>မပိုႚလိုက္ရတဲ့ သတင္းမဵား – ၄

>

Sample Imageမပို့လိုက်ရတဲ့ သတင်းများ – ၎

(ဘယ်မှာလဲ – ရဟန်းတော်များ၊ တရားခွေများ နဲ့ ကျောင်းသားလူငယ်များ)
မိုးမခ အထောက်တော်များ
နိုဝင်ဘာ ၂၄၊ ၂၀၀၇

နိဒါန်း

သတင်းတွေကို လူတွေက လက်ဆင့်ကမ်းပို့နေကြရတာ။ မပို့လိုက်ရတဲ့ သတင်းများလို့ ပြောနေရတာက အဲဒီသတင်းကို ကျနော်တို့ကိုယ်တိုင် အချိန်မီမပို့ခဲ့ရဘဲ၊ နောင်မှ စုစည်းပြီး တင်ဆက်ရလို့ပါ။ မှတ်တမ်းအဖြစ် ကျန်ရစ်ဖို့ရယ်၊ နောင်ဆက်ပြီး သတင်းကို ဆက်လိုက်နိုင်ဖို့ရယ် လက်တို့ထားတဲ့ သဘောပါ။

ရဟန်းတွေ ဘယ်ပျောက်ကုန်သလဲ

ရဟန်းတွေကို ဘုန်းကြီးကျောင်းတွေက မောင်းထုတ်၊ သီတင်းသုံးနေကျ မြို့ရွာတွေက မောင်းထုတ်၊ ဆရာ တကာတွေ ဆက်လက်ပြီး ပစ္စည်း ၄ ပါး မထောက်နိုင်တော့အောင် စစ်အစိုးရက တားမြစ်ထားတာ တကယ်ပါ။

၆မိုင်ခွဲက ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတွေ မောင်းထုတ်ခံရတော၊ ဘာရည်ရွယ်ချက်နဲ့မှန်း မသိပါဘူး၊ ကျောင်းထိုင်ဆရာတော်က သံဃာတွေကို လူဝတ်လဲခိုင်းကာ ၀ါတွင်းကြီး အိမ်ပြန်လွှတ် လိုက်တယ်။ လူထွက်လာတဲ့ သံဃာများ အိမ်တောင်ပြန်မရောက်ခင် ကားဂိတ်မှာတင် ဖမ်းသွားတဲ့ အဖြစ်ဟာ တော်တော် ရင်နာစရာကောင်းလှတယ်လို့ ဆိုပါတယ်။ စစ်တပ် လက်ပါးစေတွေလက်ထဲမှာ ဓါတ်ပုံတွေရှိတယ်၊ ဓါတ်ပုံတွေနဲ့ တိုက်ပြီး ဖမ်းတယ်လို့ ကြားရပါတယ်။

၉ထပ်ကြီး ရပ်ကွက်က ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ၀င်ဖမ်းဖို့လုပ်တော၊့ တရပ်ကွက်လုံးက ဒုတ်ဆွဲ၊ ဓါးဆွဲနဲ့ စစ်တပ်ကို ၀ိုင်းခဲ့ကြတယ်။ စစ်တပ်က ရှေ့တိုးလို့မရတော့၊ ညမှောင်တော့မှ သိမယ်လို့ ကြိမ်းဝါး သွားခဲ့ပါတယ်။ ညတွင်းချင်း ဆရာ၊ သံဃာ နဲ့ တကာတို့ ပူးပေါင်းပြီး စီစဉ်ကြရမှာ – လူငယ်တွေက ဘုန်းကြီးကျောင်းတွေမှာ လာအိပ်မည်၊ စစ်တပ်က လာလျှင်၊ ကျောင်းတွေက အုန်းမောင်းခေါက်ကြ၊ ရပ်ကွက်ထဲကလည်း ရရာလက်နက်ဆွဲပြီး၊ အမျိုးသမီးတွေပါမကျန် ၀ိုင်းဝန်းပြီး ကာကွယ်စောင့်ရှောက်ကြလို့ ဘေးလွတ်ခဲ့သော်လည်း၊ လစ်လျှင် လစ်သလို ဖမ်းဆီးတာတွေကတော့ ရှိတာပါပဲ။

အဲဒီသတင်းတွေကို ငွေကြာရံကျောင်းကို ကာကွယ်ခဲ့ကြတဲ့ တောင်ဥက္ကလာ ရန်ကင်း နဲ့ မိုးကောင်း ရပ်ကွက်တွေက ကြားကြရတော့၊ ငါတို့ရပ်ကွက်ထဲကို စစ်တပ်ညဖက် ၀င်စီးစဉ်တုန်းက အုန်းမောင်းခေါက်သံတွေ ကြားကြရဲ့နဲ့၊ အငိုက်မိပြီး သွားမကူညီနိုင်ကြတာတွေကို ရင်နာမဆုံးကြဘူးလို့ ပြန်ပြောင်း ပြောကြပါတယ်။ အရင်ဦးဆုံး အတိုက်ခိုက် ခံခဲ့ရတဲ့ ကျောင်းများကတော့ ရုတ်တရက် အဖြစ်ဆိုးကို ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ကြပါဘူး။ နောက်ပိုင်းမှာ သိသိကြီးနဲ့ ဥပက္ခာပြု ကျောခိုင်းရက်တဲ့ ဆရာတွေ၊ တကာတွေကိုတော့ ပြည်သူတွေက ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုနေကြပါတယ်။

ခင်ဗျားတို့ ပြောပြလို့ ပြည်ပက ဆန္ဒပြတဲ့ နိုင်ငံတကာက လူတွေက “Where are the monks?” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားကြတယ်၊ အဲဒီအကြောင်းကို ဟောကြ၊ ပြောကြတယ် လို့ ကြားရပါတယ်။ ကျေးဇူးပါပဲဗျာ။ ကျနော်တို့ ကျေးဇူးတင်တာက ဒီဗီဘီက သတင်းထောက်တွေလည်း ပါပါတယ်။ သူတို့တွေလည်း ကျနော်တို့ မပို့ဖြစ်တဲ့ သတင်းတချို့ကို အချိန်မီ ရေဒီယိုက လွှင့်ပေးနိုင်ခဲ့တာတွေ ရှိလို့လည်း ပြည်သူတွေမှာ ပြင်ဆင်ခွင့်တွေ ရခဲ့တယ်။

Sample Image တရားခွေတွေကော ဘယ်ရောက်ကုန်သလဲ

လှည်းတန်းမှာ ကထိန်ခင်းတော့ ညဘက်မှာ ၁၀မိုင်ကုန်းဆရာတော်ရဲ့ တရားခွေဖွင့်ပါတယ်။ အိမ်ရှင်က တရားခွေကို အသံချဲ့စက်နဲ့ အသံချဲ့ဖွင့်လိုက်တာ၊ ကထိန်တခုလုံးကို စစ်အာဏာပိုင်တွေက သိမ်းပြီး ကထိန်ကို ပိတ်လိုက်တယ်။ ကထိန်တွေ ခင်းလို့မရဘူး၊ လမ်းကြားတွေထဲမှာ လူတွေက ကထိန်မခင်းတော့ဘဲ၊ ဆွမ်းကြီးလောင်းတာကို ဖိလုပ်နေကြရပါတယ်။

တရားခွေတွေလည်း ပြည်ပရေဒီယို နားထောင်ရသလိုမျိုးပဲ၊ မြန်မာပြည်မှာ လူတွေ မကြောက်မရွံ့ လုပ်ရဲတာက စစ်အစိုးရ ခိုင်းတာပဲ ဖြစ်ပါတယ်။ ဘုရားရှိခိုးတာ၊ အလှူအတန်း လုပ်တာ၊ သံဃာတော်တွေကို ပစ္စည်း ၄ ပါး ကပ်တာ၊ တရားနာတာတွေဟာ စစ်အစိုးရ အလိုကျ မဟုတ်တော့ပါ။

ကဲ … အဲဒီတိုင်းပြည်ဟာ ကျနော်တို့ နေချင်တဲ့ မြန်မာပြည်မဟုတ်ပါ။ ကျနော်တို့ နေချင်တဲ့ တိုင်းပြည်ဖြစ်ဖို့က အဲဒီ စစ်အစိုးရ မရှိမှ ဖြစ်မယ်ဆိုတာ ကျနော်တို့ မျက်နှာမွဲတွေက သိနေပါတယ်။ သဘောမပေါက်တာက မြန်မာပြည်နဲ့ ပြည်ပက မျက်နှာကြီးမျိုးတွေ …

မြန်မာပြည်မှာ ခိုးကူးခွေ ပေါ ပါတယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေ အပြင် တရားခွေတွေကလည်း ခိုးကူးခွေတွေ ဖြစ်ကုန်ပါတယ်။ ဂီတတို့ ရုပ်ရှင်တို့က ပြောတယ်။ သူတို့တွေ ငတ်ကုန်တော့မယ်တဲ့။ ငတ်နေပြီတဲ့။ ခိုးကူးခွေ ဖြစ်အောင် ဟောတဲ့ ဆရာတော်တွေကကော။ ငတ်ကုန်ပြီလား။ သေချာတာ တခုကတော့ အဲဒီ ဆရာတော်တွေက စစ်တပ်က စတိတ်ရှိုးတို့၊ ပေါ်လစီ ရုပ်ရှင်တို့ ရိုက်ခိုင်းရင် စင်ပေါ်တက်လာမယ့် ဆရာတော်တွေတော့ မဟုတ်ဘူး။

ယခုလ ခေတ်စားသော တရားခွေများ စာရင်း

၁။ လူမိုက်တို့သွားရာလမ်း၊ သီတဂူဆရာတော၊် မြင်းခြံ၊ အောက်တိုဘာ ၁၃၊ ၂၀၀၇။

၂။ ဧကရာဇ်မင်းကြီး၏ ဇာတ်သိမ်း၊ သီတဂူဆရာတော်၊ မန္တလေး၊ အောက်တိုဘာ ၃၀၊ ၂၀၀၇။

၃။ ဘ၀ နေနည်း ၃ ပါး၊ သီတဂူဆရာတော်၊ စစ်ကိုင်း၊ အောက်တိုဘာ ၂၁၊ ၂၀၀၇။

၎။ လိပ်ကလေးလိုနေပါ၊ သီတဂူဆရာတော်၊ စစ်ကိုင်း၊ စက်တင်ဘာ၂၀၀၇။

၅။ အမည်မသိသေး၊ သီတဂူဆရာတော်၊ ထန်းတပင်၊ နိုဝင်ဘာ ၅၊ ၂၀၀၇။

၆။ လူချွန်လူကောင်း ရွှေတောင်ကုန်းဆရာတော်၊ ဧပြီ၊ ၂၀၀၇။

၇။ အဆုံးဆိုး ရောဂါ ကုစားပါ၊ ဒေါက်တာ ကောဝိဒ၊ နိုဝင်ဘာ ၄၊ ၂၀၀၇။

၈၈ မျိုးဆက် နဲ့ မျိုးဆက်သစ် ကျောင်းသား လူငယ်တွေ ဘယ်မှာလဲ

ထောင်ထဲမှာပါ။ ပြေးလွှား ရှောင်တိမ်းနေဆဲ ပါပဲ။ အစကတော့ ပြည်သူတွေက ထောင်ထဲ အတူတူ သွားကြတယ်။ အတူတူ ပြေးလွှား ရှောင်တိမ်းကြတယ်။ အတူတူ ကူညီကြတယ်။ အခုတော့ တချို့လည်း မောကြရှာတယ်နဲ့ တူရဲ့။ ပြေးရင်း လွှားရင်း ထောင်တွေ တန်းတွေ ပြောင်းရင်း မျက်ခြေပြတ်ကုန်ကြတယ်နဲ့ တူရဲ့။ အခု မေးလိုက်ရင် ကုလသမဂ္ဂ ကိုယ်စားလှယ် ဂန်ဘာရီ နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ပီညဲရိုး တို့ဆီပဲ လက်ညိုးထိုးပြ ကြတော့တယ်။ သူတို့ကို မေးကြည့်ပါလား တဲ့။ သူတို့က ပိုသိတယ် ဆိုပဲ။ အခု ဒီမှာ အဲဒီလူကြီးမင်းတွေကို မမေးဘဲနဲ့ သိရသလောက်လေး မှတ်သားထားပါတယ်။ ဒီလိုပါ။

နိုဝင်ဘာ ၂၀၊ ၂၀၀၇ – အင်္ဂါနေ့ ၊ ဌေးကြွယ်၊ဂျင်မီ နဲ့ ပန္နိတ်ထွန်း မိသားစုနှင့်တွေ့

နိုဝင်ဘာ ၂၁၊ ၂၀၀၇ – ဗုဒ္ဓဟူးနေ့၊ မင်းကိုနိုင်နဲ့ မိသားစုတွေ့

ဂျင်မီက ၆လ သမီးလေးနဲ့ တွေ့ခွင့်ရခဲ့သည်ဟုဆိုပါသည်။ မမီးမီး၏ ကျန်းမာရေးမှာ အခြေအနေ သိပ်မကောင်းပါ။ ကိုဌေးကြွယ့် မိခင်မှာလည်း ကျန်းမာရေးစိုးရိမ်နေရပါသည်။

နိဂုံး

စာသင်သား ရဟန်းတွေကို စစ်အစိုးရစစ်တဲ့ ဘာသာရေးစာမေးပွဲတွေကို ၀င်မဖြေကြဖို့ သံဃာတပ်ပေါင်းစုက တောင်းဆိုပါတယ်။ ပြည်ပက သာသနာ့မောဠိကလည်း သဘောချင်းမျှပါတယ်။ သို့ဆိုလျှင် – စာချဆရာတော်များက စာသင်သားရဟန်းတွေကို ဘယ် စာမေးပွဲတွေအတွက် ဆက်လက် ပြင်ဆင်ပေးကြမည်လဲ ဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာ ဖြစ်လာပါတယ် တဲ့။ ကျနော်တို့ ဆရာ၊ တကာတွေ သံဃာတော်တွေနဲ့ ၀ိုင်းဝန်း ဆောင်ရွက်ကြရမှာပေါ့နော်။ ဒါမှလည်း ဘယ်မှာလဲ မြန်မာပြည်ကြီးလို့ မေးလာရင်၊ ဘယ်မှာလဲ သာသနာ့တော်ကြီးလို့ မေးလာရင် – ဖြေစရာ ရှိမှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts