>မာဆိုး – ထင္ရာဴမင္ရာ ခဵစ္လိုႚေဴပာတာ

>

Sample Image
ထင်ရာမြင်ရာ … ချစ်လို့ပြောတယ် မှတ်ပါ

မစ္စတာမာဆိုး

ဒီဇင်ဘာ ၄၊ ၂၀၀၇

ပိတောက်မြေ (http://padaukmyay.blogspot.com/)

အတော်သတိထား သင့်တဲ့ ဘလော့တစ်ခု ဖြစ်ပါတယ်။ ပါးပါးနပ်နပ်နဲ့ လိုရာစွဲခေါ်ဆောင် သွားဖို့ ကြိုးစားထားတဲ့ ဘလော့တစ်ခုလို့ မြင်ပါတယ်။ တတိယလမ်း အကာအကွယ် ယူပြီ စိတ်ဓာတ်သက်သက်သာ ရှိပြီး နိုင်ငံရေးပါး မဝတဲ့ လူငယ်တွေ ကို ဦးတည်ချက်ရှုပ်ထွေး အောင် အားထုတ်ထား တာလို့ ထင်ပါတယ်။

လက်ရှိ နအဖ အောက်စောင့်တွေ ဖြစ်တဲ့ သာကီနွယ် တို့ ၊ စွေစောင်း တို့ ထက် အတွေးအခေါ်ရော လုပ်ရည်ကိုင်ရည်ပါ အင်မတန် ကောင်းမွန်တာကိုတွေ့ ရပါတယ်။

ကဗျာဆရာ အောင်ဝေး အကြောင်း၊ အရှေ့ တောင် အာရှနိုင်ငံတွေ အကြောင်းရေးထားလိုက်တာများ သေချာ မဖတ်ရင် ကိုအောင်ဝေး ကိုပဲ ရှုံချရတော့မှာ လိုလို၊ အရှေ့ တောင်အာရှနိုင်ငံတွေ ထဲမှာ ကိုယ့်နိုင်ငံပဲ ဒီမိုကရေစီနဲ့  အနီးစပ်ဆုံးဆိုပြီး နအဖ ကိုပဲ ကန်တော့ပွဲနဲ့ တောင်းပန်ရမှာလိုလို တွေပေါ့ဗျာ။ ကျနော့ အကို တစ်ယောက်ကတော့ပြောတယ် အဲဒါ မြက်ခင်းသစ် အွန်လိုင်းဗားရှင်း ဖြစ်မယ်တဲ့ဗျ။ ဆရာ့ဆရာများ လွှတ်မထားကြပါနဲ့ ဦး။

တကယ်လို့ များ

အားလုံးသိတဲ့ အတိုင်းမောင်မာဆိုး က ပြား ၆၀ လောက် လိုနေတဲ့ကောင်ပါ။ မောင်မာဆိုး ဘာ ဝါဒမှလဲ မသိပါဘူး။ ဘာ သမိုင်းမှ လဲ မသိပါဘူး။ အာဏာရှင်ကို မုန်းတီးစိတ်ကတော့ ရင်ဘတ်နဲ့ အပြည့်ရှိပါတယ်။ နောက်တစ်ခု က မောင်မာဆိုးမှာ က ပုဂ္ဂိုလ်ရေး အစွဲလေးတော့ ရှိတယ်။ အန်တီစု၊ ကိုမင်းကိုနိုင်၊ ကိုမိုးသီး တို့  ကိုထိပါးရင် လုံးဝ မခံနိုင်ဘူး။ မောင်မာဆိုး စိတ်ထဲမတော့ နိုင်ငံရေးသမားမှန်ရင် သူတို့ တွေ ကို သိရမယ် ထောက်ခံရမယ်။

မနေ့ကတော့ အိမ်နား က မောင်မာဆိုးနဲ့ တူတူ ရှစ်တန်း ၄ နှစ်ဆက်တိုက် တူတူကျဖူးတဲ့ သူငယ်ချင်းနဲ့  လက်ဘက်ရည်ဆိုင်ထိုင်ရင် တိုင်းရေးပြည်ရေးဆွေးနွေး ဖြစ်တာကို။( သူကလွဲလို့ လဲ ဆွေးနွေးဘက်က မရှိဘူးဗျ)။ နောက်တစ်ခု က မောင်မာဆိုး က ရှစ်တန်းသာ လေး နှစ်ကျတယ် လောလောဆယ်တော့ ဘွဲ့ ရကိုဗျ။ အဲဒီတော့ ရှစ်တန်းနဲ့ ဇာတ်သိမ်းတဲ့ သူပဲ ဆရာလုပ်ခွင့် ရတော့ လက်ဘက်ရည်ဖိုး အကုန်ခံပြီးပြောတာဗျ။

ခုတစ်လော သူကလည်း နအဖ သံဃာတွေ ကို သေနတ်ဆွမ်း ကပ်ပြီးနောက်ပိုင်း နိုင်ငံရေးလေးက တော်တော် စိတ်ဝင်စားနေတော့၊ သူထက်စာရင် အဖွဲ့အစည်း နာမည်တွေ၊ လူနာမည်တွေ ၊ ဝါဒနာမည်တွေ ပိုသိတဲ့ ကျနော့်ကို နိုင်ငံရေး လုပ်ချင်ရင် ဘာစလုပ်ရမလဲ လို့ မေးပါလေရောလား။

ကျနော်က ဆရာကြီးလေနဲ့ (၅ မိနစ်လောက် စဉ်းစားဟန်ဆောင်ပြီးမှ) ပြန်ဖြေလိုက် ပါတယ်။ကျနော်တို့ ခေါင်းဆောင်တွေ ချပေးတဲ့ လမ်းကြောင်းကို တစ်သွေမသိမ်း လိုက်နာဖို့ ဝန်းရံဖို့ ကြိုးစားပါလို့ …့ ပေါ့။

အဲဒီတော့ သူက ပြန်မေးတယ်ဗျာ။ အန်တီစု၊ ကိုမင်းကိုနိုင်၊ ကိုမိုးသီးတို့များ (မပြောကောင်း မဆိုကောင်း) သေသွားရင်ကော ကျနော်တို့ ဘာဆက်လုပ်ကြမလဲတဲ့။ အဟီး …။ ကျနော် မဖြေတတ်တော့ဘူးဗျာ့။ ဒီဆောင်းပါလေး ဖတ်မိပြီး ဘာလုပ်ရမယ်ဆိုတာ သိတဲ့လူများ CBox ထဲမှာ အော်ပေးထား ခဲ့ကြပါဗျာတို့။ တကယ်လို့များ … တကယ်လို့ များ … ပေါ့လေ။

ဘလော့မှတ်ပုံတင်

ဂူဂယ်နဲ့ တကွ အင်တာနက်ဂုရုတွေက လူတွေ လုပ်ချင်တာ လုပ်ပါစေတော့လို့ အလကားမတ်တင်း ခွင့်ပေးထားတဲ့ ဘလော့တွေကို နအဖက မှတ်ပုံတင်ရမယ် ဆိုတဲ့ သတင်းတစ်ခု ကြားနေရပါတယ်။ ဈေးနှုန်းကတော့ ဘလော့တခုကို ၃ သောင်း ပါတဲ့ခင်ဗျာ။

ပြီးတော့ ဓာတ်ပုံတွေပေး၊ ကိုယ်ရေးအချက်အလက်တွေဖြည့် ဘာညာပေါ့ဗျာ။ ဓာတ်ပုံတောင်း၊ ကိုယ်ရေး အချက်အလက်ဖြည့် ဆိုတာက သူတို့မရေးစေ့ချင်တာတွေ ရေးမှာစိုးလို့ ဆိုတာ နားလည်ပေးနိုင်ပေမယ့်၊ ၃ သောင်း ကိစ္စကတော့ တော်တော် ဘဝင်မကျဘူး ဖြစ်ရပါတယ်။ နောက်များဆို ပို့စ်တပုဒ် တင်ရင် ၁ ထောင် နဲ့ ဘလော့ စိစစ်ရေးအဖွဲ့မှာ အစစ်ခံရမယ်ဆိုတာတွေများ လာအုံးမလားလဲ မသိပါဘူး။

ပြည်တွင်းမှာ နေကြတဲ့ ဘလော့ဆရာမတို ၊့ဆရာတို့ ၃ သောင်း ဆိုတဲ့ ပိုက်ဆံက ဘာမှ မဟုတ်ပေမယ့် နောက်တစ်ခါ လူထုအုံကြွတဲ့အခါ၊ အဲဒီပိုက်ဆံနဲ့  စွမ်းအားရှင်လူမိုက် အယောက် ၂၀ လောက် နေ့ စားခေါ်လို့ရတယ် ဆိုတာတော့ သတိရပေးကြပါဦး။

ဘယ်သူ့ ဘက်ကလဲ

ကျနော့်မှာ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေကုန်တစ်နေခမ်း CBox တစ်ကာလှည့်ပြီး စာတွေဖတ်နေ၊ ဝင်ပြောနေတတ်တဲ့သူပါ။ စီဘောက်ထဲမှာ ဝင်,ဝင်အော်တဲ့ လူတော်တော်များများကို သိနေတဲ့ သူလည်းဖြစ်ပါတယ်။ သူနဲ့ တစ်ခါတစ်ခါ စကားပြောဖြစ်ရင် ဘယ်Nickနဲ့  လူကတော့ နအဖ ၊ ဘယ်Nick နဲ့လူကတော့ တို့ဖက်က ဆိုတဲ့ စကားလုံးတွေ နဲ့  CBox သတင်း တွေ ကိုပြောလေ့ ရှိပါတယ်။

တစ်ခါတော့ ကျနော် လဲ သူ့ဖက်၊ ကိုယ့်ဖက် ဘယ်လို များ ဘယ်လို ခွဲလဲ သိချင်လို့ မေးကြည့်တော့။ သူပြောပြတဲ့ နည်းတွေကတော့ အများကြီးထဲက လက်ရှိအသုံးဝင်မဲ့နည်း တခုတော့ လက်ဆင့်ကမ်းလိုက်ပါတယ်။ တွေဆုံ ဆွေးနွေးရေးကို ဆန့်ကျင်ရေးရင် အဲဒီလူက နအဖဖက်က တဲ့။

(သရုပ်ဖော်က တရုတ်ကာတွန်းဆရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ရေးတာပါ။ မြန်မာပြည်မှာကတော့ နိုင်ငံရေးပါပဲ။ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါလို့ ဆိုသလို … ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts