International News

စင်္ကာပူတွင် ကားသမားက လူတိုက်၍ ဆူပူအုံကြွမှုဖြစ်

စင်္ကာပူတွင် ကားသမားက လူတိုက်၍ ဆူပူအုံကြွမှုဖြစ်

မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၃
စင်္ကာပူ ကျွန်းနိုင်ငံရဲ့ little India (အိန္ဒိယရွာ) လို့ခေါ်တဲ့ အိန္ဒိယနွယ်ဖွားတို့ ကျက်စားရာ မြို့နယ်မှာ အသက် ၃၃ နှစ်အရွယ် အိန္ဒိယလူမျိုးတဦး ဘတ်စ်ကားနဲ့ အတိုက်ခံရပြီး သေဆုံးသွားတဲ့အပေါ် အကြောင်းပြုပြီး လူ ၄၀၀ ခန့်က ဆူပူအုံကြွ အကြမ်းဖက်မှု ယနေ့ နေ့ခင်းက ဖြစ်ပွားခဲ့ပါတယ်။ ဆူပူ အုံကြွမှုတို့၊ ဆန္ဒပြကန့်ကွက်မှုတို့ ဖြစ်ပွားလေ့မရှိတဲ့ စင်္ကာပူနိုင်ငံမှာ အခုလို အဓိကရုဏ်းဖြစ်ပွားတာကို အားလုံးက အံ့သြကြတယ်လို့ ဆိုပါတယ်။ ဆူပူတဲ့လူအုပ်က ဘတ်စ်ကား၊ အဆောက်အအုံ၊ ရဲကားများကို တိုက်ခိုက်ဖျက်ဆီးတယ်၊ ရဲတွေက လူ ၃၀ခန့်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

လုပ်ခလစာ အနည်းဆုံးရတဲ့ ပြည်ပက အလုပ်ကြမ်းအလုပ်သမားတွေ စင်္ကာပူအစိုးရကို မကျေနပ်မှုတွေနဲ့ ဒီလိုအဖြစ်မှာ ပေါက်ကွဲတာမျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုသူတွေ ရှိပါတယ်။ တနာရီအတွင်း အကြမ်းဖက်မှုတွေကို ထိန်းသိမ်းလိုက်တယ်။ စင်္ကာပူနိုင်ငံသားတွေ ဆူပူမှုထဲမှာ မပါဝင်ကြဘူးလို့ ရဲဖက်က ထုတ်ပြန်ပါတယ်။ သည်တော့ ဆူပူသူတွေက ပြည်ပအလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုရမလိုပါပဲ။ အဆိုပါအခင်းဖြစ်ပွားတဲ့ နေရာက တနင်္ဂနွေနေ့တိုင်း ပြည်ပအလုပ်သမားတွေထဲက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ခ်ျ လူမျိုးတွေ စုဝေးလေ့ရှိတဲ့ ဈေးရပ်ကွက်ဖြစ်ပါတယ်။

ပြည်ပအလုပ်သမားတွေက စင်္ကာပူအာဏာပိုင်တွေ လုပ်ငန်းရှင်တွေကို ဆန္ဒပြကန့်ကွက်မှုမျိုး ၂၀၁၂က တကြိမ်ဖြစ်ခဲ့ဘူးတယ်။ တရုတ်ပြည်က ယာဉ်မောင်းအလုပ်သမားတချို့ (၁၇၀ခန့်) က လစာနည်းလို့ ဆိုပြီး ဘတ်စ်ကားမမောင်းဘဲ သပိတ်မှောက်ခဲ့ကြဖူးပါတယ်။ အစိုးရက အဲသည်အလုပ်သမားတွေကို တရုတ်ပြည်ကို ပြန်ပို့လိုက်တယ်လို့ ဆိုပါတယ်။

တိုက်တို်က်ဆိုင်ဆိုင် စင်္ကာပူအစိုးရက အဲသည်အချိန်မှာပဲ စင်္ကာပူတိုင်းပြည်မှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ မရွေး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး ဂုဏ်ပုဒ်ကို ပိုမိုမြှင့်တင်ကြရေး ထုတ်ပြန်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အာဏာရအစိုးရက သက်တမ်းတလျောက်လုံးမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများကို ပြင်းထန်စွာ နှိပ်ကွပ်ထားနိုင်တဲ့ အစိုးရအဖြစ် ရပ်တည်သူဖြစ်ပါတယ်။ ၁၉၆၉  တရုတ်နဲ့ မလေးလူမျိုး အဓိကရုဏ်းဟာ နောက်ဆုံး လူမျိုးရေးအဓိကရုဏ်းဖြစ်ပါတယ်။ အသွေးအရောင်စုံ နေထိုင်တဲ့ စင်္ကာပူမှာ ပြည်ပလုပ်သားအလွှာပေါင်းစုံရှိပြီး လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေ မဖြစ်လာအောင် သတိကြီးစွာ ကိုင်တွယ်နှိမ်နင်းတဲ့ အလေ့အထရှိပါတယ်။

(Photo – Reuters)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts