သတင်းပဒေသာ

မိကျောင်းကန် သပိတ်စခန်း နှစ်ဖက်အလျော့ပေးကာ အကောင်းဆုံးဖြစ်ရန်စီစဉ်နေဟုဆို

မိကျောင်းကန် သပိတ်စခန်း နှစ်ဖက်အလျော့ပေးကာ အကောင်းဆုံးဖြစ်ရန်စီစဉ်နေဟုဆို

(မော်ကွန်းစာစောင် ဖေ့စ်ဘွတ်က ကူးယူဖော်ပြပါတယ်)
ကောင်းမြတ်မိုး။ ရန်ကုန် – ဒီဇင်ဘာ ၁၀၊ ၂၀၁၃ (မော်ကွန်း)

အစိုးရတာဝန်သူများဘက်မှ လျော့ပေါ့စဉ်းစားပါက မိချောင်းကန်ပြည်သူများဘက်မှလည်း ပြန်လည် အလျော့ပေးကာ အကောင်းဆုံးအဖြေရရှိရန် ကြိုးစားနေကြောင်း မိကျောင်းကန်သပိတ်စခန်းကို ဦးဆောင်သူတစ်ဦးက မော်ကွန်းသို့ အတည်ပြုပြောကြားသည်။

မိချောင်းကန် ပြည်သူများသည် ၎င်းတို့မြေယာများ ပြန်လည်မရမရှိမချင်းသပိတ်စခန်းကိုဖွင့်လှစ်သွားမည်ဟု ပြောဆိုထားပြီး သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနကလည်း ယမန်နေ့ညနေ ၆ နာရီတွင် ဖယ်ရှားမှုမပြုလုပ်ပါကတည်ဆဲဥပဒေအရထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း အမိန့်စာတစ်ဆောင်ထုတ်ပြန်ခဲ့သည်။

ဦးဆောင်သူသုံးဦးထဲမှ ကိုအောင်မျိုးဝင်းက “သူလည်း(အစိုးရတာဝန်ရှိသူများ)လျော့၊ ကိုယ်လည်းလျော့ ပေါ့နော်။ ကျွန်တော်တို့တွေ လည်းလျော့လိုက်တဲ့အပေါ်မှာသူတို့ကလည်း ပြန်လျော့ပေးသင့်တယ်။ အဲဒီအပေါ်မှာအဖြေတစ်ခုရဖို့ ကြိုးစားနေပါတယ်”ဟုပြောကြားသည်။

Photo: Kaung Myat Moe

Photo: Kaung Myat Moe

လွန်ခဲ့သည့် လေးရက်က သပိတ်စခန်းအနောက်ဘက် မြစာရံစေတီ ၀န်းကျင်တွင် စစ်တပ်မှ တပ်မတော်သားများကသပိတ်စခန်းကို ၀ိုင်းပတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီးနောက်တစ်ရက်တွင် အင်္ကျီအနက်ဝတ်ဆင်ထားသည့် လူတစ်စုက ဆန္ဒပြသများကို ၀င်ရောက်ရိုက်နှက်မှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ယနေ့တွင် အဖမ်းဖက်ဖြိုခွင်းခံရမည်ကိုစိုးရိမ်သောကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ အခြေအနေကိုထိမ်းသိန်းရန် လာရောက်စောင့်ကြပ်ပေးနေသည် ကိုတွေ ရှိခဲ့ရသည်။

ဒီမိုကရေစီအရေးလှုပ်ရှားသူများထဲမှ ကိုကျော်နေ၀င်း(GY) မှ “လက်ပံတောင်းတုန်းကလည်းမလုပ်ဖူးထင်တာညဘက် ကြီး ဖြိုခွင်းခံခဲ့ရတယ်။အခုလည်းပြောလို့မရဘူးလေ။အဲဒါကြောင့်ဒီနေ့တော့ ဒီမှာပဲအိပ်ဖြစ်မယ်ထင်တယ်”ဟုမော်ကွန်းသို့ ဖြေကြားသည်။

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးရာခုံသမာဓိကောင်စီမှ အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုရဲနိုင်ဝင်း နှင့် အခြားသုံးဦးမှ မိချောင်းကန်ပြည်သူများကိုယ်စားရန်ကုန်တိုင်းနယ်စပ်ရေးရာ နှင့် လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းတို့နှင့် အရေးပေါ်သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနှစ်ဦးနှစ်ဘက် ရုပ်ဆိုးစေမည့် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်မှုများမဖြစ်စေရန်တောင်းဆိုခဲ့ ကြကြောင်းသိရသည်။

နယ်/လုံ ၀န်ကြီးမှလည်းယခုမြေများကိုတစ်ဦးတစ်ယောက်ကို ရောင်းချထားချင်းလုံးဝ မဟုတ်ကြောင်း၊ ယခုကိစ္စက ရန်ကုန်တိုင်းအစိုးရမှ လုပ်ပိုင်ခွင့်မရှိ၍ ပြည်ထောင်စုအစိုးရမှသာလုပ်ပိုင်ခွင့်ရှိမည် ဖြစ်ကြောင်း၊ ရက်ကြာမြင့်လာပြီ ဖြစ်သောသပိတ်စခန်းကို နိုင်ငံတော်ပုံရိပ်အတွက် ပိတ်သိမ်းပေးပြီး နောက်ပိုင်းတွင်လိုလားချက်များမရပါက ခွင့်ပြုမိန့်ရယူကာ ဆန္ဒထုတ်ဖော်မှု များပြုလုပ်နိုင်ပြီး အလွယ်တစ်ကူခွင့်ပြုသွားမည်ဖြစ်ကြောင်းတို့ကို ကတိပြုခဲ့ကြောင်း သွားရောက်ညှိနှိုင်းသူများက ပြန်လည်ပြောပြခဲ့သည်။

Photo: Thet Oo Mon

Photo: Thet Oo Mon

၁၄ ရက်ကြာမြင့်ခဲ့ပြီဖြစ်သောမိချောင်းကန် သပိတ် စခန်းကြောင့် SeaGame ပွဲတော်ကာလအတွင်း နိုင်ငံတော် ပုံရိပ်ကိုထိခိုက်မည်ကို အစိုးရဘက်မှစိုးရိမ်လျှက်ရှိပြီး  ဆန္ဒပြပြည်သူများကလည်း အကြမ်းဖက်ဖြိုခွင်းမည်ကိုစိုး ရိပ်မှုများရှိနေပြီး အမှန်တကယ်အကြမ်းဖက် ဖြိုခွင်းလာပါကလည်း နဂိုခံယူချက်ဖြစ်သော ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု ဖြစ်သည်အတွက် ခေါင်းငုံကာခံယူသွားမည်ဖြစ်ပြီး ပြန်လည်းတုန့်ပြန်မှု လုံးဝလုပ်ဆောင် သွားမည်မဟုတ်ကြောင်း မော်ကွန်းသို့ ပြောကြားခဲ့သည်။

ယနေ့မနက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း မှ သပိတ်စခန်းကိုဒုတိယအကြိမ် လာရောက်ကာ ထပ်မံဆွေးနွေးမှုများကိုလုပ်ဆောင်မည်ဖြစ်ကြောင်းကိုလည်းညှိနှိုင်းသူများထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်ကျော်၊ရန်ကုန်၊ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ မန္တလေးသို့လမ်းလျှောက်ခဲ့သည် အရှင်ရက္ခ၀ံသနှင့် အခြားသံဃာတော်များ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ ပြည်သူလူထုများကသပိတ်စခန်းကို ၀န်းရံ ပေးခဲ့ကြသည် ကိုတွေရှိခဲ့ရသည်။          ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts