Uncategorized

Return from Nwe Khwe – Metta Nanda, Interview with Nu Nu & Nge Nge (MoeMaKa)

နွယ်ခွေ – မေတ္တာနန္ဒစာသင်ကျောင်းက ဒုတိယအကြိမ် အပြန်

မိဘ၊ ဆရာ၊ ကျောင်းသားတွေ အားလုံးပြောင်းမှ ပညာရေးကောင်းမှာလို့ ဆိုတဲ့ …နုနု၊ ငယ်ငယ်

 (မြန်မာပြည်က ပြန်လာတဲ့ အထက်တန်းကျောင်းသူ နုနုနဲ့ ငယ်ငယ်)

မိုးမခအင်တာဗျုး၊ သြဂုတ် ၁၄ ၊ ၂၀၁၂

လွန်ခဲ့တဲ့နှစ် အမေရိကန်နွေရာသီကျောင်းပိတ်ရက်တုန်းက ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့က ဆယ်ကျော်သက်ကလေး ၂ဦးဖြစ်တဲ့ နုနုနဲ့ ငယ်ငယ်တို့ မြန်မာပြည်ပြန်သွားလည်ကြတယ်။ အဲသည်တုန်းက ၂လတာမှာ ရန်ကုန်၊ မင်္ဂလာဒုံ နွယ်ခွေက မေတ္တာနန္ဒ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ အင်္ဂလိပ်စကားပြော စေတနာဝန်ထမ်း အလွတ်သင်ကျောင်းဆရာတွေ လုပ်ခဲ့ကြတယ်။ အဲသည် စာမျက်နှာမှာ အသေးစိတ်ရှုပါ။ (http://moemaka.com/archives/27262)  

ဒီတနှစ်မှာလည်း သူတို့တွေက အဲသည်ကျောင်းက ကလေးတွေကို ပေးခဲ့တဲ့ ကတိအတိုင်း ၂၀၁၃ နွေရာသီပိတ်ရက် နွယ်ခွေက မေတ္တာနန္ဒကျောင်းကို ဒုတိယအကြိမ်ပြန်သွားပြီး အင်္ဂလိပ်စကားပြော သင်ပေးခဲ့ကြပြန်တယ်။ ဒီတခါတော့ ရက်သတ္တ ၅ ပတ်လောက်ကြာတယ်။ နွယ်ခွေက မေတ္တာနန္ဒကျောင်းအပြင် အင်န်အယ်ဒီပညာရေးကွန်ယက်က အမေ့အိမ်စာသင်ကျောင်း တကျောင်းမှာလည်း စာသင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီတခေါက်မှာလည်း သူတို့လေးတွေနဲ့ တွေ့ဆုံပြီးတော့ သူတို့အတွေ့အကြုံ၊ အတွေးအမြင်တွေကို မေးမြန်းပြီး တင်ပြလိုက်ပါတယ်။


မေး။     ။ ဒီတခေါက် ဘယ်တုန်းကသွားတာလဲ၊ ဘယ်တုန်းက ပြန်လာတာလဲ။

ဖြေ။     ။ ဇွန် ၂၈ ကသွားတယ်။ သြဂုတ် ၃ က ပြန်လာတယ်။ ၅ ပတ်လောက်ကြာခဲ့ပါတယ်။


မေး။     ။ သွားခဲ့တဲ့ ကျောင်းတွေက ဘယ်ကျောင်းတွေလဲ။

ဖြေ။     ။ အရင်သွားခဲ့တဲ့ မေတ္တာနန္ဒကျောင်းနဲ့ ပြီးတော့ အမေ့အိမ် (၁)လှည်းကူး ကျောင်းတွေမှာ စာသွားသင်ခဲ့တယ်။


မေး။     ။ စာသင်ချိန်တွေက ဘယ်လိုလဲ ပြောပါဦး။

ဖြေ။     ။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ မနက် ၉ နာရီက ၁၀ နာရီခွဲ အထိက အမေ့အိမ်ကျောင်း၊ နေ့ခင်း ၂ နာရီက ၄ နာရီခွဲအထိက မေတ္တာနန္ဒကျောင်းမှာ စာသင်ကြတယ်။


မေး။     ။ ဒီတခေါက်က အဖေ၊ အမေတွေထဲက ဘယ်သူက လိုက်ပေးသလဲ။

ဖြေ။     ။ မနှစ်က အဖေလိုက်ပေးထားတော့၊ သည်နှစ်ကတော့ အမေ့ကလှည့်ပေါ့။ မေမေက လိုက်ပြီး အားလုံး နေထိုင်၊ စားသောက်၊ သွားလာတာတွေ စီစဉ်ပေးရတယ်။


မေး။     ။ ဘာလို့ ဒီတခေါက်ထပ်သွားရတာလဲ။

ဖြေ။     ။ သံယောဇဉ်ရှိလို့။ ပြီးတော့ ကျန်ရစ်ခဲ့တဲ့ကလေးတွေမှာ အလားအလာတွေ ရှိလို့၊ သူတို့တွေ ပိုပြီး ကောင်းလာစေချင်လို့။ မနှစ်တုန်းကလည်း သူတို့တွေကို သမီးတို့ (ဆရာမတို့) ပြန်လာမယ်လို့ ကတိပေးခဲ့တယ်လေ။


မေး။     ။ ပြန်သွားတော့ အဲသည်ကလေးတွေနဲ့ ပြန်တွေ့ရသလား။ သူတို့က မျှော်ကော နေသလား။

ဖြေ။     ။ မျှော်နေတယ်။ ပြီးတော့ မနှစ်က ပေးထားခဲ့တဲ့ စာအုပ်တွေ၊ လေ့ကျင့်ခန်းတွေကို သူတို့ သိမ်းထားတယ်။ လေ့ကျင့်ထားတာကို တွေ့ရတယ်။


မေး။     ။ လူတွေ လျော့သွားသလား။

ဖြေ။     ။ လူတွေတောင် တိုးလာတယ်။ ဘုန်းဘုန်းက အတန်းချိန်တွေ စီစဉ်ပေးထားတယ်။ အရင်တုန်းက သူတို့တွေက ၈ တန်း၊ အခု သူတို့တွေအားလုံးက ၉တန်း တက်နေကြပြီ။


မေး။     ။ မနှစ်တုန်းက သင်တာနဲ့ ဒီနှစ်သင်တာ ဘာကွာခြားသွားသလဲ။ ဘယ်လိုတွေ ပြင်ဆင်သွားသလဲ။

ဖြေ။     ။ မနှစ်တုန်းကတော့ သူတို့တွေကို grammer, sentence construction, vocabulary နဲ့ comprehension တွေကို အဓိကထားပြီး သင်ပေးခဲ့ရတယ်။ ဒီတခေါက်ကတော့ သူတို့နဲ့ အဓိက လုပ်တာကတော့ speaking ပဲ။ game ဆော့သလို အပြန်အလှန် စကားပြော၊ မေးခွန်းတွေ မေး၊ လက်တွေ့မှာ အသုံးကျမယ့် အပြောအဆို ဗဟုသုတတွေ ပြောတယ်၊ သင်တယ်။


မေး။     ။ လက်တွေ့မှာ ဘယ်လိုမျိုး အသုံးကျတဲ့ အခြေခံကို သင်တာလဲ။

ဖြေ။     ။ ခရီးသွားတာ၊ ဧည့်သည်တွေကို ဧည့်ခံတာမျိုးကို အပြင်လောကမှာ ပြောနိုင်ဆိုနိုင် လုပ်နိုင်လာအောင် သင်တာမျိုးပေါ့။ tourism and hotel service တွေအတွက် ဆိုတာမျိုး အခြေခံပြီး သင်တာပေါ့။


မေး။     ။ အရင်တခါတုန်းကတော့ အရွယ်ချင်း သိပ်မကွာတဲ့ ကလေးတွေအချင်းချင်း စာလာသင်တာဆိုပြီး သိပ်ပြီး ဂရုမစိုက်ကြဘူး မဟုတ်လား၊ အခုကျတော့ ဘယ်လိုတွေ့ရသလဲ။

ဖြေ။     ။ ဒီတခေါက်မှာတော့ သူတို့တွေက ပိုပြီး သိတတ်လာကြတယ်။ အဝေးကြီးကနေ စေတနာနဲ့ တကူးတကလာသင်တာဆိုပြီး ပိုနားလည်လာကြတယ်။ ပိုပြီး ခင်လာကြတယ်။ ပိုပြီးတော့ ကြိုးစားလာကြတယ်။


မေး။     ။ အတွေ့အကြုံလေးတွေ ပြောပါဦး၊

ဖြေ။     ။ အရင်တုန်းက အင်္ဂလိပ်စာကို ဘာသာရပ်တခုလို သင်တာ။ စာဖတ်တာ၊ စာကျက်တာ၊ လေ့ကျင့်ခန်းတွေ စစ်တာတွေ အများကြီးပါတယ်။ အခုကျတော့ အင်္ဂလိပ်စာကို မြန်မာစကားလိုမျိုး နောက်ဘာသာစကားတခုအဖြစ် ပြောတတ်၊ သုံးတတ်အောင် သင်တာဖြစ်သွားတယ်။ အဲသည်ကျတော့ သမီးတို့တွေနဲ့ ကျောင်းသားတွေကြားမှာ ပိုပြီး ရင်းနှီးသွားတယ်။ ကြောက်နေ၊ စိုးရိမ်နေတာတွေ မရှိတော့ဘူး။ Personal ပိုဖြစ်လာတယ်။ မေးခွန်းတွေ အများကြီးမေးလာတယ်။ သူတို့ပြောချင်တာတွေ ပြောလာတယ်။ သမီးတို့ ဟိုမှာ ဘယ်လို နေသလဲ၊ ဘာစာတွေ သင်သလဲ။ အမေရိကားဆိုတာ ဘယ်လိုနေလဲ။ သူတို့နဲ့ ဘာတွေ ကွာခြားသလဲ။ ဒါမျိုးတွေ အများကြီး ဖြစ်လာတယ်။ သူတို့တွေ ပိုသိချင်လာတယ်။ ပိုတတ်ချင်လာတယ်။


မေး။     ။ သူတို့ကို သမီးတို့ သင်ပေးလိုက်တာတွေက သူတို့နေ့စဉ်ဘ၀အတွက် တိုးတက်ဖို့အတွက် အကျိုးဖြစ်တယ်လို့ သူတို့ယူဆသလား။

ဖြေ။     ။ သင်တန်းတွေပြီးတော့ သူတို့တွေက မြန်မာလိုကော၊ အင်္ဂလိပ်လိုပါ နှုတ်ဆက်တဲ့ စာစီစာကုံးတွေ ရေးကြတယ်။ reflection ပေါ့။ သူတို့တွေက သမီးတို့နဲ့ သင်ကြားခဲ့ရတာတွေကနေ သူတို့ ဖြစ်ချင်တာတွေ၊ သူတို့ လုပ်ချင်တာတွေအတွက် အထောက်အကူဖြစ်တယ်လို့ ရေးကြတယ်။ ဥပမာ tourist တွေနဲ့ ဘယ်လိုစကားပြောမလဲ။ ဆက်ဆံမလဲ။ သူတို့ကိုယ်တိုင် tourist တွေဆိုရင် ဘယ်လိုမျိုး လုပ်မလဲ ဆိုတာမျိုး သူတို့ စဉ်းစားလာကြတယ်။


မေး။     ။ အချိန်က တိုတော့ စာတတ်အောင်၊ ကျက်ခိုင်း မှတ်ခိုင်းတာမျိုးထက်၊ အင်္ဂလိပ်ဘာသာစကားကို သုံးစွဲနိုင်အောင်၊ ဆက်သွယ်ပြောဆိုနိုင်အောင် လုပ်ကြရတဲ့ သဘောမျိုးပေါ့။

ဖြေ။     ။ ဟုတ်တယ်။ အဲဒါက သူတို့တွေအတွက် အချိန်တိုတိုအတွင်း သိချင်၊ တတ်ချင်၊ ပြောချင် ဆိုချင်စိတ်တွေ တည်ဆောက်ပေးသလိုဖြစ်သွားတယ်။ ပြီးတော့ သူတို့ ကျက်နေ၊ မှတ်နေရတဲ့ စာတွေရဲ့ အပြင်ဖက်ကိုလည်း ထွက်ကြည့်ရသလို ဖြစ်သွားတယ်။ သမီးတို့က သူတို့စာသင်ခန်းလေးထဲ၊ သင်ခန်းစာတွေထဲ ၀င်တာမျိုးမဟုတ်ဘဲနဲ့ သမီးတို့နဲ့အတူ သူတို့စာသင်ခန်းအပြင်၊ သင်ခန်းစာတွေအပြင်ကို ထွက်ကြည့်ကြတဲ့ သဘောမျိုး ဖြစ်သွားတယ်။ အဲသည်မျိုးက သူတို့အတွက် အသုံးဝင်မယ်လို့ သမီးတို့က ထင်တယ်။


မေး။     ။ ဒီတခေါက်က သမီးတို့မှာက text book တွေ၊ exercise တွေ၊ teaching and learning material တွေ အများကြီး ပြင်ဆင်သွားရမျိုး မဟုတ်ဘူးပေါ့။

ဖြေ။     ။ မနှစ်တုန်းကတော့ အဲသည်လိုစာသင်ပေးဖို့ ပြင်သွားတာမျိုးနဲ့ သွားကြတာ။ ဒီနှစ်ကတော့ သမီးတို့ကိုယ်တိုင်က tourist တွေလိုမျိုး ဧည့်သည်နဲ့ အိမ်ရှင်တွေနဲ့ အပြန်အလှန် စကားပြောဆိုပြီး ဆက်သွယ်ပြီး လေ့ကျင်သင်ကြားကြတဲ့သဘောမျိုး၊ လက်တွေ့ ကွင်းဆင်းသလိုမျိုး သွားကြတာ။


မေး။     ။ သူတို့က ဘာတွေ မေးကြသလဲ။ သိချင်သလဲ။

ဖြေ။     ။ အမေရိကန်သမ္မတက ဘယ်သူလဲ၊ သူ့မိန်းမ နံမယ်က ဘာလဲ။ သူ့ကလေးတွေ နံမယ် ဘယ်လို ခေါ်သလဲ ဆိုတာမျိုး မေးကြတယ်။ တိုးရစ်တွေလိုမျိုး တွေးပြီး စဉ်းစားတယ်၊ ပြောတယ်။ သမီးတို့ ကျောင်းတွေက ဘာတွေ သင်သလဲ။ ဘယ်လိုတွေ သင်တာလဲ။ သမီးတို့ဆီက ကောလိပ်ဆိုတာ ဘယ်လိုမျိုးလဲ။ ဒါမျိုးတွေ မေးတယ်။ စုံစမ်းတယ်။ သူတို့တွေ အပြင်ကို ထွက်လာကြမယ်ဆိုရင် ဘာတွေ သိထားရမလဲ၊ ပြင်ဆင်ထားရမလဲ ဆိုတာတွေ ပြောလာကြတယ်။ လက်ရှိသူတို့တွေအနေနဲ့ ဘာတွေ လုပ်ကြမလဲ၊ ပြင်ဆင်ကြမလဲ ဆိုတာမျိုးတွေ ပြောလာကြတယ်။


မေး။     ။ သူတို့တွေမှာ ဘာတွေ အားနည်းနေသေးသလဲ။

ဖြေ။     ။ သူတို့မှာက အင်္ဂလိပ်ဘာသာစကားကို second language လိုမျိုး ပြောတတ် ဆိုတတ် ဖြစ်လာဖို့ လက်တွေ့ သူတို့စာသင်ခန်းမှာ မဖြစ်နိုင်ဘူး။ စာသင်ခန်းထဲက ဆရာတွေ၊ ဆရာမတွေနဲ့က မြန်မာလိုပဲ ပြောဆိုပြီး စာသင်နေရတာလေ။ သူတို့တွေ အပြင်မှာ ပြောမယ် ဆိုမယ်ဆိုရင် တကယ်တန်း ဘယ်လိုပြောမလဲ၊ အသံထွက် မှန်လား မှားလား ဘယ်လိုပြင်ပေးမလဲ။ ဒါမျိုးတွေ သူတို့အတွက် မရှိဘူးပေါ့။


မေး။     ။ အဲသည်အတွက် ကျောင်းစာတွေက ပြင်ဆင်ပေးထားတွေ မရှိဘူးလား။

ဖြေ။     ။ စာသင်ခန်းမှာ သင်ရတာတွေ ကျောင်းစာက သင်ထားရတာတွေက အပြင်မှာနဲ့ မတူဘူးလေ။ အတန်းစာထဲက စာတွေ ရေးတတ်၊ ဖတ်တတ်တာနဲ့ အပြင်မှာ သုံးလို့ မရဘူး။ ဥပမာ zoo animals’ တွေအကြောင်း စုံအောင် မသိဘူး။ မခေါ်တတ်ဘူး။ အဲသည် zoo animals’ တွေနဲ့ sentences တွေ မဆောက်တတ်ဘူး၊ မပြောတတ်ဘူး။ ကျောင်းစာထဲကအတိုင်းတော့ သူတို့ ရတာပဲ ရှိတယ်။


မေး။     ။ သူတို့ ကျောင်းစာတွေကို ဖတ်တတ်တယ် မဟုတ်ဘူးလား။ အဲဒါတွေကို ပြန်မရေးနိုင်ဘူးလား။

ဖြေ။     ။ သူတို့ကျောင်းစာတွေကို အဲသည်အတိုင်း ဖတ်တတ်တယ်။ အဲသည်အတိုင်း ရေးတတ်တယ်။ သူတို့ဖာသာ သူတို့ စာပြန်ရေးတာ၊ စာပြန်ပြောတာတွေ မလုပ်နိုင်ဘူး။


မေး။     ။ သမီးတို့နဲ့ ပြောဆိုပြီးတော့ သိလာတာနဲ့ sentence တွေ ပြန်စီတာတွေ၊ ပြန်ရေးတာတွေက သူတို့ အတန်းစာတွေ၊ ကျောင်းစာတွေကို ပြန်အထောက်အကူ မဖြစ်နိုင်ဘူးလား။

ဖြေ။     ။ အဲသည်လိုတော့ ဖြစ်နိုင်ပါတယ်။


မေး။     ။ ကောင်းပါပြီ၊ လှည်းကူးက အမေ့အိမ်ကျောင်းက အတွေ့အကြုံကဘယ်လိုလဲ။ သူတို့က သမီးတို့နဲ့ မနှစ်က မဆုံခဲ့ကြဘူးလေ။

ဖြေ။     ။ မေတ္တာနန္ဒကျောင်းက ၉ တန်းက ၉ တန်းအရွယ်တွေများတယ်။ လှည်းကူးက အမေ့အိမ်ကျောင်းမှာက ၁၀တန်း ကျတွေနဲ့ တွေ့ရတယ်။ အသက်တွေက ၁၆ နှစ်ကနေ ၂၀ လောက်အထိ ရှိတယ်။ သမီးတို့ထက် ကြီးတဲ့သူတွေ ပါတာပေါ့။ သူတို့က နံမယ်ဘယ်လိုခေါ်သလဲ၊ ဘယ်မှာနေသလဲ ဒါမျိုးတွေတော့ ပြောတတ်တယ်။ speaking တော့ရတယ်။ သူတို့က reading တို့ writing တို့ မရဘူး။ ပြီးတော့ မေတ္တာနန္ဒကျောင်းကလိုမျိုး စိတ်ဝင်စားတာမျိုး မတွေ့ရဘူး။


မေး။     ။ ဘာဖြစ်လို့လဲ။

ဖြေ။     ။ မေတ္တာနန္ဒကျောင်းက အဓိကကျောင်းလေ။ အဲသည်က ကလေးတွေကို ကျောင်းမှာသွား စာသင်ရတာ။ အမေ့အိမ်ကျောင်းကတော့ သူတို့တွေအခေါ် ကျုရှင်လိုမျိုးပေါ့။ အပြင် side school လိုမျိုးပေါ့။ သူတို့က normal public school တက်နေကျ ကျောင်းသားတွေပေါ့။ သူတို့တွေကို သမီးတွေက စာဖတ်ပြရတယ်။ ပြန်မေးတယ်။ ဖြေနိုင်တယ်။ ဒါပေမယ့် သူတို့က အပြင်စာတွေ စကားတွေကို သိပ်မသိချင်သေးဘူး။ ကျောင်းစာတွေတော့ ရတာပဲ ရှိတယ်။ ဒါတွေ သင်နေတာလဲ ကြာပြီကိုး၊ အသက်လည်း ကြီးတယ်လေ။


မေး။     ။ သူတို့တတွေက သမီးတို့နဲ့ ရင်းနှီးရလို့ သိကျွမ်းရလို့ အကျိုးရှိတယ်လို့ မထင်ဘူးလား။

ဖြေ။     ။ လောလောဆယ်မှာတော့ မတွေ့ရဘူး။ သူတို့က အပျော်လောက်ပဲ သဘောထားတာ။ မေးခွန်းတွေလည်း မမေးချင်ကြဘူး။ သိလည်း မသိချင်ဘူး။ နောက်တခုက သမီးတို့ထင်တာကတော့ မေတ္တာနန္ဒကျောင်းက ကလေးတွေက မိဘတွေ မရှိဘူးလေ။ မိဘမဲ့တွေ မဟုတ်လား။ သူတို့ကို ဂရုစိုက်တဲ့သူတွေဆိုလို့ သူတို့ကျောင်းနဲ့ ဆရာ၊ ဆရာမတွေနဲ့ ဘုန်းဘုန်းတွေပဲ ရှိတယ်။ ဒ့ါအပြင် သမီးတို့လိုမျိုး အပြင်လောကကနေ ဂရုစိုက်တဲ့သူတွေ တွေ့ရတယ်။ ဒါကို သူတို့က သိတယ်။ ဟိုမှာကတော့ သူတို့ အသိုင်းအ၀ိုင်းနဲ့ မိဘနဲ့ အိမ်နဲ့ ကျောင်းနဲ့ တက်နေရတာ ရှိတယ်။ ကျုရှင်လိုမျိုး တက်ရတာဖြစ်နေတယ်။


မေး။     ။ ဟုတ်ပြီ၊ မနှစ်တုန်းကတော့ သမီးတို့က formal class room teaching ပေါ့။ ဒါကို ဖြည့်ဆည်းပေးတာ၊ ဒီနှစ်ကျတော့ သမီးတို့က informal teaching, interactive learning လုပ်တာမျိုးကို သွားလုပ်တာ ဖြစ်တယ်။ မနှစ်တုန်းကတော့ ကလေးတွေက အတန်းတွေတက်၊ စာမေးတွေ အောင်ရင် ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ ကျောင်းဆရာတွေ လုပ်မယ်လို့ ပြောကြ ရေးကြတယ်။ အခုနှစ်ကျတော့ကော သူတို့တွေက (နွယ်ခွေ၊ မေတ္တာနန္ဒကျောင်း) က ကလေးတွေက ဘာတွေ လုပ်မယ်၊ ဖြစ်ချင်တယ်လို့ ပြောကြသလဲ။

ဖြေ။     ။ သမီးတို့က တိုးရစ်တွေနဲ့ စကားပြောတာမျိုး သွား သင်ကြတာ၊ စကားပြောတတ် မေးမြန်းစုံစမ်းတတ်အောင် သင်တာဖြစ်တယ်။ အဲသည်ကျတော့ ကျောင်းစာအပြင် တခြားလုပ်ချင်တာတွေကို သူတို့ စဉ်းစားပြီး ပြောလာကြတယ်။ tourist guide လုပ်မယ်ဆိုရင် ဘယ်လို လုပ်မယ်၊ တခြားလုပ်ချင်တာတွေ လေ့လာစရာတွေ လိုက်ရှာဖွေလို့ ရတယ်ဆိုတာမျိုး လျောက်ပြီး တွေးလာတယ်။ ချဲ့ပြီး စဉ်းစားလာတယ်။


မေး။     ။ အဲသည်လိုမျိုး ကျောင်းသားတွေ စိတ်ထဲမှာ အမျိုးမျိုးအဖုံဖုံ တွေးတတ်၊ စဉ်းစားတတ်၊ ပြောတတ်အောင် လုပ်နိုင်တယ်ဆိုတော့ ပုံမှန်စာသင်ခန်းမှာ သင်ကြားပေးနေတဲ့ ဆရာတွေ ဆရာမတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး တွေးမိ မြင်မိသလဲ။

ဖြေ။     ။ အစကတော့ ကျောင်းသားတွေ improvement ဖြစ်အောင်လို့ သမီးတို့က သွားကူကြတာလေ။ အမေရိကန်မှာ၊ သမီးတို့ကျောင်းမှာဆိုရင် ဆရာတွေက ဘာသာစုံကို သိတယ်။ သင်နိုင်တယ်။ သမီးတို့နဲ့ သမီးတို့ကျောင်းကဆရာတွေနဲ့က အရမ်းရင်းနှီးတယ်။ သမီးတို့က ဆရာတွေကို ကြောက်နေရတာမျိုး မရှိဘူး။ မြန်မာပြည်က ကျောင်းက ဆရာတွေကော၊ ကျောင်းသားတွေမှာက ကြောက်နေရတာမျိုး စိုးရိမ်နေရတာမျိုးတွေ ရှိနေတယ် ထင်တယ်။ ဆရာတွေဖက်ကလည်း သမီးတို့လိုမျိုး ရင်းနှီးမှုတွေ ကျောင်းသားတွေနဲ့ အပြန်အလှန် interactive လုပ်လာတာမျိုး improvement တွေ လုပ်လာတာမျိုး ဖြစ်လာစေချင်တယ်။


မေး။     ။ ဆရာတွေ ဆရာမတွေနဲ့ အဲလိုဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ။

ဖြေ။     ။ သမီးတို့နဲ့ သူတို့တတွေ စကားပြောကြပေါ့။ သမီးတို့ကို မေးပေါ့။ သမီးတို့ကလည်း ပြောပြမှာပေါ့။ အခုဟာက ဆရာတွေ ဆရာမတွေကလည်း သူတို့အချိန်စာရင်းတွေနဲ့ အပြည့်ဆိုတော့ သမီးတို့နဲ့ တွေ့ဖို့ အချိန်မရှိဘူး။ မစီစဉ်ပေးနိုင်ကြဘူး။ သမီးတို့တွေ ဘယ်လိုစာသင်ခဲ့တယ်။ ဘယ်လို learn လုပ်ရတယ်ဆိုတာမျိုး သူတို့ကို ပြောပြချင်တယ်။ သူတို့တွေနဲ့ seminar တွေ လုပ်နိုင်ရင် ကောင်းမယ် ထင်တယ်။ သမီးတို့ အမေ့အိမ်မှာ စာသင်တော့ ဆရာတွေက လာကြည့်တာမျိုးတော့ ရှိတယ်။


မေး။     ။ assessment တွေ followup တွေ လုပ်ကြဖို့ လိုတယ်လို့ ထင်တာပေါ့။

ဖြေ။     ။ ဟုတ်တယ်။


မေး။     ။ ကောင်းပြီ။ အဲသည်လိုမျိုး ရန်ကုန်က ပညာရေးကွန်ယက် ကွန်ဖရန့်တခုမှာတော့ မြန်မာပြည်က တက္ကသိုလ်ပညာရေးက အကြောက်တရားကင်းစင်သော ပညာရေးဖြစ်ရမယ်လို့ ထုတ်ဖော်ဆွေးနွေးခဲ့တယ်လို့ ဆိုတယ် (မိုးမခ၊ ဘိုးသိန်းရေး ဆောင်းပါးကို http://moemaka.com/archives/37011  ရှု) သမီးတို့ပြောသလိုဆိုရင် အခြေခံပညာရေးမှာကတည်းက ဆရာတွေကလည်း စဉ်းစားကြရမှာပေါ့။

ဖြေ။     ။ ဟုတ်တယ်၊ ကျောင်းမှာ ဆရာတွေ၊ တပည့်တွေမှာ စိုးရိမ်နေတယ်။ မှားမှာစိုးတယ်၊ မေးခွန်းထုတ်ရမှာကို စိုးနေတယ်။ မသိဘူးလို့ ပြောရမှာကို ကြောက်နေတယ်။ မသိလို့ မတတ်လို့ အပြစ်ပေးခံရမှာ၊ အရိုက်ခံရမှာကို ကြောက်နေတယ်။ အဲသလိုမျိုး။ အမေရိကန်မှာက အမှားကနေ သင်တာလေ။ အမှားကနေ သင်ခန်းစာကို ယူရတာ။ learn from mistakes လုပ်ရတာကို သမီးတို့ကျောင်းတွေမှာ သင်ရတယ်။ မှားတာကနေ အမှန်ကို ပြင်ယူရတာကို မကြောက်ဖို့ လိုတယ်လေ။ မသိတာကို ထုတ်မပြောတော့ အဲဒါတွေက ပွင့်လင်း မလာတော့ဘူးပေါ့။ open up မဖြစ်လာတော့ဘူးပေါ့။


မေး။     ။ ဆရာတွေ ကျတော့ရော …

ဖြေ။     ။ ဆရာတွေကလည်း အရမ်းကို respect ကို လိုချင်နေရင် တပည့်တွေနဲ့ close မဖြစ်တော့ဘူးလေ။ အဝေဖန်လည်း မခံနိုင်တော့ဘူး ဖြစ်သွားမှာပေါ့။ တပည့်တွေကလည်း မှားမှာကြောက်တယ်။ ဆရာတွေကလည်း သူတို့မှာ လိုအပ်ချက်တွေ ရှိနေတာကို ၀န်ခံပြီး ပြင်ဆင်ဖို့ကိုလည်း ကြောက်နေပြန်တယ်ဆိုရင် ဘယ်လို နီးစပ်မလဲ၊ တိုးတက်လာမှာလဲ။ သမီးတို့ကိုလည်း မင်္ဂလာပါဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမလို့တော့ နှုတ်ဆက်ရတာပါပဲ။ ဒါပေမယ့် သမီးတို့နဲ့ ကျောင်းသားတွေမှာ အတားအဆီးကြီး ဖြစ်နေအောင် မနေဘူးလေ။ သူတို့တွေကို ကလေးလေးတွေလိုမျိုး သမီးတို့က treat မလုပ်ဘူးလေ။ သူတို့ကို လူကြီးတွေလိုမျိုးသဘောထားပြီး ရင်းရင်းနှီးနှီး ဆက်ဆံတာပဲ၊ သမီးတို့ကတော့။


မေး။     ။ သမီးတို့ကျောင်းသားတွေက ဆရာတွေ ပြန်မလုပ်ချင်ကြဖူးလား။

ဖြေ။     ။ အင်း … တချို့ကျောင်းသားတွေက သမီးတို့ကို စာရေးတော့ ပြောကြတယ်။ သူတို့ translator တွေ၊ interpreter တွေ ဖြစ်ချင်တယ်။ ပြီးတော့ ဆရာမတို့လိုမျိုး (သမီးတို့လိုမျိုး) ဆရာတွေ ပြန်လုပ်မယ်လို့ ပြောလာကြတယ်။


မေး။     ။ နောက်တခါကျရင်ကော အဲသည် ကလေးတွေနဲ့ စာသွားသင်ဦးမှာလား

ဖြေ။     ။ သင်ဦးမယ်။ သမီးတို့ တတ်နိုင်တဲ့ အဲသည်ကကလေးတွေအတွက် improve ဖြစ်အောင် ထပ်သွားဦးမယ်လေ။ သမီးတို့တတွေ အဲသည်က ဆရာတွေ၊ ဆရာမတွေနဲ့လည်း စကားပြောချင်တယ်။ ရင်းနှီးချင်တယ်။ ဒါပေမယ့် ဗမာတွေဆီမှာက အရမ်းကို မာနတွေ အတ္တတွေ (ego & pride) တွေရှိနေရင် ဘယ်လိုစကားပြောလို့ ရမလဲ၊ ဟောသည် အမေရိကန်ကလာတဲ့ အမေရိကန် ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ဆီက ငါတို့က စကားနားထောင်လို့ ဘယ်ဖြစ်မလဲဆိုရင် သမီးတို့ ဘာမှ မတတ်နိုင်ဘူးလေ။ သမီးတို့ကို မယုံရင်လည်း မသိဘူးလေ။ သမီးတို့ပြောချင်တာတွေက သူတို့ဗမာပြည်က အခြေအနေတွေနဲ့ မတူဘူးဆိုပြီး သဘောထားနေရင် မဖြစ်ဘူးလေ။  


မေး။     ။ ဆရာတွေကို မပြောရင် ဘယ်သူတွေကို ပြောမလဲ။

ဖြေ။     ။ အင်း တဖက်ကစဉ်းစားကြည့်ရင်တော့ အဓိကကျတာက government ပါပဲ။ သူတို့ကိုယ်တိုင်က ပြင်မှ ဖြစ်မှာပါပဲ။


မေး။     ။ အစိုးရကြီးကို မပြောနိုင်ရင်လည်း ကျောင်းထောင်ထားသူတွေ၊ ကျောင်းအုပ်တွေ စီစဉ်သူတွေ၊ ဘုန်းတော်ကြီးတွေကိုကော ပြောလို့ မဖြစ်နိုင်ဘူးလား။

ဖြေ။     ။ ဟုတ်တယ်။ သမီးတို့ အမေ့အိမ် လှည်းကူး ၁ ကျောင်းမှာတုန်းကတော့ ဆရာတွေ လာကြည့်တော့ သူတို့နဲ့ ပြောဖြစ်တာတွေ ရှိတယ်။ သမီးတို့ စာသင်နေတာကို ဗီဒီယိုရိုက်ထားတာမျိုး လုပ်ဖို့ပေါ့။ ပြန်ပြီး ကြည့်လို့ရတာပေါ့။


မေး။     ။ အမေ့အိမ်မှာ တခြားသမီးတို့လိုမျိုး စာလာသင်တဲ့ ပြည်ပကဆရာတွေ ရှိသလား။

ဖြေ။     ။ ရှိတယ်။ နိုင်ငံခြားသား ဆရာတွေ ၃ ဦးလောက် လာတယ်။ သူတို့က ကျောင်းတွေ အများကြီးကို အချိန်နဲနဲပဲ ပေးပြီး စာသင်တာမျိုးလာလုပ်တာဆိုတော့ သမီးတို့လိုမျိုး ကျောင်းသားတွေနဲ့ bond လုပ်တာမျိုး၊ close ဖြစ်အောင် လုပ်တာမျိုး မဟုတ်ဘူး။ ပြီးတော့ သူတို့သင်တာက ကလေးတွေ သင်သလိုမျိုး သင်တာဆိုတော့ ကျောင်းသားတွေကို how are you တို့ what is your name တို့လောက်နဲ့ ပြီးသွားတာပဲ တွေ့ရတယ်။ အဲသည်လိုမျိုးအချိန်ပေးတာနဲ့တော့ မလောက်ဘူး ထင်ပါတယ်။


မေး။     ။ သမီးတို့ကို မြန်မာပြည်မှာရောက်တုန်းက အခြားစိတ်ဝင်စားသူတွေ၊ အဖွဲ့တွေ ရှိသလား။

ဖြေ။     ။ သတင်းဂျာနယ်တွေထဲက စာစောင် ၂ ခု လာတယ်။ ပြည်သူ့ဆန္ဒဆိုတာနဲ့ First Weekly က လာမေးတာ ရှိတယ်။ သမီးတို့နဲ့ နွယ်ခွေက အတွေ့အကြုံတွေ ပြောပြဖြစ်တယ်။


မေး။     ။ နွယ်ခွေ မေတ္တာနန္ဒကျောင်းက ကလေးတွေ အဲလေ ကျောင်းသား၊ ကျောင်းသူတွေနဲ့ game တွေ ဥာဏ်စမ်းတွေလုပ်တော့ ဘယ်လိုမျိုး သူတို့တွေ ဘယ်လိုတုန့်ပြန်ကြသလဲ ပြောပြပါဦး။

ဖြေ။     ။ အရင်တုန်းက ရှက်သလို ကြောက်သလိုဖြစ်နေတဲ့ ကျောင်းသားတွေက ဥာဏ်စမ်းတွေ အလှည့်ကျ မေးရ၊ ဖြေရတော့ အရမ်း တက်ကြွပြီး ပါချင်ကြတယ်။ သူများဖြေနေချိန်မှာလည်း သူတို့အချင်းချင်း အဖြေတွေ ဖြေကြည့်ကြတယ်။ ပြီးတော့ သမီးတို့က အားလုံးကို ပျော်အောင်လို့ ဆုတွေပေးတယ်၊ လက်ဆောင်လေးတွေ မျှဝေပေးတယ်။ လိုတဲ့ ကျောင်းသုံး၊ အသုံးအဆောင်တွေ ၀ယ်ပေးဖြစ်တယ်။ မေတ္တာနန္ဒကျောင်းက ကလေးတွေ ၁၃၀ ကျော်အတွက် မိုးကာတွေလည်း ၀ယ်ခဲ့ဖြစ်တယ်။ ဆုပေး ဒဏ်ပေးတာမျိုး မဟုတ်ဘူးလေ၊ အားလုံးကို အသိအမှတ်ပြုတဲ့သဘောပဲ။ သမီးတို့ ပြန်ခါနီးတော့ သူတို့တွေက လိုလိုလားလားနဲ့ အက်ဆေးတွေ ရေးပြီး နှုတ်ဆက်တဲ့ဆီမှာ သူတို့ခံစားချက်တွေ အများကြီး ထည့်ရေးကြတယ်။ သမီးတို့လည်း အရမ်းခံစားရတယ်လေ။


မေး။     ။ အခုဒီတခါမှာ သမီးတို့ကျောင်းသားတွေရဲ့ ဘ၀တွေ ဘာတွေ တွေ့ရသလဲ။

ဖြေ။     ။ သူတို့တွေက အခု ၉  တန်း ရောက်နေကြပြီလေ။ တခြားကျောင်းကဆိုရင် ၉ တန်း ၁၀တန်းတွေ ဖြစ်နေပြီ။ သူတို့ကျောင်းတွေမှာ သူတို့ အရမ်းအလုပ်များတာပဲ။ မနှစ်ကဆိုရင် သူတို့ပုံမှန်ကျောင်းချိန်ထဲက ဖဲ့ပြီး သမီးတို့အတန်းကို လာတက်ရတာလောက်ပဲ သိထားတာ။ အခုကျတော့ သူတို့စာသင်ချိန်တွေက များမှ များပဲ၊ မနက်ကနေ ကျောင်းတက်နေလိုက်ရတာ ည ၁၀နာရီအထိကို သူတို့တွေက ကျောင်းတက်နေရတုန်း၊ သူတို့အတွက် စာမေးပွဲတွေ အများကြီး၊ ကျောင်းစာတွေကလည်း အများကြီးပဲ။ အဲသည် ကျောင်းစာတွေနဲ့ ပိနေတော့ တခြားအချိန်တွေ အားလပ်ချိန်တွေလည်း သူတို့မှာ မရှိဘူး။


မေး။     ။ ကျောင်းသားတွေပဲ ကျောင်းစာတွေ လုပ်ရမှာ မဟုတ်ဘူးလား။

ဖြေ။     ။ မဟုတ်ဘူးလေ။ ကျောင်းစာတွေအပြင် အပြင်ဝါသနာပါတာတွေ၊ ပျော်စရာတွေ၊ အားကစားတွေ သူတို့မှာ လုပ်စရာ မရှိဘူး၊ အချိန်လည်း မရှိဘူးလေ။ သမီးတို့ (အမေရိကန်) ကျောင်းတွေမှာ အားကစားတွေ၊ အနုပညာတွေ၊ ကတာ ခုန်တာတွေ၊ ပွဲတွေလုပ်တာတွေ ရှိတယ် ၀ါသနာပါတာတွေ လိုက်စားကြတယ်လို့ ပြောပြတော့ သူတို့အတွက်က အထူးအဆန်းတွေ ဖြစ်လို့ နေကြတယ်။ အမေ့အိမ်က ကျောင်းသားတွေမှာလည်း ကျောင်းပြီးတာနဲ့ ကျုရှင်တွေ ဆက်နေတယ်။ စနေ တနင်္ဂနွေတွေလည်း သူတို့မှာ မရှိဘူး။ အပြင်က မိဘတွေကလည်း သူတို့ကလေးတွေကို ကျောင်းစာတွေ ကျုရှင်တွေနဲ့ပဲ လုံးပမ်းနေခိုင်းတာ သနားစရာ ကောင်းတယ်။ သနားစရာဆိုတာ ကလေးတွေကော၊ မိဘတွေကောပဲနော်။ မိဘတွေကလည်း ကလေးတွေရဲ့ ကျုရှင်တွေအတွက် နောက်က လိုက်လုပ်ပေးနေရတာကိုး။ သူတို့လည်း life ဆိုတာ ဘယ်ရှိမှာလဲ။


မေး။     ။ ဘာသနားစရာရှိလို့လဲ။

ဖြေ။     ။ ဗမာပြည်မှာက မိဘတွေကော ပတ်ဝန်းကျင်က ကလေးတွေကို စာကျက် စာကျက်၊ စာကျက်မှ အောင်မြင်မှာ၊ စာကျက်မှ အဆင်ပြေမှာ ဒါတွေနဲ့ပဲ stress တွေဖြစ်အောင် လုပ်ခိုင်းထားတယ်။ သူတို့ စာကျက်နေတာတွေက သူတို့ ၀ါသနာပါတာတွေ၊ ဖြစ်ချင်တဲ့ စိတ်ကူးဥာဏ်တွေကို အထောက်အကူဖြစ်မလား၊ မဖြစ်လားလဲ သေချာပြန်မစဉ်းစားခိုင်းဘူး။ ဘ၀မှာ စာကျက်နေရုံနဲ့ အဆင်ပြေသွားမယ်၊ ကောင်းသွားမယ်လို့ သဘောထားလို့ မပြီးဘူးလေ။ သူတို့တွေ ဖြစ်ချင်တဲ့ ဘ၀တွေအတွက် သူတို့ ကျောင်းစာအပြင်က activity တွေ practice တွေ လေ့လာစရာတွေ လိုတယ်လေ။ ကျောင်းစာမှာ မအောင်မြင်တာနဲ့ အပြင်ဘ၀မှာလည်း အောင်မြင်မှာ မဟုတ်ဘူးလို့ လှေနံဒါးထစ် မမှတ်ရဘူးလေ။ ဘ၀မှာ သူတို့အတွက် ကောင်းတာတွေ၊ သင့်တော်တာတွေ အများကြီး ရှိနေသေးတယ်။ ဒါကိုသူတို့တွေ သိထားဖို့ လိုတယ်လေ။ ငယ်ငယ်ကတည်းက စမ်းသပ်လေ့လာနေရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကျောင်းစာအပြင် အခြားလုပ်စရာတွေ ရှိနေတာကို အခွင့်အလမ်းပေးရဖို့ လိုတယ်။ သူတို့တွေက reporter တွေလည်း ဖြစ်လာနိုင်တာပဲ။ အမှတ်ကောင်းတာနဲ့ ဘ၀မှာ လူမှုဝန်းကျင်မှာ အမှတ်တွေ ကောင်းနေမယ်လို့ အာမခံမထားဘူးဆိုတာ မိဘတွေကလည်း လက်ခံပေးရမှာပေါ့။


မေး။     ။ အဲဒါတွေ အဲသည် စိတ်နေ စိတ်ထားတွေကို ပြောင်းဖို့ ဘယ်လိုလုပ်ကြမှာတုန်း။

ဖြေ။     ။ ဒါကတော့ အဖေအမေတွေကော၊ ကလေးတွေကော၊ ကျောင်းသားတွေကောမှာ အပြောင်းအလဲဆိုတာကို လက်ခံမှ ဖြစ်မှာပဲ။ ဘ၀မှာ ပျော်ဖို့ဆိုတာ အဆင်ပြေဖို့ဆိုတာက စာကျက် စာကျက်ဆိုတာနဲ့မှ မပြီးတာ။ ဘ၀မှာ တခြား လုပ်စရာတွေ သိစရာတွေ ဖြည့်စွက်စရာတွေ ရှိတယ်။ ကျောင်းမှာ သင်နေတာတွေက အပြင်မှာအသုံးမ၀င်ဘဲ စာမေးပွဲအောင်ရုံဆိုတာကလည်း ဟုတ်မှ မဟုတ်တာနော်။ အဲသည် cycle ထဲကနေ ပြောင်းမှ ဖြစ်မှာ။ essence of life ပေါ့၊ သူတို့အားလုံးရဲ့ ဘ၀အဓိပ္ဗါယ်ကို သူတို့ကိုယ်တိုင် မေးခွန်းထုတ်မှ ဖြစ်မှာ။


မေး။     ။ သမီးတို့ကိုယ်တိုင်ကော အခုလိုမျိုး စာသင်တဲ့ ကူညီတဲ့ စေတနာ့ဝန်ထမ်းအလုပ်တွေ သွားလုပ်တော့ စိတ်တွေမှာ ဘာတွေ ပြောင်းသွားသလဲ။

ဖြေ။     ။ (ငယ်ငယ်က ဖြေ) သမီးအတွက်ကတော့ ကျောင်းမှာ ကောင်းအောင်တော့ လုပ်ရမယ်။ သမီးက သချာင်္ညံ့တယ်။ ကောလိပ်တက်ဖို့အတွက်က အခုလို community service တွေ များများလုပ်တာ၊ အတွေ့အကြုံကနေ သင်ယူတာကလည်း အကျိုးရှိတယ်။ သမီးကို enrich ဖြစ်စေတယ်ဆိုတာ သိလာတယ်။ အမေရိကန်မှာ ကျောင်းစာတွေချည်း ကောင်းရုံတင်သာမကဘဲ အခုလို လုပ်တာတွေက အထောက်အကူဖြစ်တယ်။ တက္ကသိုယ်ကျောင်းတွေကလည်း သည်လိုမျိုး အတွေ့အကြုံရှိတဲ့ ကျောင်းသားတွေကို စဉ်းစားတယ်ဆိုတာ သိလာတယ်။ I can do more with what I have.

(နုနုက ဖြေ) သမီးကတော့ ဒီမှာ (အမေရိကန်မှာ) သင်ပေးတဲ့ education system ကို ကျေးဇူးတင်တယ်။ သမီးတို့ကို ရိုက်နှက်ပြီးတော့ မသင်တဲ့ ဆရာတွေ ဆရာမတွေကလည်း ကျေးဇူးတင်တယ်။ သမီးတို့ကို မှားခွင့်ပေးတဲ့ ကျောင်းတွေကိုလည်း ပိုပြီးတော့ သဘောကျမိတယ်။ ဒီမှာ ကျုရှင်ပြီးတော့ ကျုရှင်လုပ်မနေတဲ့ အဖေနဲ့ အမေကိုလည်း ကျေးဇူးတင်တယ်။ ဒီမှာ social life ရှိနေတာကို ဗမာပြည်က သမီးကျောင်းသားတွေ ကျောင်းသူတွေကို ပိုပြီး သဘောပေါက်လာစေချင်တယ်။

သမီးတို့ သဘောပေါက်တာတခုကတော့ သမီးတို့အတွက်ကို ကျောင်းကနေပြီး ပညာရေးကနေပြီးတော့ ဖြည့်ဆည်းပေးနေတာ။ ကျောင်းတွေ ပညာရေးစနစ်တွေအကျိုးကို သမီးတွေက ပြန်ပြီး ဖြည့်ဆည်းပေးနေရတာ မျိုး မဟုတ်ဘူး ဆိုတာ သဘောပေါက်လာတယ်။ ဟိုမှာက သူများတွေအတွက် အသက်ရှင်ပေးနေရသလိုမျိုးပဲ။


မေး။     ။ အနည်းဆုံးတော့ သမီးတို့ကျောင်းသားတွေကိုယ်တိုင်တော့ သဘောပေါက်သွားမယ် ထင်ပါရဲ့။ သမီးတို့နဲ့ ခွဲရတော့ သူတို့တတွေ ဘယ်လို ခံစားကြရသလဲ။

ဖြေ။     ။ အရင်တခေါက်ကထက် သူတို့တွေ ပိုပြီး စိတ်ထိခိုက်ကြတယ်။ အရင်တုန်းကတော့ သူတို့တွေနဲ့ သမီးတို့တတွေ သံယောဇဉ်မတွယ်ကြသေးဘူးပေါ့။ အခုကျတော့ ခင်လည်း ခင်သွားကြပြီ။ စေတနာထားတာကိုလည်း သိသွားကြပြီ။ သူတို့တွေ အမှတ်တရအက်ဆေးတွေ ရေးပေးကြတော့ ငိုကြတယ်။ သမီးတို့လည်း စိတ်ထိခိုက်ရတယ်။ သမီးတို့က နောက်နှစ်တွေကို ကောလိပ်တွေ ဘာတွေ တက်ရတော့မှာဆိုတော့ လာနိုင်မယ် မထင်ဘူးဆိုတော့ သူတို့တွေ ပိုခံစားရတာပေါ့။ သမီးတို့က ၂၀၁၄ တော့ လာနိုင်မယ် မထင်ဘူး။ ၂၀၁၅တော့ လာဖြစ်မယ် ထင်တယ်လို့ ပြောလိုက်တယ်လေ။ သူတို့တွေက အက်ဆေးလေးတွေ ရေးပြီးတော့ စာရွက်တွေကို လှအောင် မျိုးစုံခေါက်ပြီးတော့ ပေးတာလေ။ သမီးတို့တွေ ခုချိန်ထိ ဖွင့်ပြီး မကြည့်ရက်သေးဘူး။ အခုတော့ အတူတူ ဖွင့်ကြည့်ပြီး ဖတ်ကြမယ်လေ။


မေး။     ။ ကျေးဇူးတင်ပါတယ် သမီးတို့ရယ်။ အခုသမီးတို့က အသက် ၁၆နှစ်နဲ့ ၁၈ နှစ် ရှိပြီ။ သမီးတို့ အတွေ့အကြုံတွေ အတွေးအမြင်တွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ သည်စာကို ဖတ်မိတဲ့ မိဘတွေ၊ ဆရာတွေ၊ ကျောင်းသားတွေလည်း စဉ်းစားစရာတွေ ရသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

(ကလေးတွေရဲ့ စာတွေ အကုန်လုံး ထည့်ပေးလိုက်တယ်။ မြန်မာပြည်က ၁၄၊ ၁၅၊ ၁၆ နှစ်ကလေးတွေ ရေးတဲ့စာတွေ)

 

style=” margin: 12px auto 6px auto; font-family: Helvetica,Arial,Sans-serif; font-style: normal; font-variant: normal; font-weight: normal; font-size: 14px; line-height: normal; font-size-adjust: none; font-stretch: normal; -x-system-font: none; display: block;”>    

style=”text-decoration: underline;” >Letters from Metta Nanda to Nu Nu & Nge Nge by   style=”text-decoration: underline;” >Moe Ma Ka


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts