>MoeMaKa (Rangoon) – News from Inside

>

ပြည်တွင်းရေးရာ သတင်းတိုထွာ
မိုးမခ (ရန်ကုန်)

ဒီဇင်ဘာ ၁၊ ၂၀၀၇

အမေရိကန် မိခင်များရဲ့ မေတ္တာကို မြန်မာနဲ့ နှိုင်းယှဉ် တိုက်ခိုက်လိုက်တဲ့ ချစ်နိုင်(စိတ်ပညာ)
စစ်အစိုးရ ရဲ့ အခြေခံပညာအလယ်တန်းအဆင့် ပရိတ်ပြိုင်ပွဲများ ကျင်းပ
နိုင်ငံတော် သတင်းစာရှင်းလင်းပွဲနဲ့ စာရိတ် ၅၅,၀၀၀/ – ကျပ်

အမေရိကန် မိခင်များရဲ့ မေတ္တာကို မြန်မာနဲ့ နှိုင်းယှဉ် တိုက်ခိုက်လိုက်တဲ့ ချစ်နိုင်(စိတ်ပညာ)

နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဆောင်းပါးရှင် ချစ်နိုင်(စိတ်ပညာ) က ယဉ်ကျေးမှုနဲ့ သမိုင်း အစဉ်အလာ မတူကြရင် တထပ်တည်း ပုံစံတူု ကိုက်ညီအောင် အတုမခိုးသင့်ကြောင်း အဆိုတင်ရင်း အမေရိကန် အမေများနဲ့ မြန်မာအမေများကို နှိုင်းယှဉ်လိုက်ပါတယ်။

ချစ်နိုင်(စိတ်ပညာ)က ထင်ရှားတဲ့ တေးရေးဆရာ ၀င်းမင်းထွေးရဲ့ ”ကိုယ်တိုင်ရေး ပုံတူ” စာအုပ်ထဲက စကားတချို့ကို သူရဲ့ ”အမေချင်းတူကြပေမယ့်” ဆောင်းပါးမှာ ကိုးကားလိုက်တာပါ။

တခါက ၀င်းမင်းထွေးက အမေရိကန်ကျေးလက် အဆိုတော် Tammy Wynet ရဲ့ No Change သီချင်းကို မြန်မာမှုပြုပါတယ်။ သီချင်းရဲ့ အဓိကအကြောင်းအရာက သားသမီး နှစ်ဦးပါ၊ သမီးလေးက သီတင်းတပတ်လုံး သူလုပ်ခဲ့ရတာတွေအတွက် စာရင်းလုပ်ပြီး အမေဆီကို ငွေတောင်းပါတယ်။ ဒီမှာ သူ့အမေက သမီးမွေးကတည်းက စပြီး ပြုစုကျွေးမွေးခဲ့တာတွေအတွက် ဘာအကြွေးမှ မမှတ်ဘဲ အခမဲ့သာ ဖြစ်ပါတယ်လို့ ပြန်ရှင်းပြမှ သမီးလေး သဘောပေါက်သွားပုံ ဖြစ်ပါတယ်။

တေးရေး ၀င်းမင်းထွေးက အညာမှာ ရှိတဲ့ သူ့အမေဆီကို ဒီသီချင်းခွေ လှမ်းပို့လိုက်တော့၊ သူ့အမေက ဒီအခွေကို နားထောင်ပြီး နောက်ထပ် မဖွင့်ဘို့ အမိန့်ထုတ်ပါ သတဲ့။ ကလေးလိုချင်တဲ့ ၉ ကျပ် နဲ့ ၇၅ ပြားကို မပေးဘဲ၊ ဘာလို့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေလဲ လို့ ၀င်းမင်းထွေးရဲ့ မိခင်က သီချင်းထဲက မိခင်ကို စိတ်တိုပါတယ်။ ကလေး တယောက်ရဲ့ ဆန္ဒကို မငြင်းပယ်ရက်တဲ့ မိခင်ရဲ့ မေတ္တာလို့ ၀င်းမင်းထွေးက သူ့ရဲ့ စာအုပ်ထဲမှာ ဖော်ကျူးပါတယ်။

ဒီစာအုပ်ထဲက စာပုဒ်တွေကို ကိုးကားပြီး ချစ်နိုင်(စိတ်ပညာ)က သူ့ရဲ့ ဆောင်းပါးမှာ ယဉ်ကျေးမှု မတူရင် ပုံစံတူ လုပ်လို့ မရဘူးလို့ ဆိုလိုက်တာပါ။

ရန်ကုန်မြို့က လူငယ်အယ်ဒီတာ တဦးက ဒီမိုကရေစီ အင်အားစုတွေကို တိုက်ခိုက်ဖို့ လူမျိုးရေးတွေပါ သိမ်းကျုံး ပြောဆိုတာ ဒါ ပထမဦးဆုံး အကြိမ် မဟုတ်ပါလို့ ဆိုပါတယ်။ တေးရေးဆရာ တဦးကတော့ ၀င်းမင်းထွေးရဲ့ မိခင်ဟာ မြန်မာနဲ့ အမေရိကန် မိခင်တွေကို ကိုယ်စားပြု ကောက်ချက်ဆွဲဖို့ လုံလောက်ရဲ့လား။ ဒီ နှစ်ဦးကို ကြည့်ုပြီး လူမျိုး နှစ်မျိုးရဲ့ မိခင်မေတ္တာကို နှိုင်းယှဉ်တာဟာ ကျင့်ဝတ်နဲ့ ညီရဲ့လားလို့ ညည်းညူလိုက်ပါတယ်။

စစ်အစိုးရ ရဲ့ အခြေခံပညာအလယ်တန်းအဆင့် ပရိတ်ပြိုင်ပွဲများ ကျင်းပ

စက်တင်ဘာလအတွင်း သံဃာတေိာများရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ပစ်ခတ်နှိမ်နှင်းလိုက်တဲ့ မြန်မာစစ်အစိုးရက ရန်ကုန်တိုင်းအတွင်းက အခြေခံပညာအလယ်တန်းကျောင်းများကို ပရိတ်ရွတ်ပြိုင်ပွဲ ၀င်ကြဖို့ အမိန့်ပေးလိုက်ပါတယ်။ ဘယ်တော့ ကျင်းပမယ်ဆိုတာ တိတိကျကျ မသိရသေးပေမယ့် ပရိတ်ရွတ် အဖွဲ့ဝင် အလယ်တန်းအဆင့် ကျောင်းသားတွေကတော့ ကျောင်းမှာ ပရိတ်ရွတ် လေ့ကျင့်နေကြရ ပြီ ဖြစ်ပါတယ်။

” သူတို့ပဲ သံဃာတော်တွေကို ပစ်သတ်ပြီး အခု ဘာသာ သာသနာကို သူတို့ အားပေးနေပါတယ်လို့ ပြချင်တာနဲ့ သက်သက်လုပ်တာ။ ကလေးတွေ ကြားက ဒုက္ခရောက်နေတယ် …” လို့ မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းက အလွတ်ပညာကျောင်းဆရာ တဦးက ဆိုပါတယ်။

မိုးမခ ပရိသတ်တဦးကတော့ “ပရိတ်ရွတ် သင့်ပါတယ်။ မင်းဆိုး မင်းညစ်တွေရဲ့ မင်းမဲ့စရိုက်တွေအောက်မှာ ရဟန်းသံဃာတွေပါ အန္တရာယ် ကြီးစွာ ကျရောက်နေချိန်မှာ ကလေးသူငယ်လေးတွေ ပရိတ်ရွတ်နေဖို့က အရေးတကြီး လိုအပ်နေပါတယ်” လို့ ရယ်သွမ်းသွေး သွားပါတယ်။

နိုင်ငံတော် သတင်းစာရှင်းလင်းပွဲနဲ့ စာရိတ် ၅၅,၀၀၀/ – ကျပ်

တနလာင်္နေ့ (ဒီဇင်ဘာ ၃ ရက်) နေပြည်တော်မှာ ကျင်းပမယ့် နိုင်ငံတော် သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ ဂျာနယ်မဂ္ဂဇင်းများကို ပြန်ကြားရေးဝန်ကြီးဌာနက ကျပ် ၅၅,၀၀၀/ – စီ ကောက်ခံလိုက်ပါတယ်။ ၀န်ကြီးဌာနက စီစဉ်ပေးတဲ့ ကား၊ ဟိုတယ်နဲ့ အစားအသောက် စီမံမှု များအတိုင်း သွားရောက်နေထိုင်ရမှာ ဖြစ်ပြီး၊ စာစောင် တခုဆီက အယ်ဒီတာတဦးစီအတွက် ကျပ် ၅ သောင်းခွဲ စီ တောင်းခံတာ များလွန်းတယ်လို့ ရန်ကုန်က စာနယ်ဇင်းသမားတွေက ညီးညူနေကြပါတယ်။

လစဉ်ထုတ် စာစောင်တခု ရဲ့ အယ်ဒီတာတဦးကတော့ ဒီငွေကို သွင်းမှာ မဟုတ်ကြောင်း နဲ့ တက်ရောက်မှာ မဟုတ်ကြောင်း ပြောကြားရင်း ပေးသွင်းသူ စာစောင်များကို အပြစ်တင် ပြောကြားလိုက်ပါတယ်။ ဂျာနယ် မဂ္ဂဇငိး အစောင် ၃၀ ကျော် တက်ရောက်ကြမယ့် ဒီ သတင်းစာ ရှင်းလင်းပွဲ ရဲ့ အမှတ်စဉ်ဟာ ၂/၂၀၀၇ လို့ သိရပြီး၊ ပြောကြားမယ့် အကြောင်းအရာကို အမျိုးမျိုး မှန်းဆ နေကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts