News Features

Google Image will find you the truth …

Google Image Search ကိုသုံးပြီး ပုံတူ၊ လူတူ၊ နေရာတူတွေ ရှာနိုင်တယ်
လောကဓာတ်ခန်းသာဂိ၊ သြဂုတ် ၃၊ ၂၀၁၃
          လူတိုင်းက အင်တာနက်မှာ ဂူးဂဲ (ရှာဖွေရေးလုပ်) ကြတယ်။ အင်တာနက်နဲ့ ရှာတာကို အခုဆို ဂူးဂဲလုပ်တယ်လို့တောင် ပြောကြတယ်။ စာတွေ ရိုက်ပြီးရှာတယ်။ ဓာတ်ပုံတွေ ရှာတယ်။ နေရာတွေ မြေပုံတွေ ရှာတယ်။ စာအုပ်တွေ၊ ဈေးနှုန်းတွေ ရှာတယ်။ စမတ်ဖုံးတွေ ပေါ်လာတော့ ပါးစပ်ကနေ ပြောပြီးတော့တောင် ရှာခိုင်းကြသေးတယ်။
          “ဟေ့ ငါ့ကို မိုးမခသတင်းဌာနဆီ ဆက်ပေးစမ်း” ဆိုတာမျိုးပေါ့။
          အခု ခလုပ်တိုက်မိတဲ့ အကြောင်းတခုကတော့ အွန်လိုင်းပေါ်မှာ လိမ်ညာတာတွေ၊ လှည့်ဖျားတာတွေ အလွန်ပေါ၊ အလွန်ဆိုးနေတော့ ဂူးဂဲနဲ့ပဲ အဲသည်အကြောင်းအရာကို ပြန်လှန်ပြီး ရှာဖွေရေးလုပ်နိုင်ပါတယ်။ တနေ့ကတော့ မြန်မာပြည်က မိန်းကလေးတဦးက သူ့ကို ဆန်ဖရန်ကနေ မိတ်ဖွဲ့တဲ့ အသက် ၅၀ ကျော် လူပျိုကြီး (အမေရိကန်သား) အကြောင်းမေးလာတယ်။ ဆန်ဖရန်ကို လှည်းတန်းဈေးလောက်ပဲ ရှိတယ်ထင်တော့ အဲသည်လူကို တွေ့ဖူး သိဖူးလား၊ မေးပေးစမ်းပါတဲ့။ 
          သည်တော့ အဲသည်လူ ဓာတ်ပုံကို ဂူးဂဲ Image Search ထဲမှာ ပုံအလုံးလိုက်ကြီး upload လုပ်ပြီးတော့ ရှာခိုင်းလိုက်တယ်။ မလွယ်လားဗျာ။ အဲသည်ပုံမျိုး ရှာပေးစမ်းပါ ဆိုတဲ့သဘော။ အရင်ကဆို ပုံနဲ့ ပတ်သက်တဲ့ အမည်တွေ၊ စာတွေ ရိုက်ထည့်ပြီး ရှာနေရာကနေ ဓာတ်ပုံတို့ ပန်းချီတို့ကို ဂူးဂဲအပေါ်တင်ပြီး ရှာခိုင်းလိုက်တာပေါ့။ 
          ချက်ခြင်းပဲ ဂူးဂဲက ပုံတူတွေ ထုတ်ပေးတယ်။ အဲသည်ဓာတ်ပုံက နယူးဇီလန်က ရုပ်ရှင်သရုပ်ဆောင်၊ အင်တာနက်လူလိမ်တွေက သူ့ပုံကိုသုံးပြီး မိန်းကလေးတွေကို လှည့်စား မိတ်ဖွဲ့တဲ့ဆီမှာ အသုံးချတယ် ဆိုတဲ့ ၀က်ပိတ်တွေ၊ စာမျက်နှာတွေ ထွက်ချလာတယ်။ တခါတည်း ကိစ္စအေးရော။ မြန်မာပြည်က မိတ်ဆွေကို သည်လူဆီက စာတွေ အဆက်အသွယ်တွေကို သတိထားဖို့၊ သေချာ ပြန်လှန်မေးမြန်းဖို့ ပြန်အကြောင်းကြားလိုက်ရတယ်။
          ဂူးဂဲ ပုံရှာနည်းပညာဟာ အတော် အလုပ်တွင်ပါတယ်။ သတင်းဓာတ်ပုံတခုပဲဖြစ်ဖြစ်၊ လူမျက်နှာပဲဖြစ်ဖြစ်၊ နေရာပဲဖြစ်ဖြစ် တင်ပြီး ရှာခိုင်းလိုက်ရင် အဲသည်နေရာ၊ အဲသည်အကြောင်းကို သူတို့ ဒေတာဘေ့စ်ထဲကနေ အတူဆုံးရှာပြီး ပြန်ရှာပေးပါတယ်။

          အခုအောက်မှာ စစ်အစိုးရတို့၊ ဒေါ်စုတို့ ပုံတွေ ရှာကြည့်ရင်း အဲသည်အကြောင်းတွေ သက်ဆိုင်ရာတွေ ထွက်လာတယ်။ စာကြောင်းတွေ ရိုက်ပြီး ရှာတာထက် ကိုယ့်ရှိတဲ့ ရုပ်ပုံကို ရှာခိုင်းတဲ့သဘောပဲ။ သူက Search Box ထဲမှာ ပုံနဲ့ သက်ဆိုင်ရာ စကားလုံးကိုတောင် ပြန်ထည့်ထားပေးလိုက်တယ်။ ဒေါ်စုဓာတ်ပုံကို တင်လိုက်တာ သူက “Aung San Suu Kyi” လို့ စာသားပြန်ဖော်ပေးပါတယ်။
 စစ်ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်အောင်ဆန်းပုံကို မြင်ဖူးသလိုလိုပဲ၊ ၀ိုးတိုးဝါးတားဖြစ်နေရင် ပုံလေးတင်ပြီးရှာလိုက် “ဟိုက် … ငါတို့ တပ်မတော်ဘခင်ကြီးပါလားဆိုပြီး” သူတို့ သိသွားလိမ့်မယ်။
အောက်မှာ ပုံတွေ တင်ပြီး ရှာခိုင်းထားတာတွေ စကရင်ဖမ်းပြီး ဥပမာပေးထားပါတယ်။
(ကဲ ကိုယ့်ဓာတ်ပုံ ကို ဂူးဂဲပေါ်တင်ပြီး ရှာကြည့်ခိုင်းလေ၊ သူများတွေ ဘာတွေ လျောက်ပြောထားသလဲ သိရအောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts