ဆောင်းလူ

Saung Luu – Essay

ကျနော် အသုပ်စုံသည်
ဆောင်းလူ
သြဂတ်စ် ၁၀၊ ၂၀၁၃


လူဘ၀ဆိုတာ ဖြတ်သန်းမှုအမျိုးမျိုးနဲ့ …။ ကျနော့်ဘ၀ ဖြတ်သန်းမှုထဲက တစ်ခုသော အသုပ်စုံသည်ဘ၀ကို အမှတ်ရမိတယ်။ 
ကျနော် နယ်ကနေ ရန်ကုန်ရွှေမြို့တော်ကြီးဆီ ပထမတော့ ဗဟုသုတ ပညာရှာမှီးဖို့ဆိုပြီး သွားခဲ့တာ။ တကယ်လည်း လုပ်ခဲ့ပါတယ်။ ကျနော့်အကိုဝမ်းကွဲရဲ့ ကားအဲကွန်းစ်ဆိုင်မှာ ပညာသည်ဘ၀နဲ့ပေါ့ …။ သူ့ဆိုင်က တောင်ဥက္ကလာပမြို့နယ်ထဲက သစ္စာလမ်းမကြီးဘေးမှာ ရှိပါတယ်။ လမ်းဘေးဆိုင်တန်းလျားထဲက ဆိုင်ကလေးတစ်ဆိုင်ဆိုတော့ ဆိုင်မှာနာမည်တော့ မရှိပါဘူး။ ဆိုင်ရဲ့နောက်မှက မြို့ပြလက် ထောက် အင်ဂျင်နီယာရုံးရှိပါတယ်။ ဘေးမှာက အတော်ညစ်ပတ်လှတဲ့ မြောင်းကလေးတစ်စီး စီးစင်းနေပါတယ်။ ရှေ့မှာကတော့ မြို့တော်ဝန် ဦးကိုလေးရဲ့ ခြံဝင်းကျယ်ကြီးနဲ့ တိုက်ကြီးပဲရှိပါတယ်။ အဲ့တိုက်မှာက တရုတ်စပ် ခေတ်ဆန်ဆန် အမျိုးသမီးငယ်လေး တစ်ယောက်ပဲနေပါ တယ်။ 
အဲ့ဒါကလည်း ဦးကိုလေးရဲ့ အငယ်မိန်းမလို့ ပြောတာပါပဲ။ ဒါကလည်း အဲ့ဒီခြံကျယ်ကြီးစောင့်တဲ့ ဦးလေးကြီးက ပျင်းပျင်းရှိရင် ဒီဘက်လမ်း ကူးလာပြီး ကျနော် တို့အဲကွန်းစ်ဆိုင်ဘေးက လဖက်ရည်ဆိုင်မှာ ထိုင်ရင်း ..နောင် ခင်မင်လာတော့ ပြောပြလို့သိတာပါ။ နာမည်တောင် မှတ်မိနေပါသေးတယ် ..။ ဘာတဲ့ အမရာ ဆိုလား …။ 
နောက်တော့ ကျနော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဲ့ကွန်းစ်ဆိုင်မှာ ဆက်မနေဖြစ်တော့ပဲ … အဖေ့အမကြီးဖြစ်တဲ့ ကျနော့်ဂျီးဒေါ်တို့ အိမ်မှာ ပြောင်းနေဖြစ်ခဲ့ပါတယ်။ နောက်တော့ ကျနော့်ဝမ်းကွဲအမကြီးလည်းဖြစ် ကျနော့်ဂျီးဒေါ်ကြီးရဲ့ သမီးကြီးလည်းဖြစ်တဲ့ အမကြီးတို့ အိမ်မှာ ပြောင်းနေခဲ့ပါတယ်။ သူတို့မှာ ကျနော်နဲ့ မတိမ်းမယိမ်း သားတစ်ယောက်ရှိပါတယ်။ (ခုတော့လည်း ဆုံးသွားပြီးလို့ကြားပါတယ်) …
အဲ့ကာလ ဦးလေးနဲ့တူဆိုပေမယ့် … သူငယ်ချင်းလိုပေါင်းခဲ့ကြတာပါ …။ 
ကျနော့် ဂျီးဒေါ်က (၆) ရပ်ကွက် ပုဏ္ဏမီဈေးမှာ အသုပ်စုံရောင်းပါတယ်။ တစ်အားလည်း ရောင်းရပါတယ်။ မနက် မနက်ဆို သူ့ဆိုင်က အ တော်လူစည်ပါတယ်။ အဲ့ဒီအသုပ်စုံရောင်းပြီးတော့ပဲ သူ့သားသမီးတွေကို လူလားမြောက်တဲ့အထိ ကျွေးမွေးခဲ့တာပါ ..။ သားသမီးတွေ လူလားမြောက်လာတော့လည်း ဘယ်သားသမီးဆီမှ အကူအညီမတောင်းပဲ … သူ့ဘ၀ သူရပ်တည်နေခဲ့တာပါ။ ဒါတောင် အိမ်ထောင်ကျနေ တဲ့ သူ့နောက်သမီးတယောက်ကို အိမ်မှာတင်ပြီး ကျွေးထားပါသေးတယ် …။ 
အထက်မှာပြောခဲ့သလို ကျနော့်ဂျီးဒေါ်က အသုပ်စုံရောင်းလေတော့ ကျနော့်တူနဲ့ ကျနော်နဲ့က မနက်ဆို ၅ နာရီ၊ ဒါမှမဟုတ် ၆ နာရီဝန်းကျင် လောက် သူ့ဆိုင်ကို သွားပြီး ကူရပါတယ်။ မနက် ၁၀ နာရီ ၁၁ နာရီလောက်မှ ပြီးပါတယ်။ 
ကျနော်တို့ကလည်း သူ့ကိုကူ .. သူ့ဆိုင်က အသုတ်စုံကိုစားပြီး …သူ့ဆီက မုန့်ဖိုးယူခဲ့ပါတယ်။ အတော်လေးကြာခဲ့ပါတယ်။ (၂) နှစ်လောက် တော့ရှိမယ်ထင်ပါတယ်။ ကျနော့်အသက်ကလည်း (၁၉) .. (၂၀) ခပ်ငယ်ငယ်အရွယ်ပါပဲ …။ 
အဲ့ဒီနှစ်များဆီက ကျနော့်ဂျီးဒေါ်တို့ အသုပ်စုံ လုပ်ပုံလုပ်နည်းတွေကို အစ အဆုံး မြင်နေရပါတယ် …။ အဲ့အချိန်က တစ်ပွဲ (၅၀) ပဲထင်ပါတယ် ..။ ရောင်းအားကောင်းတော့ တစ်နေ့ကို တစ်ထောင်၊ နှစ်ထောင်လောက် ဂျီးဒေါ်အတွက်ကျန်ပါတယ်။ 
သူသုပ်တဲ့ အဓိကပစ္စည်းတွေကတော့ နန်းကြီးတို့၊ နောက် နန်းပြားလား (သေချာမမှတ်မိ ..စိမ့်ပြီး စားလို့ကောင်းပါတယ် ..။ နန်းကြီးက အချဉ်ဓာတ်လေး နဲနဲပါပါတယ်) .။ နောက် ခေါက်ဆွဲ၊ ကြာဆံ ..ဒါပါပဲ …။ တချို့ကလည်း ချဉ်ငံစပ် ခေါက်ဆွဲချည်း သုပ်ခိုင်းပါတယ်။ တချို့ကျ တော့လည်း ချဉ်ငံစပ် ခေါက်ဆွဲကြာဆံ ရောပါတယ် ..။ တချို့ကျတော့လည်း ချဉ်ငံစပ် နန်းကြီးသုပ်။ ငရုတ်သီးမကြိုက်သူတချို့လည်း အချို သုပ်။ ကျနော်ဆို နန်းပြားသုပ်ကို အမြဲစားပါတယ်။ စိမ့်ပြီး စားလို့အတော်ကောင်းပါတယ်။ 
ကျနော်တို့ကတော့ ဂျီးဒေါ်ကို ဆိုင်ကူရောင်းတော့ … ပန်းကန်ကူဆေး၊ မှားထားတဲ့ အသုပ်ပန်းကန်တွေကို ဟိုပို့ သည်ပို့ပေါ့ …။ တစ်ခါ တစ်ခါ ကောင်မလေးတွေ လာဝယ်စားရင် ရှက်ကိုး ရှက်ကန်းပေါ့ ..။ လူပျိုပေါက်စလေးတွေကို ..။ ဒါပေမယ့် မရှက်နိုင်ပါဘူးဗျာ …။ လုပ်ရင်းကိုင်ရင်း ကျနော်တို့နဲ့ တခုခု စိတ်ဆိုးလို့ ဂျီးဒေါ်က သူ့ကူမယ့်လူမရှိရင် သူ့သမီးကြီးရဲ့အိမ်ကို တစ်ခုခုဝယ်လာပြီး ကျနော်တို့ဆီလာပြီ။ ကျနော်တို့ကလည်း ကြာကြာမတောင့်နိုင်ပါဘူး …။ နေ့စဉ် အသုပ်စားနေလေတော့ မစားရရင် တစ်ခုခုလိုနေသလိုပါပဲ …။ 
ကျနော့် ဂျီးဒေါ် အသုပ်စုံလုပ်တာကို နောင်များတော့ ကျနော် သတိထားမိလာတယ် …။ ခေါက်ဆွဲ၊ ကြာဆံတို့ နန်းကြီးတို့ကတော့ နံနက်ခင်း ၀ယ်လိုက်တာပါပဲ ..။ အဓိကက သူတို့လုပ်တဲ့ အချဉ်ရည်စပ်တဲ့နည်းဗျ …။ ဂျီးဒေါ်က ဘယ်တော့ ငရုတ်ဆီအချဉ်တို့ ဘာတို့ မသုံးဘူးဗျ ..။ မန်းကျည်းသီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း အဲ့ဒါမျိုးတွေနဲ့ စပ်ပြီး … အချဉ်လုပ်တာဗျ ..။ အချဉ်ကိုလည်း တစ်နေ့စာအတွက်ပဲ လုပ်တယ် …။ ညည့်ဦးပိုင်းလောက်ကတည်း အချဉ်ကို သေသေချာချာ ကျကျနနစပ်ပြီး … ဗူးကြီးတစ်ခုထဲ ထည့်ထားတာဗျ …။ အချဉ်ကလည်း တော်တော်ကောင်းပါတယ် ..။ သူလည်း အဲ့ဒါနဲ့ပဲ နာမည်ကြီးတယ်ထင်ပါတယ် ..။ မနက်ဆို သူ့ဆိုင်မှာ လက်လုပ်လက်စား၊ ပျံကျဈေးသည် … ဒါ့အပြင် တစ်ခါ တစ်ခါ လူကုန်ထံတွေပါ ပါပြီး လူက စည်လို့ …။ 
ကျနော်လည်း သူ့ အသုပ်စုံကို (၂) ကျော်လောက် စားပြီး … တစ်ခါ တစ်ခါ ပြန်ပြောင်းပြီး သတိရပါတယ်။ ကျနော်တို့ စားတဲ့အချိန်ဆို တစ်ခါတလေ ကိုယ့်ဘာသာ သုပ်စားကြပါတယ် …။ ဂျီးဒေါ်က ဘေးကညွှန်ပေါ့ …။ ဘာထည့် .. ဘာထည့် .. ဘယ်လို နယ်ဆိုပြီး …။ စားကောင်းခဲ့ပါတယ် …။ အဲ့အနီးတ၀ိုက်မှာတော့ သူ့အသုပ်စုံကို ဘယ်သူမမှီဘူးဆိုတာတော့ အာမခံဝံ့ပါတယ် ..။ တစ်ဈေးလုံးလည်း မနက်မိုးလင်းလို့ အသုပ်စားမယ်ဆို သူ့အသုပ်စုံမှ အသုပ်စုံ …။ ကျနော်လည်း ခုချိန်ထိ စားချင်နေပါသေးတယ် …။ တခါ တခါ ကိုယ်တိုင် လုပ်ကြည့်ဖို့ စဉ်းစားပေမယ့် .. ကျနော်သိခဲ့တဲ့ အရသာလေးအတိုင်း မမှီခဲ့ဘူးဆိုရင်ဖြင့်ဆိုတဲ့ စိတ်နဲ့ ဒီကနေ့ထိ တစ်ခါမှလည်း မလုပ် ဖြစ်ခဲ့ပါဘူး ..။ 
ဘာပဲဖြစ်ဖြစ်လေ … ဒီအသုတ်စုံလေးမှာ အစပ်အဟပ်တည့် အရသာပြည့်စုံဖို့နဲ့ … စားကောင်းခြင်းဆိုတဲ့ဆီရောက်မယ့် လျှို့ ၀ှက်ချက် (တနည်း) ပံ့ပိုးချက်လေးရှိတယ်ဆိုတာ ငြင်းမရပါဘူး …။ ကျနော်တို့ လူတွေလည်း ဖြတ်သန်းမှုအမျိုးမျိုး ရှိခဲ့ကြတာကိုး …။ 
ကျနော် ဒီနေ့တော့ ကျနော့်ဂျီးဒေါ်ရဲ့ အသုပ်စုံကလေးကို စားချင်စိတ်နဲ့ တမ်းတမိတယ် …။ ဒါဟာ ကျနော့်ရဲ့ စွဲလမ်းခြင်းတဏှာလား .. ကျနော်လည်း မသိပါဘူး ..။ 
ဘ၀နဲ့ ဆန္ဒ ထပ်တူမကျခဲ့ပေမယ့် …

ကျနော် အသုပ်စုံသည်ဖြစ်ခဲ့ဘူးပါတယ် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts