မျက်မှောက်ရေးရာ

a collection of 8888 publications

 ရှစ်လေးလုံးကာလ စာနယ်ဇင်းဖော်ပြချက်များကို စုစည်းထုတ်ဝေ  မိုးမခအထောက်တော်၊ ရန်ကုန်
သြဂုတ် ၇၊ ၂၀၁၃

ရှစ်လေးလုံးကာလအတွင်း ရန်ကုန်တွင် ထုတ်ဝေခဲ့သည့် စာစောင်များထဲမှ ထုတ်နုတ် စုစည်းထားသည့် မှတ်တမ်းစာအုပ်တအုပ် ရှစ်လေးလုံး ၂၅ နှစ်မြောက် ကာလတွင် ထွက်ပေါ်လာသည်။
သတင်းစာတွေပြောတဲ့ ၈၈၈၈ အရေးတော်ပုံ ဟု အမည်ပေးထားသည့် ထိုစာအုပ်ကို စုစည်း တည်းဖြတ်သူမှာ ၀င်းဇော်လတ် ဖြစ်သည်။ ၀င်းဇော်လတ်သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတွင် အသက် ၃ နှစ်ကျော် အရွယ်သာ ရှိကြောင်း သိရသည်။

စစ်ဗိုလ်ချုပ်ကြီးများ ဖိနှိပ်မှုကြောင့် ပြီးခဲ့သည့် ၂၅ နှစ်အတွင်း ရှစ်လေးလုံးကာလ  စာရွက်စာတမ်း အများအပြားမှာ ပျက်စီးပျောက်ကွယ်ခဲ့ရသည်။

စာအုပ်အတွက် အမှာစာရေးပေးခဲ့သော နိုင်ငံရေးနယ်ပယ်မှ စာရေးဆရာများဖြစ်သည့် ဟံသာဝတီဝင်းတင်၊ မျိုးမြင့်ညိမ်း၊ နောင်ကျော် တို့ကလည်း ရန်ကုန်တွင် တနင်္ဂနွေနေ့က ပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြသည်။

စာအုပ် စုစည်း တည်းဖြတ်သူ ၀င်းဇော်လတ်က အရေးတော်ပုံကာလတွင် အံ့သြစရာ ကောင်းလောက်အောင် သတင်းသမားများ အလုပ်လုပ်ခဲ့ကြပုံ၊ အာဏာပိုင်တို့ကလည်း လူထုလှုပ်ရှားမှု ပြိုကွဲသွားစေရန် ကြိုးစားခဲ့ပုံ၊ နိုင်ငံရေးခေါင်းဆောင်များ အမြင်မတူညီမှု၊ လှုပ်ရှားမှုလမ်းကြောင်း ပြောင်းလဲမသွားစေရေးအတွက် ထိန်းသိမ်းခဲ့ကြပုံတို့ကို မှတ်တမ်းများတွင် တွေ့ရမည်ဟု ပြောသည်။

မူရင်းအရေးအသား အာဘော်များအတိုင်း ရှစ်လေးလုံး ၂၅ နှစ်ပြည့်ချိန်တွင်  ကောက်နုတ်ဖော်ပြခြင်း ဖြစ်ကြောင်း၊ ရှစ်လေးလုံးဟူသည်မှာ မင်းမဲ့စရိုက်၊ အကြမ်းဖက်မှုများသာ ဖြစ်သည်ဟူသော အာဏာပိုင်တို့ နှစ်ပေါင်းများစွာ ပြောဆိုခဲ့ကြခြင်းနှင့်သာ ရင်းနှီးခဲ့ရသည့် မျိုးဆက်သစ်တို့ ၈၈ ဖြစ်ရပ်မှန်များ သိရှိစေရန် စုစည်း တင်ဆက်ခြင်းဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

 ရှစ်လေးလုံးလူထုလှုပ်ရှားမှုတွင် ပါဝင်ခွင့် မရလိုက်သော်လည်း ဤမှတ်တမ်းစာအုပ် စီစဉ်ခွင့်ရသဖြင့် ၀မ်းသာရသည်ဟု သူက ပြောပြသည်။
စာအုပ်တွင် စာမျက်နှာ ၄၀၀ ကျော် ပါဝင်ပြီး ရောင်းဈေးမှာ ကျပ် ၇,၀၀၀ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts