ကျော်ဟုန်း

Kyaw Home – Poem

ငွေရတု ခွပ်ဒေါင်းများအတွက် စစ်ထွက်အမိန့် 
ကျော်ဟုန်း 
သြဂုတ် ၂၊ ၂၀၁၃


ယုံကြည်ချက် ဥက အုတဲ့အခါ
ဒီခွပ်ဒေါင်းတွေဟာ
ဒေါသမီးလျှံကို ဝါးမြိုရဲတဲ့ ဖီးနစ်ငှက်ပမာ။
သိပ်အံ့သြဖို့ ကောင်းနေတာက
ဘာနဲ့ပဲ ဓာတ်ပြုခံရ ခံရ
ကိုယ့်အတွက်ဆို သက်လုံဂါထာတောင် မရွတ်
ဒါ ..ဘိုးဘေးဘီဘင်တို့ရဲ့ ခွပ်ဒေါင်းသမိုင်း။
ဒီလိုမျိုးပဲ ခွပ်ဒေါင်းမှန်ရင်
သီလ ဝီရ ဗီဇ မျိုးဂုဏ်ထိန်း
ဖြူစင်သူများရဲ့ စက်ဝန်းအဝိုင်းထဲ
အက္ခရာတင် ပီပြင်ဖို့ အရေး
မနက်ဖြန်တွေလှဖို့  အဓွန့် ရှည်ရဲရမယ်။
ယုံကြည်ချက် ငွေရတုမှာ
ဖဲပြားနီ ခေါင်းမှာစည်းမြဲ
သတ်ကွင်းရင်ပြင်နီမှာ ရဲရဲ
ဗေထိဆို အဖြေညှိစရာမလို
တူပြီးသားတွေ စုစည်းတတ်ခဲ့ရုံနဲ့ မပြီး။
(၂၅) နှစ်ဆိုတဲ့ ငွေရတုဟာ
အောင်ပွဲ မဟုတ်၊ ပျော်ပွဲ မဟုတ်
ရန်သူရဲ့ ဥပ္ပါယ်တမျှင်
သတ်ကွင်းရဲ့ ဟပွဲဆိုတာ သတိရှိစေ
ခုအချိန်အခါမှာ
သိန်းစွန်ငှက်အိုရဲ့ ရွေးချယ်ခြင်းမျိုး
လမ်းဆုံလမ်းခွ ဖက်တွယ်နေရတဲ့ ဘဝ
သေမလား နေမလား
ကစားမလား နားမလား ။
သမိုင်း မတွန့် ခေါက်စေရဘူးဟေ့
ငွေရတု မပြီးပြတ်ရင် ရွှေရတု
ရွှေရတု မပြီးပြတ်ရင် စိန်ရတု
ဒီခွပ်ဒေါင်းမျိုးဆက်တွေ တောင်ပံဝဲ
သတ်ကွင်းထဲ သက်ပျောက်ခဲ့ ဒေါင်းဇာနည်တွေကို သစ္စာပြု
သွေးဆက်မပြတ်ဖို့  သွေးဆက်ခဲ့နိုင်စေ။
အလွန်ဝေးလှတဲ့ အမှတ်တနေရာမှာ
မျဉ်းပြိုင် ဆုံမှတ် ရှိသတဲ့၊
ကဲ… နားလိုက် ပျံလိုက်၊ ပျံလိုက် နားလိုက်
လမ်းဆုံးရင် ဗိမ္မာန်တွေ့ မယ်
ဗိမ္မာန်မတွေ့ သေးသရွေ့  လမ်းမဆုံးသေးဘူး ။
ဒေါင်းပျံဝဲ ဒီတောအုပ်တလျှောက်
သတ်ကွင်းပဲ ဆုံဆုံ
ညွှတ်ကွင်းပဲ ကြုံ ကြုံ
ချီနိုင် ဖြေ (ဖြီ) နိုင်ဖို့ 
တို့ ခွပ်ဒေါင်းတွေ အဆင်သင့်ဖြစ်စေ။
ခံယူချက်ရှိရင်
ယုံကြည်ချက် မအို
ယုံကြည်ချက် နုပျိုရင်
ခံယူချက် သန်စွမ်း
ကျောင်းနံရံတဝိုက် ဒေါင်းအလံစိုက်ရုံနဲ့ မပြီး
တိုင်းနိုင်ငံတဝိုက် ဒေါင်းအောင်လံ စိုက်ဖို့ 
ခွပ်ဒေါင်းတွေမှန်ရင်
ဖြူ၊ စိမ်း၊ ပြာ၊ နီ၊ ဝါ အရောင်ကွဲလဲ
ရောင်စဉ်ဖြာနှော အလှဆင်တွဲတတ်ပါစေ
ခွဒေါင်း ၊ ဂွဒေါင်း မဖြစ်စေနဲ့ 
ဒေါင်းယောင်ဆောင် ကျီးတွေကို သွေးမနှောနဲ့ ။
အိုဘယ့် ခွပ်ဒေါင်းအပေါင်းတို့ 
တိုက်ပွဲ သက်တမ်း(၂၅)ဟာ အောင်ပွဲ မဟုတ်သေး
နန်းသိမ်းပွဲရဲ့ တိုက်ပွဲ အစ
စစ်မပြီးခင် အတက်မတုံးစေနဲ့ 
စစ်မပြီးခင် နှုတ်သီး မတိုစေနဲ့ 
နှုတ်သီး အတက် မတုံးရအောင်
ထက်မြအောင် သွေးထား
ခံယူချက်ကျောက်ဖျာပေါ် သွေးပြီးရင်း သွေးထား
ဒေါင်းအောင်လံ ပြည့်တခွင်လွှင့်နိုင်ဖို့ 
ငွေရတုတိုက်ပွဲမှသည် … ရှေ့ သို့ ချီ  … ။       ။

(ရှစ်လေးလုံး ငွေရတုနှင့် ဒီမိုတိုက်ပွဲအတွင်းကျဆုံးခဲ့သော မြေပေါ် မြေအောက် သူရဲကောင်းများ၊ တိုက်ပွဲဝင်ဆဲ ရဟန်းရှင်လူ၊ ပြည်သူ၊ ကျောင်းသားအပေါင်းအား ဦးညွတ်ဂုဏ်ပြုသည့်ကဗျာ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts