>မိုးမခ ၀င်း – လိပ်ကလေးလိုနေမယ့်သူ

>

Sample Image
လိပ်ကလေးလိုနေမယ့်သူ

မိုးမခ ၀င်း

နိုဝင်ဘာ ၂၃၊ ၂၀၀၇

အရှင်ဥာဏိဿရ ၏ စစ်ကိုင်းတောင်ရိုးတွင် ၁၃၆၉ တော်သလင်းလဆန်း ၆ ရက် က ဟောကြားခဲ့သော ”လိပ်ကလေးလိုနေပါ” ဟူသော တရားတော်ကို နာယူပြီးနောက်မှာ ဖြစ်ပေါ်လာခဲ့သော ခံစားချက်လို့ပဲ ဆိုမလား။ သို့သော်နားဆင်ကြည့်လေ၊ နက်နဲလေ ဖြစ်ရပါသည်ဟု ဆိုပါမည်။

ဗုဒ္ဓမြတ်စွာဘုရား တရားဒေသနာများ ဟောကြားတော်မူခဲ့စဉ်အခါက အရှင်ဘုရား၏ တရားတော်များ သည် ခက်ခဲလွန်းလှပါသည်။ သို့ဖြစ်ပါ၍ လူပရိသတ်အများ နားလည်စေဖို့ ဟုဆိုကာ ”အထကထာ” အဓိပ္ပါယ်ဖွဲ့ ဆိုခဲ့ကြရပြီး၊ ထို အဓိပ္ပါယ်ဖွင့်ထားသော တရားပင်လျှင် ခက်ပါသေးသည်ဆိုကာ ထပ်မံ၍ “ဋီကာ” အဓိပ္ပါယ် ဖွင့်ခဲ့ကြ ရပြန်လေသည်ဟု လေ့လာခဲ့ဖူးသည်။

ယခုလည်း အရှင်သဲကုန်းဆရာတော်၏ တရားသည် ဤသို့ ဖြစ်နေတော့မည်။ ဆရာတော်ဟောကြား တော်မူလိုက်သော တရားတော်က ခက်ခဲ နက်နဲလိုက်တာ ဘုရား။ သာမန် တရားနာပရိသတ်ကြီးက ဆရာတော်ဆိုလိုသော အဓိပ္ပါယ်ကို မြင်တွေ့ကြပါမည်လားဟု စိုးရိမ်စိတ်တွေဖြစ်ကာ ဤဆောင်းပါးကို ရေးလိုက်ရပါသည်။

လိပ်ကလေးလို နေပါတဲ့။

ဆရာတော်ကြီးက မိန့်လိုက်ခြင်းပါ။

ဆရာတော်ကြီးက လမ်းပြလိုက်ခြင်းပါ။

တကယ် လိုက်နာဖို့ ဖြစ်ပါသည်။

မြန်မာပြည်တွင်းက လူများ တကယ် လိုက်နာရမည့်လမ်းကို ချပြလိုက်ခြင်းဖြစ်ပါသည်။ မြန်မာပြည်သူ ပြည်သားများ အားလုံး၊ အားလုံးအတွက် ဖြစ်ပါသည်။ အားလုံး ဟု ဆိုသောကြောင့် အားလုံး လိုက်နာနိုင်ဖို့ လိုအပ်ပါသည်။ အားလုံးလိုက်နာနိုင်ဖို့ ဖြစ်သောကြောင့် မည်သူမဆို အလွယ်တကူ လိုက်နာနိုင်ရပါမည်။ အားလုံးသည် အလွယ်တကူလည်း လက်ခံနိုင်ရမည်။ ထို့ပြင် အရေးအကြီးဆုံး အချက်က အားလုံးသည် အန္တရယ်ကင်းစွာဖြင့် လက်ခံကျင့်သုံးနိုင်ခြင်း ဖြစ် ရမည် ဆိုသော အချက်ဖြစ်သည်။

အားလုံးထဲတွင် လူတိုင်း ပါဝင်သည်။ အိမ်ထဲမှာ နေသူရော၊ အိမ်ပြင်ထွက် အလုပ်လုပ်နေရသူ ရော၊ ရုံးသမားတွေရော၊ ကျောင်းတက်နေသူတွေရော၊ တက္ကသိုလ်တက်နေသူတွေရော၊ ဈေးရောင်းနေသူတွေ စသည် စသည်ဖြင့် ပါဝင်ပါသည်။(ကိုယ့်ဘာသာကိုယ် စဉ်းစားတော်မူကြပါကုန်)

ဤသို့ လိုက်နာခြင်းဖြင့် ရသောအကျိုးက ဘာလဲဆိုတော့ ကိုယ် အန္တရယ် ကင်းမည်၊ ကိုယ်လည်း အလွယ်တကူ ကျင့်သုံးနိုင်မည်၊ အဲဒီလိုလုပ်သည့်အတွက် ကိုယ့်ကို မည်သူမျှ လာပြီး အပြစ်ပြုလို့မရ။

အဲဒီလိုမလိုက်နာလျှင် ဘာတွေဖြစ်နိုင်ပါသလဲ….

ရန်သူ့ အကြိုက်တောင် ဖြစ်သွားနိုင်သည်၊

ရန်သူ လျှောက်စေချင်သော လမ်းကို လျှောက်မိရက်သား ဖြစ်သွားဦးမည်၊

ကိုယ့်ဘက်က အထွက်ကို စောင့်နေသော ရန်သူ့ပါးစပ်ထဲ အသင့် ၀င်မိသွားပေမည်။

ရန်သူကတော့ လိပ်ကလေး မထွက် ထွက်အောင် နည်းမျိုးစုံအောင် သုံးလိမ့်မည်..

ပွဲလမ်း သဘင်သံတွေ၊ မျိုးစုံသော ဆွယ်နည်းတွေ သုံးလိမ့်မည်၊

ကိုယ်က နားယောင်ကာ လိုက်ပါ သွားမိတော့မှ သူတို့ကို ထောက်ခံမိရက်သား ဖြစ်သွားမည်။

တွေ့လား…ဒီမှာ ပျော်ပွဲရွင်ပွဲတွေမှာ လူတွေအပြည့် …

ကျင်းပသော ပွဲလမ်းသဘင်တွေမှာ ကြည့်နေကြသူတွေ အပြည့်

တိုင်းပြည်ကြီးက သာယာဝပြော ပုံမှန် အခြေအနေ …

အဲဒါ ရန်သူ့ဘက်က တွက်ချက်ပြီးသား စကားလုံးတွေ။

အဲဒါပါပဲ၊ ရန်သူဘက်က ဖြစ်စေချင်နေတာ။

ဒါကို သိသည့်အတွက် မြန်မာပြည်တွင်းက ပြည်သူပြည်သားတွေ ပညာတက်မှာကို ကြောက်သည်။ သတိနှင့်ယှဉ်ကာ သူတို့ကို ဆန့်ကျင်ကြမှာကို သူတို့ သေမလောက် ကြောက်သည်။ ရန်သူကလည်းမြန်မာပြည်သူများ၏ပျော့ကွက်ကိုကောင်းကောင်းကြီးသိသည်၊

ဘယ်လိုနည်းသုံးပြီး ထွက်ခိုင်းရမလဲ ဆိုတာ သိပြီးသား။

ဒီတော့ ဆရာတော့်တရားကို နားလည်အောင် ကြိုးစားကြည့်ကြပါစို့။

နောက်ဆုံးတစ်ချက်က ဤနည်းသည် အလွန်ထိရောက်သော နည်းဖြစ်သည်။

ဤနည်းကို ပြည်တွင်းက မြန်မာများ ၁၀၀ ရာခိုင်နှူံးသာ လိုက်နာမည်ဆိုပါလျှင် ပန်းတိုင် ရောက်ဖို့ မဝေးတော့ပါဟု ရဲရဲကြီး အာမခံလိုက်ပါရစေ။

စေ့စေ့တွေးလေ နက်နဲလွန်းသည့် တရားမို့ ကြိုးစားပြီး ရှင်းပြလိုက်ရပါသည်။

မြန်မာပြည်သူပြည်သားများအတွက်လမ်းပြမည့်သူလိုအပ်နေသည့်အချိန်အခါတွင်ဆရာတော်က တရားဖြင့် လမ်းပြပေး လိုက်ပါပြီ။ လိပ်ကလေးလိုနေပါ တဲ့။ လိပ်ကလေးက ဘယ်လိုနေပါသလဲ။

အလွန်ယုတ်မာသော မြေခွေး၏ရန်ကို လိပ်ကလေးက ဘယ်လိုနေပြီး ဘေးအန္တရယ်မှ လွတ်အောင် နေခဲ့ပါသလဲ။

ဘုန်းဘုန်း ဟောကြားတော်မူသော စကားလုံးများကို အောက်ပါအတိုင့်း ဖော်ပြသွားမည်။

လိပ်ကလေးလို နေပါ တဲ့။ ယခု ဆရာတော့်တရားကို နာလိုက်ကြရအောင်လား။

Sample Image ”ဦးခေါင်း၊ လက်နှစ်ဘက်၊ ခြေနှစ်ဘက် အင်္ဂါ ၅ ခုကို အခွံထဲထည့်၊ ဒီ တရားဒေသနာတော်နဲ့ ဟပ်မိအောင် တစ်ခု ထပ်ထည့်မှ ဖြစ်မယ်။ လူတစ်ကိုယ်လုံးမှာ အစွန်းထွက်တာ ၆ ခုရှိတယ်။ မျက်လုံးက ထွက်တယ်၊ နားက ထွက်တယ်၊ အမြီး ရော၊ ခေါင်းရော၊ ခြေထောက်ရော၊ အခွံထဲမှာ ထည့်တော့ ၆ ခု မဟုတ်လား။ အခွံကြီး နှစ်ချပ်ကို ကျပ်နေအောင် ပိတ်ပြီးတော့မှ တိတ်တိတ် ဆိတ်ဆိတ် မလှူပ်တော့ဘူး။ သူ့ရဲ့ အမြီးတွေ၊ ခေါင်းတေ၊ွ လက်တွေကို အခွံထဲထည့် သိမ်းထားလိုက်ပြီ။

တိတ်တိတ်ဆိတ်ဆိတ် တညလုံး မအိပ်ပဲနဲ့ အိပ်ပျော်၍ နေတယ်လို့တော့ ဘာသာမပြန်ချင်ဘူး။ အိပ်ချင်ယောင်ဆောင်၍နေခဲ့တယ်။ အမြီးရော၊ ခေါင်းရော၊ ခြေရော၊ လက်ရော အခွံထဲမှာထည့်ပြီး တော့ အခွံကြီး နှစ်ချပ်ကို ကျပ်နေအောင်ပိတ်ပြီးတော့နေတာ။ တိတ်တိတ် ဆိတ်ဆိတ် မလှူပ်တော့ဘူး။ သူ့ရဲ့ အမြီးရော ခေါင်းရော ခြေရော လက်ရောကိုအခွံထဲထည့်ပြီးသိမ်းထားလိုက်ပြီ။ တိတ်တိတ် ဆိတ်ဆိတ် တညလုံး အစာမစားဘဲနဲ့ အိပ်ချင်ယောင်ဆောင်၍ နေခဲ့တယ်။

ဟိုမှာ မြေခွေးက ချောင်းနေတာ၊ အိပ်မောကျလို့ ဖြစ်ပါ့မလား။ အေး … တကယ်တော့ ဒီလိပ်ဟာ မအိပ်ဖူး။ ဟာ … ဒီကောင် ငါ့ ဖမ်းတော့မှာပဲ၊ စားတော့မှာပဲ ဆိုပြီး၊ အကုန်လုံး ကျစ်ကျစ်ပါအောင် အခွံထဲထည့်ပြီး၊ သိမ်းဆည်းပြီး တော့မှ၊ တိတ်တိတ် ဆိတ်ဆိတ် နေတယ်။ ကြောင့်ကြောင့်ကြကြ လှူပ်လှူပ်ရွရွ ဘာမှ မလုပ်ပဲ နေတယ်။

အစာအတွက် ကြောင့်ကြသေးလား။ ဒီတည ဘာမှမစားရလည်း နေပါစေတော၊ ဒီတည ငါတော့ မအိပ်ရလည်း နေပါစေတော့။ သူ့ရဲ့ အမြီးရော၊ ခေါင်းရော၊ ခြေရော၊ လက်ရောကို အခွံထဲထည့်ပြီး သိမ်းထားလိုက်ပြီ ဖြစ်လို့၊ မြေခွေးရဲ့ အစားခံရမည့် ဘေးကော ရှိသေးလား။ မြေခွေးလည်း ကြောက်စရာ မလိုတော့ဘူး။ အဲဒီလို ကြောင့်ကြခြင်းမဲ့၊ စိုးရိမ်ခြင်းကင်းမဲ့၊ ပြီးတော့ လှူပ်လှူပ်ရွရွ ဘာမှ မလုပ်ပဲ လိပ်ကလေးက နေရောတဲ့။

အိပ်သွားပြီလို့ မဟုတ်ဘူး၊ ငြိမ်ငြိမ်လေး တိတ်တိတ်ကလေး နေတာ။ ဒါပေမယ့် သူ့မှာ နား တော့ ရှိမှာပေါ့။ နား ရှိတဲ့ အတွက်ကြောင့် မြေခွေး ဘာလုပ်နေတယ် ဆိုတဲ့အသံကိုတော့ နားထောင်နေမယ်လို့ ဘုန်းကြီးထင်ပါတယ်။ ခေါင်း ထည့်လိုက်တဲ့ အတွက်ကြောင့် မျက်လုံး ကတော့ ကြည့်လို့ မရဘူး။ အခွံနှစ်ခုကြားက နားလေးကတော့ စွင့်နေလိမ့်မယ်လို့ ထင်တယ်။

မြေခွေးကလည်း အခွံမာကြီးကို မြင်တဲ့အခါမှာ၊ မြေခွေးက ကြိမ်းမောင်းတယ် ”ဟာ … အစာ တွေ့ပြီ၊ ဒါ ငါ့အစာပဲ။” ပြီးတော့ လိပ်အနားကို မြေခွေးက ချဉ်းကပ်လာတယ်။ အနားရောက်တော့ မြေခွေးက ”ဘယ်က … စ ကိုက် ရမလဲ” ရှာကြည့်တယ်။ အမြီးက ကိုက်မလို့ ရှာကြည့်တယ်၊ အမြီးထွက်လား၊ ခေါင်း က ကိုက်မလို့ ရှာကြည့်တယ်၊ ခေါင်းထွက်လား၊ ခြေ က ကိုက်ရမလား၊ လက် က ကိုက်ရမလား၊ ရှာကြည့်တယ် … ထွက်သေးလား။ ဘာမှ မထွက်စေနဲ့ ဗျား။ မြေခွေးက ကိုက်ဖို့ အဲဒါ အစ ရှာနေတာ။

အဲဒါပဲ မြစ်ကမ်းနားမှာနော်… မြေခွေး ချောင်းနေတာ၊ နှာခေါင်းနဲ့ ထိုးကြည့် လိမ့်မယ၊် ပက်လက် မှောက်ခုံ လုပ်ကြည့် လိမ့်မယ်၊ မြေခွေးသည် လိပ်ကို သူ့အစာဟု ဆိုပြီးတော့ လိပ်ကို စောင့်ဆိုင်း ချောင်းပြီးတော့ နေခဲ့တယ်။ ထိုအခါ အင်္ဂါ ၅ ခုတို့တွင် မြတ်စွာဘုရားက ၅ ခု ဆိုပြီး ဟောတယ်။ ဘုန်းကြီးက အမြီးလေး ထည့်ထားချင်တာ၊ ခြေ ၂ ဘက၊် လက်၂ဘက် နဲ့ ခေါင်းပေါ့ … နော်။ အဲဒါကို ကြည့်ခြင်းအားဖြင့်၊ အမြီးပါဟန် မတူဘူးလို့ စဉ်းစားစရာပေါ့ နော်။ ဒါပေမယ့် အမြီးလေး တပ် လိုက်စမ်းပါဗျာ။ အမြီး တပ်ရင် ပိုကောင်းတယ်။ တခါ တခါမှာ ရေးတဲ့စာ အမြီးလေး တပ်လိုက်မှ ပိုလှတယ်။

ဒီလိုလေး ပြောကြည့် ရအောင်၊ မာရ်နတ် ချောင်းနေတယ်။ အစွန်း ဘယ်က ထွက်နေလဲ၊ ထွက်ရာကို ကိုက်မယ်၊ စားမယ၊် ၀ါးမယ် ဆိုပြီးတော့ပေါ။ မာရ်နတ်က ချောင်းနေတယ်။ ယုတ်မာစွာသော မာရ်နတ်သည် သင်တို့တတွေ ကိုလည်းပဲ စောင့်နေသည်၊ ချောင်းနေသည် ဖြစ်တယ်။ ထို့ကြောင့် … အို … ချစ်သားတို့ ၊ သင်တို့တတွေသည် ဣနြေ္ဒ ၅ ပါးလို့ မပြောနဲ့၊ ၆ ပါး လို့ပြောရအောင်။

ဣနြေ္ဒ ၆ ပါးနှင့်စောင့်ရှောက်ကြကုန်သည်ဖြစ်၍စောင့်ရှောက်နိုင်ကြကုန်လော့။ ဣနြေ္ဒ ၆ ပါးစလုံးကို စောင့်စောင့် ရှောက်ရှောက် နေကြကုန်လော့။ မစောင့်နိုင်ရင် ဘာဖြစ်သလဲ၊ ဟောဟိုမှာ လိပ်ကို ဘာချောင်းသလဲ၊ မြေခွေး ချောင်းသလိုပဲ ရဟန်းတို့ ရဲ့ ၊သာမဏေတွေရဲ့ ဘ၀ကို ဘာချောင်းလဲ၊ မာရ်နတ် ချောင်းတယ်။ ထို့ကြောင့် ဣနြေ္ဒ နှင့် နေ၍ စောင့်ရှောက်ကြကုန်လော့။ မျက်စိ၊ နား၊ နှာ၊ ခန္တာ၊ ကိုယ်၊ စိတ် ခြောက်ပေါက်ကို ဘာနဲ့ ပိတ်သလဲ၊ သတိနဲ့ ပိတ်ပြီးတော့ တိတ်တိတ်ကလေးနေလိုက်ကြ တဲ့။

ဘာချောင်းနေလဲ၊ အဲဒီအကောင်ရှိတယ်။ အဲဒါကြောင့်မထွက်နဲ့။ဣနြေ္ဒ ၆ပါးကို စောင့်ရှောက်၍ နေကြကုန်လော့။ ဣနြေ္ဒ ၆ပါး ကို စောင့်ရှောက်၍ နေနိုင်တဲ့ ထိုရဟန်းကို၊ ထိုသီလရှင်ကို၊ ထိုအမျိုးသားကို၊ ထိုအမျိုးသမီးကို ဘယ်သူ့ဖြစ်ဖြစ်ပေါ့၊ ယုတ်မာလှစွာကုန်သော မာရ်နတ်ရဲ့ သင်းပင်းဖြစ်တဲ့ အကုသိုလ်တရားသည် ဘယ်တော့မှ လိုက်၍ နှိပ်စက်ခြင်း မရှိကြဘူး။ ဣနြေ္ဒ ၆ ပါးကို စောင့်ရှောက်၍ နေကြကုန်လော့ဟု မြတ်စွာရှင်ဘုရားသည် ရဟန်းတော်တို့ကို ဂရုဏာရှေ့ထား မေတ္တာထား၍ မိန့်ကြားတော်မူခဲ့ ပါပေသတည်း။

ရဟန်းတော်တို့ အဲသည်လိုများ စောင့်ရှောက်ပြီးတော့ နေနေကြမယ် ဆိုရင်၊ မြေခွေှးသည် လိပ် မှ ငြီးငွေ့ပြီးတော့၊ စက်ဆုတ်ပြီးတော့မှ၊ စိတ်ဓာတ်ကျဆင်းပြီးတော့မှ၊ လက်လျှော့ပြီးတော့မှ မြေခွေးဟာ ဖယ်ခွာသွားသလို ပဲ၊ ဣနြေ္ဒ ၆ ပါး ကို စောင့်ထိမ်းပြီးတော့နေကြတဲ့ ရဟန်းတော်တွေ၊ ဘုရားသားတော်၊ သမီးတော်တွေကို ယုတ်မာစွာသော မာရ်နတ် ဆိုတဲ့ နောက်ဆုတ်ပြီးတော့မှ ထွက်ခွာသွားလိမ့်မယ်။ ငါ ဘုရားရှင်၏ သာသနာတော်မှာ သင်တို့တတွေသည် လိပ်ကလေးနဲ့တူအောင်ကျင့်ရမယ်။

လိပ်နဲ့ တူအောင် ကျင့်သုံးကြကုန်သည် ဖြစ်၍ နေကြကုန်လော့။ လိပ်နဲ့ တူအောင် နေကြ ဘာမှ မထွက်စေနဲ့။ အကုန်လုံး ကိုယ့်ရဲ့ အခွံထဲ ထည့်ထား။ နော် … ခန္တာကိုယ်ထဲမှာ၊ စိတ်စေတသိတ်၊ ရုပ် အကုန်လုံး သိမ်းဆည်းပြီးတော့ လှောင်ထား။ အဲဒါကိုဘာနဲ့ပိတ်ထားမလဲ၊ သတိနဲ့ ပိတ်ထား။

ဘာ့ကြောင့် ဘုရားက ကြောင့်ကြောင့်ကြကြ၊ ဘာဖြစ်လို့ မှာသလဲ ဆိုတော၊ မြေခွေးက စားမလို့ ၊ ဆွဲမလို့ ချောင်းနေတယ်တဲ့ ဗျာ။ အဲဒါကြောင့်၊ တိတ်တိတ်ဆိတ်ဆိတ်၊ တညလုံးနော်၊ ဘယ်မှ မထွက်ဘဲ နေ နေ ကြလို့၊ ဒီသုတ်က ဒါ ပြောသွားတာ။ လိပ်နဲ့ တူအောင် ဣနြေ္ဒ ၆ ပါး တို့ စောင့်ရှောက်ကြကုန်သည် ဖြစ်၍၊ ၆ ခု သော တံခါးတွေကို သတိ၊ သတိနှင့် ပိတ်ဆို့ပြီးတော့မ၊ှ လိပ်နဲ့ တူအောင် နေကြကုန်လော့ ဟု၊ ဘုရားရှင်သည် ဂရုဏာရှေ့ ရှု၍ ဟောကြားတော်မူခဲ့ ပါပေသတည်း။

ဒီစကား ကြားရတဲ့အတွက်ကြောင်၊့ လိပ်နဲ့ တူတဲ့ တရား၊ လိပ်နဲ့ တူအောင် နေကြဆိုတဲ့ ဒီတရားကို ကြားနာကြရကုန်သော ရဟန်းတို့သည် ဘုရားရှင်ရဲ့ ဒေသနာတော်ကို၊ ကောင်းပါပေစွ၊ ကောင်းပေစွ ဟု ရဟန်းတို့ နှစ်သက် ၀မ်းသာ လက်ခံတော်မူကြလေကုန်သတည်း။ ဒီတရားကို ဘုန်းကြီး အကျယ် မဟောထားဘူး နော်။ အရေးကြီးတာက ဘာလဲ၊ လိပ်လိုနေကြ။ နော်။ ကိုင်းပြီးပြီ နော်။”

ဆရာတော်ကြီး၏ တရားကိုဖော်ပြပြီး၊ ဖတ်ရူပြီးတဲ့နောက်မှာ၊ ဟောသည်အတွက် keyword က ဘာလဲ ဆိုတော၊့ လိပ်ကလေးလို ခြေတွေ၊ လက်တွေ၊ ခေါင်း၊ အမြဲီးတွေ၊ အခွံထဲ သိမ်းထားဖို့သာ ခက်တာပါ။ ထုတ်ဖို့တော့ အင်မတန့်ကို လွယ်ပါတယ် ဆိုတာရယ်။ နောက်ထပ် ရက်တွေ၊ လတွေ၊ အချိန်တွေ တစ်ခုခုကိုများ ကျော်လွန်မြောက်ပြီးသကာလ၊ အကွက်ချောင်း နေသော ရန်သူသည် ကိုယ့်ကို မထွက်ထွက်အောင် နည်းစုံ သုံးနို်င်သေးတယ်၊ ရုတ်တရက် အငိုက်မိ ခံရနိုင်လိမ့်ဦးမည် ဟု ဖြစ်ပါတော့သည်။

မြန်မာပြည်သူ၊ပြည်သား အပေါင်း ဘေးအန္တရယ် အသွယ်သွယ်ကို သတိနှင့် ယှဉ်ကာ တွန်းလှန် သွားနိုင်ကြပါစေသတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts