Uncategorized

Burmese Australian Actress Su Mon Aye with MoeMaKa Interview

သြစတြေးလျက ရုပ်ရှင်သရုပ်ဆောင် ဆုမွန်အေးနဲ့ စကားစမြည်
မိုးမခအင်တာဗျူး၊ သြဂုတ် ၁၈၊ ၂၀၁၃

ဆုမွန်အေး ဆိုတာ ဘယ်လိုသရုပ်ဆောင်မျိုးလဲ

ဆုမွန်အေးဆိုတာ ဘာသာစကားစုံ ပြောသူ၊ သြစတြေးလျ ရုပ်ရှင်သရုပ်ဆောင်၊ ဇာတ်ကောင်ဒါရိုက်တာ၊ မိုဒယ်၊ စာရေးသူ၊ အခမ်းအနား တင်ဆက်သူ၊ ပြဇာတ်ရေး၊ အသံသရုပ်ဆောင် လို့ ပြောရမှာပေါ့။ (multilingual Australian Actress, Casting Director, Producer, Talent, Model, Writer, Event Host, Playwright and Voice-over artist) ရန်ကုန်မှာ မွေးတယ်။ အခု သြစတြေးလျမှာ မိသားစုနဲ့ အတူနေထိုင်ပါတယ်။


သရုပ်ဆောင်လုပ်ငန်းအကြောင်း ပြောပါဦး

ရုပ်ရှင်တွေမှာ သရုပ်ဆောင်တယ်။ ကြော်ငြာရိုက်တယ်။ သြစတြေးလျ ဖလင်လုပ်ငန်းနဲ့ ထုတ်လုပ်ရေးကုမ္မဏီတွေက တီဗီ ကြော်ငြာတွင်သာမက ပညာပေးနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေမှာလည်း ပါဝင်တယ်။


လက်ရှိမှာ ဘာလုပ်နေသလဲ

သြစတြေးလျမှာ ထုတ်မယ့် ရုပ်ရှင်ကား ၃ ကားမှာ သရုပ်ဆောင်ရိုက်ကူးနေပါတယ်။ ပထမကားက Natural Injustice သဲထိပ်ရင်ဖို ဇာတ်ကား၊ သူ့သားကို ဆုံးရှုံးထားတဲ့ အဖေတယောက်ရဲ့ အကြောင်း။  ဒါရိုက်တာက Warren Coulton (www.azwazfilms.com) ပါ။ ဆုမွန်က ဇာတ်ကောင်တနေရာကနေ သရုပ်ဆောင်ရမယ်။ နောက်တကားကတော့  Control  နံမယ်နဲ့ သဘာဝလွန် အချစ်ဇာတ်ကားပေါ့။  Director Steve Herczeg ။ ဇာတ်လမ်းက တမလွန်က တစ္ဆေဖြစ်နေတဲ့ ကောင်လေးက လူသားမိန်းကလေးကို ချစ်မိတဲ့အကြောင်း။  နောက်တကားကတော့ ဆုမွန်ကိုယ်တိုင်လည်း ထုတ်လုပ်သူလည်း လုပ်မယ်၊ သရုပ်ဆောင်လည်း လုပ်မယ့်ကားပေါ့။ ညသန်းကောင်လွန်ကပုံပြင်များဆိုတဲ့ အမည်ပါ။ အဲသည်မှာ သဲထိတ်ရင်ဖို ဇာတ်လမ်း ၆ မျိုး ပါမယ်။ Director က Warren Coulton က ရိုက်မယ်။


Casting Director ဇာတ်ကောင်ဒါရိုက်တာဆိုတာ ဘာအလုပ်လဲ။

ဆုမွန်က Canberra (ကင်ဘာရာ) ရုပ်ရှုင်လုပ်ငန်းမှာ ဇာတ်ကောင်ဒါရိုက်တာအလုပ် လုပ်တယ်။ သရုပ်ဆောင်တွေကို ရွေးတာ၊ စစ်တာတွေပေါ့။ သင့်တော်မယ့် ဇာတ်ကားအတွက်။


ပညာအရည်အချင်းကို ပြောပါဦး။

ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေးဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ Bachelor in Advertising / Marketing



သြစတြေးလျရုပ်ရှင်ပြီးတော့ မြန်မာ့ရုပ်ရှင်လောကကိုကော စိတ်မကူးဘူးလား။

သြစတြေးလျက ရုပ်ရှင်လောကသားတွေနဲ့ အလုပ်လုပ်ရတာ ပျော်ရသလိုမျိုး မြန်မာပြည်က ဖျော်ဖြေရေးလုပ်ငန်းတွေ ကြော်ငြာတွေ တီဗီတို့ ဗီစီဒီတို့ ကာရီအိုကီတို့မျိုး ရိုက်ရ ကူးရမယ်ဆိုရင်လည်း ဆုမွန်အနေနဲ့ အလွန်ကို ဂုဏ်ယူမှာပါပဲ။ ဗမာပြည်ကို တချိန်မှာ ကိုယ်ပိုင်ဖလင်ရိုက်ကူးရေးအဖွဲ့နဲ့ အတူတူ ပြန်ပြီးတော့ ရုပ်ရှင်တကား သို့မဟုတ် မှတ်တမ်းရုပ်ရှင်တခုခုဖြစ်ဖြစ် ရိုက်ဖြစ်ဖို့ကို စိတ်ကူယဉ်မိပါတယ်။


လူမှုရေးလုပ်ငန်းတွေ လုပ်သလား။

ဆုမွန်ရဲ့ အနုပညာကြေးထဲကကော တခြားဝင်ငွေထဲကပါ စုပြီးတော့ ဗမာပြည်က ဆင်းရဲ နွမ်းပါးတဲ့ သက်ကြီးရွယ်အို အိုမင်းမစွမ်းတွေကို ကူညီတဲ့အလှူဒါနကို လုပ်ပါတယ်။ ပြည်ပရောက်နေတဲ့ ဗမာတိုင်းရင်းသားတွေကို ဆုမွန်တောင်းပန်လိုတာကတော့ တိုင်းပြည်က ကံမကောင်း အကြောင်းမလှတဲ့သူတွေကို ကူညီပေးကြဖို့ပါ။ ဗမာပြည်က ဧည့်ဝတ်ကျေတယ်။ လူမှုရေး တန်ဖိုးတွေ ရှိတယ်။ ရိုးရာအမွေအနှစ်တွေ ရှိတယ်လို့ နာမည်ကြီးတယ်။ ဒါကို ဗမာတိုင်းက ဆုမွန်လိုပဲ ဂုဏ်ယူကြတယ်။ ဒါဆိုရင် ဆုမွန်တို့ကလည်း အဲသည်တိုင်းပြည်က လိုအပ်နေတဲ့ နေရာတွေ လူတွေကို တိုက်ရိုက် အကူအညီပေးနိုင်အောင် လုပ်ကြဖို့ လိုပါတယ်။

မြန်မာမိသားစု အသိုင်းအ၀ိုင်းအကြောင်း၊ ကလေးဘ၀အကြောင်း ပြောပါဦး။

ဆုမွန်က ဗမာပြည်ဖွား၊ သြစတြေးလျသူ၊ ဗုဒ္ဓဘာသာ အဆုံးအမများနဲ့ ကြီးပြင်းလာသူပါ။ အဖေက ဦးအေး၊ အငြိမ်းစားဗမာသံအမတ်။ သြစတြေးလျ၊ ကနေဒါ၊ ဗီယက်နမ်၊ ဆွစ်ဇာလန်တို့မှာ ဗမာသံအမတ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဆုမွန်မိခင်က ဒေါ်နီဝင်းပါ။ အရင်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်ခဲ့ဖူးပါတယ်။ အဖေရဲ့ညီအကိုတော် ဆုမွန်ဦးလေးက အခု ဗမာသမ္မတကြီး ဦးသိန်းစိန်ရဲ့ အကြံပေးအဖြစ် ထမ်းဆောင်နေတဲ့ ဦးမြင့်ဖြစ်ပါတယ်။ ဆုမွန်ဘ၀အတွက်က မိဘ ၂ပါး၊ အဒေါ် ၃ ယောက်နဲ့ ဆုမွန်ကို ထိန်းပေးတဲ့ နာနီတို့အားလုံးကို စောင့်ရှောက်နိုင်ဖို့ ကျွေးမွေးပြုစုနိုင်ဖို့က အရေးအကြီးဆုံး ရည်မှန်းချက်ပါပဲ။ ဗမာပြည်က ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့လည်း အဆက်မပြတ် ရှိနေပါတယ်။


ဘာသာစကားစုံ ပြောတယ်ဆိုတာ ဘာလဲ။

ဆုမွန်က ဗမာ၊ အင်္ဂလိပ်၊ ပြင်သစ်စာ အခြေခံ၊ ဂျာမန်စကားနည်းနည်း ပြောနိုင်ပါတယ်။ ဘ၀မှာ မွေးပြီးနောက် ၁၆ နှစ်လုံးလုံး နိုင်ငံတကာလှည့်ပြီး နေခဲ့ရတယ်။ မိသားစုတွေထဲမှာ အနုပညာဝါသနာပါသူဆိုလို့ ဂစ်တာကောင်းကောင်း တီးတတ်တဲ့ အန်ကန် ဦးမြင့်ပဲ ရှိတယ်လေ။ အဲသည် ဂစ်တာပညာနဲ့ အန်ကယ်ဦးမြင့်က ဒေါ်အောင်ဆန်းစုကြည်တို့ ပွဲမှာ အပျော်တမ်း ဖျော်ဖြေခဲ့တယ် မဟုတ်လား။


ဘယ်လိုမျိုး အနုပညာဖျော်ဖြေမှုနယ်ပယ်ထဲ ရောက်လာတာလဲ။

၈ နှစ် သမီးကတည်းက အက အခုန်တွေထဲ ၀ါသနာပါနေပါပြီ။ ဒါပေမယ့် အဖေအမေတွေနဲ့ ဆွေမျိုးတွေက တက္ကသိုလ်က ဘွဲ့ရပြီး၊ အချိန်ပြည့်အလုပ် (full time job) တခု ရပြီးတော့မှ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့ တိုက်တွန်းခဲ့တာကို နားထောင်ခဲ့တယ်။ ဒါကြောင့် ၂၀၁၂ မှာမှ ဆုမွန်ရဲ့ အိပ်မက်နောက်ကို လိုက်နိုင်တော့တယ်။ ၅ နှစ်သမီးကတည်းက စာရေးတယ်၊ ကဗျာရေးတယ်၊ ပုံဆွဲတယ်။


ရုပ်ရှင် အနုပညာကို ၀ါသနာပါတဲ့သူတွေအတွက် ဆုမွန်က ဘာပြောချင်သလဲ။

နိုင်ငံရပ်ခြားတိုင်းပြည်က ရုပ်ရှင်လုပ်ငန်းတွေထဲမှာ သရုပ်ဆောင်တွေ ဖြစ်ချင်တဲ့သူတွေအတွက် ဆုမွန်က ဒီလိုပြောချင်ပါတယ်။ ကိုယ့်အရည်အချင်းတွေ ကိုယ့်အတွေ့အကြုံတွေကို အချိန်ယူပြီး တည်ဆောက်ပါ။ ကိုယ်ရောက်နေတဲ့ တိုင်းပြည်အကြောင်းကို ကောင်းကောင်းသိအောင် လုပ်ပါ။ အဲသည်ကနေ နိုင်ငံတကာက အသိအမှတ်ပြုမှုရအောင် လုပ်ပါ။ အဲသည်အခါကျရင် ဘယ်လိုပဲ သေးငယ်တဲ့ ဖလင်ပရိုဂျက်ပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ကြီးကျယ်တဲ့ ဟာပဲဖြစ်ဖြစ် ပိုက်ဆံ ရသည်ဖြစ်ဖြစ် မရသည် ဖြစ်ဖြစ်၊ လက်ခံပြီး လုပ်ပါ။ အတွေ့အကြုံကို ယူပါ။ မာနမထားပါနဲ့။ ကိုယ်တိုင်က ဘယ်လောက်ပဲ အောင်မြင်နေပါစေ အားလုံးကို လေးစားပါ။ အသိအမှတ်ပြုပါ။ အားလုံးမှာ မတူညီတဲ့ကျွမ်းကျင်မှုတွေ မျိုးစုံ ရှိနေတယ်။ သူများတွေကို ပြိုင်ဖက်တွေလို့ သဘောမထားပါနဲ့၊ တသင်းတည်း ကစားနေသလိုမျိုး အတူလက်တွဲပြီး အလုပ်လုပ်ပါ။ တကွေ့မဟုတ်တကွေ့မှာ ကောင်းတာနဲ့ တိုးရမှာပဲ။  အရေးအကြီးဆုံးကတော့ လမ်းခရီးမှာ ကိုယ့်ကို ကူညီခဲ့တဲ့သူတွေကို ဘယ်တော့မှ မမေ့ပါနဲ့၊ သူတို့ကို အမြဲတန်း သတိရပါ၊ ထုတ်ဖော် ချီးမွန်းပါ။ 

ဆုမွန်အကြောင်း ပိုပြီး သိချင်တယ်၊ ဆက်သွယ်ချင်တယ်ဆိုရင် ဘယ်လိုမျိုး ဆက်သွယ်ရမလဲ။

Facebook Fan Page: Search under “Sumon Aye – Entertainer” or go to

My showreel on youtube can be viewed at   http://www.youtube.com/watch?v=tgbCl-oHyJw


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts