>အဘယဂီရိ – ဦးကောဝိဒ – အနီရင့်ရင့်ူမစ်တစင်း

>


သာသနာ့ဥသျှောင် ပဓာနစေရ ဆရာတော် ဦးကောဝိဒါဘိဝံသ (သို့) အနီရင့်ရင့်မြစ်တစ်စင်း
အဘယဂီရိ

ကြိုတင်အသိပေးပါရစေ ဆရာတော်ကြီးဟာသုံးဖက်မြင် သရီးဒိုင်မင်းရှင် ပန်းချီကား တစ်ချပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဒါဆိုရင်ကျနော်ရေးမဲ့ ဆရာတော်ကြီးရဲ့ အကြောင်းဟာ တစ်ဖက်မြင် ၀မ်းဒိုင်မင်းရှင်းပဲ ဖြစ်နေပါလိမ့်မယ်။ ကျနော်မြင်တဲ့အတိုင်း ပူဇော်မှာဖြစ်လို့ ခင်ဗျားတို့ အမြင်နဲ့ မတိုက်ဆိုင်ရင် ဆရာတော်ကြီးကို ထိထိရောက်ရောက်မပူဇော်နိုင်ဘူးလို့ ထင်ရင် ဒါတွေ အားလုံးဟာ ကျနော့်ရဲ့ညံ့ဖျင်းမှုသက်သက်ပါ။

ကြာပွတ်ဒဏ်ရာကြောင့်ထွက်လာတဲ့သွေးတွေ ။ ဒီသွေးတွေကိုသုတ်မပစ်ခဲ့ဘူး အဲဒီသွေးတွေဟာ လေသလပ်လို့ ဒီအတိုင်းပဲခြောက်သွေ့ စီးကပ်နေတယ်။ အဲသလို စေးထန်းထန်း ရဲမှည့်မှည့် သွေးစက်တွေကို အပြင်မှာပဲဖြစ်ဖြစ် ရောမစစ်ကားထဲမှာပဲဖြစ်ဖြစ် ခင်ဗျားတို့တွေ့ဖူးမြင်ဖူးကြပါသလား။

ကျနော့်အမြင်ကိုပြောခွင့်ပြုပါ ၊ ဆရာတော်ကြီးဟာ အဲဒီသွေးစက်တွေနဲ့ တူပါတယ်။

အဲဒီသွေးစက်တွေဟာ..

၁။ ရက်စက်လွန်းတဲ့ကြာပွတ်ပိုင်ရှင်အကြောင်း

၂။ ရဲဝံ့လွန်းတဲ့ လက်နက်မဲ့ လူစွမ်းကောင်းအကြောင်းကိုတိုးညှင်းညှင်းနဲ့ ပီပီပြင်ပြင်ကြီး ပြောပြနေပါတယ်။

သဘောတူခွင့်ရှိတယ် ကွဲလွဲခွင့်ရှိတယ်ဒီနေ့ကျနော်မြင်ရတဲ့ ဆရာတော် ဦးကောဝိဒါဘိဝံသဟာ ရောမကားထဲကကြာပွတ်ဒဏ်ရာကြောင့် ထွက်လာတဲ့ သွေးတွေနဲ့ တစ်ပုံစံ ထဲပါပဲ။

ဒါတွေကိုမပြောခင် လူသိမများလှတဲ့ ဆရာတော်ကြီးရဲ့ နုနုငယ်ငယ် သမိုင်းစာမျက်နှာတွေကို လျပ်တစ်ပျက် လှည့်ကြည့်လိုက်ရအောင် ။

“ကိုရင်မ၀တ်ခင် ၁၄ နှစ်သားအထိအတန်းကျောင်းမှာနေတယ်ကွာ ၊ (၇)တန်း အောင်တယ်ကွာ ၊ အဲဒီအချိန်မှာဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး ကျောင်းတွေ ပိတ်လိုက်ရတော့ မပိတ်တဲ့ ဘုန်းကြီးကျောင်းကိုသွား ၊ ကိုရင်ဝတ်ပြီးလောကုတ္တရာစာပေ ဆက်သင်တယ်ကွာ ။ အသက်(၂၀) ရဟန်း ဖြစ်တယ်ကွာ ၊ ရဟန်း(၉)၀ါရတော့ အစိုးရဓမ္မာစရိယ၊ စေတိယင်္ဂနဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယတွေအောင်ပြီး မစိုးရိမ်ကျောင်းတိုက်ကြီးထဲမှာပဲ ကျောင်းထိုင်ဘုန်းကြီးလုပ်ပြီး စာပြန်ချပေးခဲ့တယ်ကွာ။ ရဟန်း ( ၁၀ ) ၀ါမှာအလှည့်ကျ မစိုးရိမ်ပဓာနနာယက ပူးတွဲလုပ်ခဲ့ရတယ်ကွာ၊ တိပိဋကပါဠိမြန်မာ အဘိဓါန် ကျမ်းပြုအဖွဲ့ဝင်ကွာ ။ ငါပြုတဲ့ကျမ်းတွေလား မစိုးရိမ်ပါရာဓိကဏ်အဖြေကျမ်း သုံးတွဲကွာ၊ မစိုးရိမ်သိလက္ခန်၊ အဌသာလိနီအဖြေကျမ်းတွေကွာ။ …”

” ကဲမင်းဘာသိချင်သေးတုံး ”

“၁၉၉၀ ခုသံဃာတော်တွေ သပိတ်မှောက်မှု(ပတ္တနိကုဇ္ဇနကံဆောင်) မှာ ညွှန်ကြားခဲ့တယ်ဆိုပြီး စစ်အစိုးရကငါ့ကိုထောင် (၃) နှစ်ချတယ်ကွာ။ ထောင်ကလွတ် အခု အမေရိကကို ရောက်နေတယ်ကွာ။ မသေမချင်းနိုင်ငံနဲ့လူမျိုးလွတ်လပ်ရေးအတွက် လုပ်သွားမယ်ဒါပဲကွာ။”

ဒီစကားတွေဟာဆရာတော်ကြီးရဲ့ပါးစပ်ကထွက်လာတဲ့ ရိုးရိုးရှင်းရှင်းအရှင့် အကြောင်းပါ။

တစ်ထပ်တည်း မကျရင်တောင် ဒီအဓိပ္ပါယ်ပါပဲ။ ရိုးရိုးလေးမေးပါရစေ ဆရာတော်ကြီးရဲ့ ဘ၀မှာစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါသလား။ ဘာမှမပါပါဘူး ၊ လူတွေ စိတ်ဝင်စားစရာ သိပ်မရှိလှပါဘူး။

ဒါပေမဲ့…. မစိုးရိမ်ပါရာဇိကဏ် အဖြေကျမ်း ဆိုတာနဲ့တင် အရှင်ဟာ သာသနာ့တောင်ထိပ်ပေါ်က ဘုရားသားတော်တစ်ပါးဆိုတာ သံဃာတိုင်း (ပညာတက် သံဃာတွေကို ဆိုလိုပါတယ်) ကြောက်ရွံ့ အသိအမှတ်ပြုနေကြရပါပြီ ။ ဓမ္မာစရိယ အောင်မြင်တဲ့ရဟန်းတိုင်း ၊ ပါရာဇိကဏ်ပို့ချတဲ့စာချဆရာတော်တိုင်း ဒီကျမ်းနဲ့ ကင်းလို့မရပါဘူး။

ခင်ဗျားတို့သိတဲ့ စကားနဲ့ပြောရရင် ” ဗိုလ်ချူပ် ” ဆိုတဲ့ ဂုဏ်ထူး ၀ိသေသနအောက်မှာ ” အောင်ဆန်း ” ဆိုတဲ့ လူငယ်တစ်ယောက်သာ ထိုက်တန်သလို ၊ ” ဗိုလ်ချူပ် ” ဆိုလိုက်တာနဲ့ မေးရိုးကားကား ၊ စူးရှထက်မြက်တဲ့မျက်ဝန်းတစ်စုံ၊ ပိရိသေသပ်တဲ့နုတ်ခမ်းတစ်စုံ နဲ့ လူငယ်တစ်ယောက်ကို ပြေးမြင်မိသလိုမျိုးပါပဲ။

” ပါရာဇိကဏ် ” ဆိုလိုက်တာနဲ့ ဘာမှဝိသေသနမလိုဘဲ ဆရာတော် ဦးကောဝိဒါဘိဝံသရဲ့ ” မစိုးရိမ်ပါရာဇိကဏ် “ဆိုတာကြီးကို စာသင်သားတိုင်း ပြေးမြင်ကြပါတယ် ။ ဒါဟာ ဆရာတော်ရဲ့ လှပသေသပ်တဲ့ Intellectual မှတ်တိုင်ကြီးပါပဲ။

ဒီအရှင်ဟာ သံဃာအတုတဲ့လား။ ထပ်စဉ်းစားကြပါဦး။ ဒါဆိုသံဃာအစစ်က ဘယ်မှာလဲ။ သိန်းပေါင်းသောင်းချီချမ်းသာတဲ့ ပဲခူးက ဆရာတော်တစ်ပါးလား ။ ပြောကြပါဦး ဖြေကြပါဦး။

ဗိုလ်ချူပ်အောင်ဆန်းဟာ ဗိုလ်ချူပ်အတုလား ။ ဒါဆိုဗိုလ်ချူပ်အစစ်ကဘယ်မှာလဲ၊ ခရစ်စမတ်သစ်ပင် မမရဲ့ အဖေလား ၊ ဒါဆို ခါးသီးစွာ ငြင်းဆန်ပါရစေ။

ဗိုလ်ချူပ်အောင်ဆန်းဟာ ဘယ်တော့မှ ဗိုလ်ချူပ်အတုမဟုတ်သလို၊ မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ ဟာလည်းဘယ်တော့မှ သံဃာအတု မဖြစ်နိုင်ပါဘူး။

ပါးစပ်တစ်ပေါက်က သမိုင်းကိုပြောင်းနိုင်ရင် ကျနော်တို့ သမိုင်းစာအုပ်တွေကို မီးရှို့လိုက်ကြပါစို့။

ဆရာတော်ကို သာမန်လူပုဂ္ဂိုလ်တွေ အသိနည်းတာကို နားလည်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် ဆရာတော်ဟာ ကျော်ကြားအောင် ကို့ယို့ကားယား ၀ိနည်းနဲ့ မလွတ်မကင်း ဘာမှမလုပ်ခဲ့လို့ပါပဲ။ သမိုင်းကလည်းပြောပါတယ် သံဃာတွေအထင်ကြီးအလေးစားဆုံး ဆရာတော်တွေဟာ လူတွေကြားမှာလူသိနည်းလှပါတယ်။

ဒါပေမဲ့……. အစိုးရဓမ္မာစရိယ၊ စေတိယင်္ဂနဓမ္မာစရိယ ၊ အထူးသဖြင့် သကျသီဟဓမ္မာစရိယ ဆိုတာကို ကြည့်ပြီး ဒီအရှင်ဟာ အာဇာနည်စစ်စစ်ကြီး ဆိုတာ သဘောပေါက်ပေးကြပါ။ သကျသီဟဆိုတာ တစ်ရာခိုင်နှုန်းမပြည့်တဲ့ သံဃာအရေအတွက်သာ အောင်မြင်ခဲ့ကြပါတယ်။( စစ်အစိုးရခေတ်မှာ ပြောင်းသွားရင်တော့ ကျနော် တာဝန်မယူနိုင်ပါ )။

အရှင်မြတ်သီတင်းသုံးခဲ့တဲ့ နေရာက” မစိုးရိမ် ” ပါဠိလိုပြောတော့ ” အသောက ” ဗိုလ်ဆန်ဆန်ပြောရရင် ” No Worry ” , ” Worry Free Zone “။

အမှန်တရားအတွက် ထောင်ထဲမှာ စာသွားချရတဲ့ ဆရာတော်တွေ သီတင်းသုံးရာ( သို့ ) သမိုင်းက အသိအမှတ်ပြုထားရတဲ့ သာသနာ့ အာဇာနည်တွေ မွေးထုတ်ပေးရာ ရပ်ဝန်းကြီးတစ်ခု၊ ” စာ ” ကိုရှေ့တန်းတင်ပြီး စာရရင်ဘောလုံးပွဲ ကြည့်ခွင့် ( ကြည့်ချင်ရင်ပေါ့ ) ရှိတယ်။

စာမရရင်တော့ သီပေါမင်းလည်း မြေပေါက်ရပါလိမ့်မယ်။ လက်ဖ၀ါးကို ဖြန့်ကြည့်ရုံနဲ့ ဒီဦးဇင်း ၊ ဒီကိုရင် စာတော်မတော်သိနိုင်တဲ့ တစ်ခုတည်းသောစာသင်တိုက်ပါပဲ။ စာတက်ချင်တဲ့ ကိုရင်၊ ဦးဇင်းတိုင်း နောက်ခံ Background မရှိပဲဝင်နေထိုင်ခွင့်ရတဲ့ ကျောင်းတိုက်ကြီးပေါ့ ။ ( တစ်ချို့ကျောင်းတွေက သူဌေး၊ လူကြီး ပဉ္စင်းခံတဲ့ရဟန်းတွေကိုမှ လက်ခံတက်လို့ ဒီဝါကျကိုထည့်ပြောရတာပါ)။

ဒီအရှင်ဟာမစိုးရိမ်ရဲ့ အထင်ကရသားကြီးတစ်ပါးပါပဲ။ မဟုတ်မခံစိတ်ဓါတ်တွေကြောင့် လည်း မစိုးရိမ်ရဲ့ဆရာတော်တွေဟာ ဒီလိုရက်စက်ယုတ်မာ ကိုယ့်အာဏာကိုပဲ ကာကွယ်တတ်တဲ့ အစိုးရလက်ထက်မှာ ကောဇောနီ လမ်းမကြီးတွေပေါ်မှာ လျှောက်ခဲ့ရတာတော့မဟုတ်ပါဘူး။

ဆရာတော်တွေမှရယ်လည်းမဟုတ်ပါဘူး အစဉ်အဆက်ချမှတ်လာတဲ့ အဲဒီမူဝါဒက စာသင်သားသံဃာတော်တွေဆီမှာလည်း ရှိနေတတ်ပါတယ်။ တိုင်းမှုး ဦးထွန်းကြည်လက်ထက်က သံဃာတွေမှောက်ထားတဲ့သပိတ်ကိုလှန်ဖို့ နန်းတွင်းထဲပင့်တော့ ဆရာတော်ဦးရာဇ ကလိုက်သွားခဲ့တယ်။

ဒါကို မကျေနပ်တဲ့ သံဃာတစ်ပါးက ” ပရိတ်အငှားးရွတ်လိုက်သည် ” ဆိုတဲ့စာသားလေးနဲ့ ဆီပုံးကြီးဆွဲ ၊ ဆန်အိတ်ကြီးထမ်းထားတဲ့ ဆရာတော် ဦးရာဇရဲ့ပုံကို ဆွဲပြီး ကျောင်းတိုက်ပေါက်မှာကပ်ထားလိုက်ပါသတဲ့ ။

ကဲဘာပြောချင်ပါသေးသလဲ၊ မစိုးရိမ်ဟာဒီမိုကရေစီထွန်းကားတဲ့ရပ်ဝန်းတစ်ခုလို့တော့ အထင်ကရပြောထားခဲ့ချင်ပါတယ်။

ဒီသပိတ်မှောက်မှုကြီးနဲ့ဆက်နွယ်ပြီး ထောင်ချခံရတဲ့စာရင်းထဲမှာ ဒီအရှင်မြတ် ဦးကောဝိဒါဘိဝံသပါလာတယ်။ ဒီသတင်းဟာတစ်နိုင်ငံလုံးရှိ ပညာတက် ရဟန်းတွေနဲ့ အထူးသဖြင့် မန္တလေးလေးပြင်လေးရပ်က ရဟန်းတွေအတွက် ငှက်ဆိုးထိုးသံကြီးလို ခြောက်ကွဲရှလွန်းလှပါတယ်။

ဒီအရှင်မြတ်ဟာ” စာမှစာ ” ဆိုတဲ့အရှင်ပါပဲ။ ပါးစပ်ထဲတင် နိုင်ငံတော်ဖွဲ့စည်းပုံ ဥပဒေထည့်ထားတဲ့ စစ်အစိုးရလက်ထက်မှာ အရှင်မြတ်ရဲ့ ရိုးသားမှု ဂုဏ်တွေဟာ ထောင်တံခါးကို အဆက်မပြတ်ခေါက်နေပါတော့တယ်။

ဒီလိုနဲ့ပဲ စာချဖြစ်တဲ့အရှင်မြတ်နဲ့အတူ စာလိုက်ဖြစ်တဲ့ နောက်ပါရဟန်းတစ်ချို့ ထောင်ထဲမှာ သုံးဝါကပ်လိုက်ရပါတော့တယ်။ အဲဝတ်ဖြူစင်ကြယ်တွေ ၀တ်လို့ပေါ့လေ။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာဟာ ကိုယ်ပေါ်မှာတင်ထားတဲ့ အ၀တ်မဟုတ်လေတော့ ဆရာတော်ရဲ့ သိက္ခာတွေကို ပိတ်စ အဖြူတွေက ဆွဲဖြုတ်ဖုံးအုပ်မပစ်နိုင်ခဲ့ပါဘူး။

ထောင်ထဲမှာချသွင်းခံထားရပေမဲ့ ဒီအရှင်တွေရဲ့သာသနာ့တာဝန်ဟာ ပက်ပက်စက်စက်ကြီး ကျေပြွန်တော်မူခဲ့ကြတယ်။ မစိုးရိမ်ထဲမှာမဟုတ်လဲစာချ ၊ စာသင်လို့ရတာပဲ၊ စိတ်ဓာတ်သာပဓာန ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ထောင်ထဲမှာတောင်စာသင် စာချလုပ်ခဲ့ကြသတဲ့။

ဒီမြင်ကွင်းတွေဟာကျောကိုထောက်ထားတဲ့ ( မောင်းခလုပ်ကို တစ်ဝက်အထိနှိပ်ပြီးသား) သေနတ်တွေကြောင့် မလုပ်ချင်ဘဲ လုပ်နေရတဲ့ ထောင်အာဏာပိုင် အချို့အတွက်တော့ မျက်ရည်တစ်စက်စက်၊ အံတကြိတ်ကြိတ် မြင်ကွင်းတွေဖြစ်ခဲ့တာပေါ့။

ဒါတွေကိုကြည့်ရင် ဒီအရှင်မြတ်ကို ဘာကြောင့် သံဃာတွေက ကြောက်ရွံ့ ရိုသေနေကြရသလဲဆိုတာသိကြရတော့မှာပါ။

ဒီနေ့ ဒီအရှင်ဟာ အမှန်တစ်ကယ် စိုးရိမ်ကြောက်ရွံ့မှုကင်းတဲ့ ” အမေရိက ” ဆိုတဲ့ရပ်ဝန်းကို ရောက်နေပါပြီ ။အမေရိကဟာ ” မစိုးရိမ် ” ” အသောက ” ” No Worry ” ဒီမိုကရေစီပွင့်ဖူးတဲ့ဥယျာဉ်တစ်ခုပါ။

ဒီအရှင်ရဲ့ စေးထန်းထန်းသွေးစက်ရဲရဲတွေကို ခင်ဗျားတို့တွေ့ခဲ့ရ ကြားခဲ့ရပြီးပါပြီ။ ဒီအရှင်ဟာ လူသတ်လက်နက်ရဲ့ပြောင်းဝကို ရင်ဘတ်တစ်ခုလုံး ဖွင့်ပြီးစစ်ကြေငြာခဲ့ပါပြီ။ ပြောင်းဝအောက်မှာ အစိမ်းငွေစက္ကူတွေအောက်မှာ အရောင်ပြောင်းသွားတဲ့ ဆရာတော်တွေ ရှိနေချိန်မှာ ဒီအရှင်ဟာ ပြောင်းဝကို ပြေးဖက်နမ်းလိုက်ပြီး အစိမ်းရောင်ငွေစက္ကူတွေကို ခြေစုံကန်ခဲ့ပြီ။ သေနတ်ပြောင်းနဲ့ အစိမ်းရောင်ငွေစက္ကူကို အမှန်တရားနဲ့ မလဲယူသူဟာ ဘုရားရှင်လက်ခုပ်တီးမဲ့ လူစွမ်းကောင်းပါပဲ။ ဒီအရှင်ဟာလက်ခုပ်သံတိုင်းနဲ့ထိုက်တန်ပါတယ်။

ဒီနေ့သာသနာ့ဥသျှောင်အဖွဲ့ ပီနန်ဆရာတော်နဲ့ မစိုးရိမ်ဆရာတော်နှစ်ပါးတို့ရဲ့ စုံစည်းရာ ဒီမိုကရေစီရပ်ဝန်းရဲ့အစ။ ဧရာဝတီဟာ မေခနဲ့မလိခက စတင်စီးဆင်းခဲ့ရင် ဒီနေ့ ကျနော်တို့ ဧရာဝတီဒီမိုကရေစီဟာ အရှင်မြတ်နှစ်ပါးကနေ စတင်စီးဆင်းလိမ့်မယ်။ ဧရာဝတီကို ကျနော်ယုံတယ် မေခနဲ့ မလိခ ကယုံတယ်။ ကျနော်တို့ယုံကြည်မှုတွေပုံအောရင်း စီးဆင်းကြမယ်။

ဆရာတော်ဦးကောဝိဒါဘိဝံသဟာ မေခဖြစ်နိုင်သလို မလိခလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီမြစ်ဟာအရှင်မြတ်ရဲ့ သာသနာချစ်စိတ်၊ လူမျိုးချစ်စိတ်သွေးတွေနဲ့ စီးဆင်းနေတော့ ဆည်းဆာနေကဆေးခြယ်ထားတဲ့ တိမ်တောက်တဲ့ညနေရဲ့ ဧရာဝတီလိုပဲ ရဲရဲကိုမှည့်လို့။ မြစ်တစ်စင်းရဲ့အစဟာ အမြင့်ဆုံး တောင်ထိပ်ပေါ်က မိုးရေတစ်ပေါက်နဲ့စတင်တယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts