ဆောင်းလူ

Saung Luu – Poem

ညီမလေးရေ …
ဆောင်းလူ
သြဂတ်စ် ၈၊ ၂၀၁၃

ညီမလေးရေ …
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဖို့ လုပ်ကုန်ကြပြီ …
ဒါပေမယ့် မင်းတို့မှာတော့
ယမ်းငွေ့တွေကြား .. ပြေးတုန်း လွှားတုန်း ..။ 
ညီမလေးရေ …
သူတို့ပါးစပ်က ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးနဲ့
ဒါပေမယ့်
မင့်အဖိုးအဘွားပိုင်တဲ့ မြေပေါ်မှာ
သူတို့ ဗုံးထောင်လို့ကောင်းတုန်း …။ 
ညီမလေးရေ …
တစ်ရွာမပြောင်း … သူကောင်းမဖြစ်တဲ့ …
ဒါပေမယ့် 
မင့်ညီအစ်ကိုမောင်နှမ မင့်ဆွေမျိုးသားတွေ ပြောင်းရတာက
ကျားချောင်းချောင်းလို့
အထိတ်တလန့်နဲ့ ပြောင်းရတဲ့ အပြောင်း …။
ညီမလေးရေ …
လူကိုလူချင်း ခေါင်းပုံဖြတ် လူမဆန်တဲ့ အတွေးတွေကြောင့်
တပါးနိုင်ငံမှာ
တွေ့သမျှ ဇိမ်ခန်း
မင့်လူမျိုး ငါ့လူမျိုး ..
တွေ့သမျှ ကျပမ်း
မင့်လူမျိုး ငါ့လူမျိုး …
ညီမလေးရေ …
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဖို့ လုပ်ကုန်ကြပြီ …
ဒါပေမယ့် မင်းတို့မှာတော့
ခုချိန်ထိ ယမ်းငွေ့တွေကြား .. ပြေးတုန်း လွှားတုန်း ..။ 
ပြေးနိုင်သလောက် ဆက်ပြီးပြေးထား
လွတ်နိုင်သလောက် လွတ်အောင်သာပြေးထား
ညီမလေးရေ …။ 
တစ်နေ့နေ့
မင့်အဖိုးအဘွားမြေပေါ်
စစ်ဖိနပ်သံတွေ တိတ်တဲ့အချိန်
ပန်းတွေ ပွင့်တဲ့အချိန်
ငါတို့ တစ်ခါ ပြန်ဆုံကြသေးတာပေါ့ …။ 

ပန်းချီသည် elliotrogers ၏ Human since ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts