစိုးရနှင့် ပြေလည်သူ ရှား၍လား မသိပါ။ မဆီမဆိုင် လာပေးသည်ကို မကြန် ကလည်း သူ့ဆရာတွေ သူ့လောက် ကံမကောင်းဘူး ဆိုလိုက်သေးသည်။

နာမည်ပျက်လှသည့် စစ်အစိုးရ ပေးသည့် ဆု ယူရသည်မှာ မည်မျှ ကျက်သရေ ယုတ်ကြောင်း မြန်မာပညာတတ်များ မသိလေရော့လား။

(၆)

၇၀ ပြည့်လွန် နှစ်များက မိုးကြို မုန်တိုင်း အုပ်စုဝင်၊ အက်ဆေး ဆရာ အဖြစ် ထင်ရှားသော ဆရာကြည်နိုင် ဝတ္ထုတိုဆု ရသည့်အခါ၊ ဒေါ်ခင်မျိုးချစ် ခြံထွက်တွေထဲမှာ သူတို့ လင်မယားနဲ့ နိုင်ဝင်းဆွေက လွဲရင် ကျန်သူတွေ ဆု ရ ကြတာပဲ ဟု တွေးမိသည်။ သော်တာဆွေ၊ ထင်လင်း၊ စိန်စိန် … ။ သို့သော် အားနာနာနှင့် ပြောရရင်၊ ဆရာ့ စာအုပ်မှာ ရိုးဂုဏ်လေးက လွဲရင် ဆင်းရဲသည့် သူ့ငယ်ဘဝ အကြောင်းတွေပဲမို့၊ ဝတ္ထုနဲ့ မတူဘဲ၊ sketch တွေပဲ ဟု သာ မြင်မိသည်။

ထိုနှစ်အတွက် အကြိုက်ဆုံးမှာ ညီပုလေး၏ “ငြိမ်သက် တစ်မိနစ်” ဖြစ်သည်။ မြို.ပြ အောက်လွှာနှင့် လူလတ်တန်းစားတို့၏ ခေတ်သရုပ် ကို ဆင်ဆာကြားမှ ရ သလောက် အနိုင်ဂိုး ရှူး ထားလေသည်။

(၇)

ယဉ်ကျေးမှု အနုပညာ ဆုရ သျှင်ထွေးဟန်၏ ရခိုင်မြောက်ပိုင်း မေယုတောင်တန်းသားတို့ အကြောင်းမှာ ဗိုက်ထဲက အစိတ်သားပင် မချန်သည့် လူမျိုးတုံး ပေါ်လစီ အတွက် အမှတ်တရ ပေးခြင်းဟု မှတ်ပါသည်။ မနုဿဗေဒ ပညာရှင်တို့၏ စားကျက် ဖြစ်ရမည့် မြန်မာ တိုင်းရင်းသားတို. ဘဝ သည်ကား နာကြည်းလို့ဖြင့် မဆုံးနိုင်ပေ။

(၈)

သုတပဒေသာ(ရိုးရိုးသိပံ္ပ) ဆုရ နေသူရိန်၏ အရှိန်အဝါအောက်မှာ ရေးသူ ကျော်ဦးနှင့် အစိုးရ သတင်းစာ အင်တာဗျူးတွင် လူငယ်တွေကို အင်တာနက်သုံးဖို့ အခွင့်အလမ်းတွေ ပေးရန် ပြောသွားသည်မှာ များစွာသင့်လျော်ပါပေသည်။

(၉)

မပေးဖြစ်သည့် ဆုများထဲမှ ဝတ္ထုရှည် အတွက် ၂၀၀၆ မှာ hot ဖြစ်သည်မှာ ဂျူး ၏ “စောင့်နေမယ်လို့ မပြောလိုက်ဘူး” သာ ရှိပြီး၊ ထို ဝတ္ထုမှာလည်း လူငယ်တွေကို ပညာနှင့် တစ်ကိုယ်တော် ထွက်ပေါက် ရှာဖို့ လမ်းပြထားကာ၊ NGO တွေကိုလည်း ဒေါ်လာရရာ၊ scholarship ရကြောင်း၊ ခုတုံးသဖွယ် ဖော်ကျူးထားရာ၊ မရ လိုက်တာ က တော်သေးသည်။

စာပဒေသာ ဆုအတွက်၊ ထိုနှစ်က ‘ပေါက်’ ခဲ့သော ပေါ်ဦးသစ်၏ “ကျွန်တော် ဖြတ်သန်းခဲ့သော လေးဖြူ” ရော ခင်ခင်ထူး၏ “အညာသူ အညာသား ကျွန်မ ဆွေမျိုးများ” ပါ မရကြ။

သုတပဒေသာ (ဝိဇ္ဇာ) ဆု အတွက် စံမီသော မကြန်၏ “ကုန်းဘောင်ခေတ် မြန်မာရဲမက်တော်များ” မှ ဘိုးတော်ဘုရား ရခိုင်သိမ်းစဥ၊် လမ်းတလျှောက်မှ ပြည်သူ့ရိက္ခာ၊ သမီးပျိုတို့ကို မထိပါးရန် ကြေညာသည့် အမိန့်တော် ကိုသာ စိတ်ဝင်စားမိသည်။

(၁၀)

အမျိုးသားစာပေဆုမှ စစ်စာပေဆု၊ ဆုပေါကြီး အဖြစ် ကျဆုံးနေသော သိက္ခာကို စစ်အလိုတော်ရိထဲ၊ အပြင်လူ ရောပေးသည့် မူ ဖြင့် ထိန်းသော်လည်း၊ အပြင်လူပါ ခွေးတော တိုး ရသဖြင့်၊ သိက္ခာ ကျ ရသည်။ ကျဆုံးနေသော စာပေဖြင့် တိုင်းသစ် တည်၍ ပြည်သစ် ဆောက်ရန် မှာကား …

“သွားရန် ခရီးကား ဝေးသေး၏။ ခြေသာလျှင် ယာဉ် ရှိကုန်၏ ”

(သရုပ်ဖော်ပုံမြာ – ထောင်ထဲက ဟံသာဝတီ ဦးဝင်းတင်ရဲႚ မဵက်မနြ်ူဖစ်ပၝတယ်။ သူ မဵက်စိကုကည့်ူပီး ရေးမယ့်စာတြေ၊ ပေၞသစ် ကလောင်နဲႚ ရေးမယ့်စာတြေ လမြ်းမိပၝသေးတယ်။ အယ်ဒီတာ မတ်ြခဵက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts