ဆောင်းလူ

Saung Luu – Essay

ကဗျာအဖြစ် ပုံမဖော်ချင်တဲ့ စာတချို့
ဆောင်းလူ
သြဂတ် ၁၈၊ ၂၀၁၃


ဟိုတလောလေးက ..ပြည်တွင်းပြန်သွားတဲ့ ရဲဘော်ရဲဘက်တယောက်နဲ့ လိုင်းပေါ်မှာ တွေ့လို့ စကားလေး ဘာလေး နည်းနည်းပါးပါး ပြောဖြစ်လိုက်တယ် …။ ဟိုပြော သည်ပြောနဲ့ နောက်ဆုံး … ဟောင်ကောင်မှာကျောင်းသွားတက်နေတဲ့ ညီအကိုရဲဘော်ကျောင်းသားငယ်တယောက်အကြောင်း ရောက်သွားတယ် …။ 
ခုတော့ အိမ်ထောင်တွေ ဘာတွေကျပြီး .. ပြည်တွင်းမှာ သတင်းဌာနတခုမှာ ၀င်လုပ်နေတယ်လို့ သိလိုက်ရတယ် …။ ဘွဲ့ရလား …မရလားတော့ မသိပါဘူး …။ ဒါပေမယ့် စကော်လားနဲ့ ဟောင်ကောင်လိုနေရာမျိုးမှာ ကျောင်းသွားတက်ဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး …။ သူသွားသင်တာကလည်း နိုင်ငံရေးသိပ္ဗံလို ဘာသာရပ်ကို အထူးပြုတာလား ..ဘာလားတော့ မသိဘူး ..။ ကျနော် အမှတ်မှားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခု သတင်းထောက်လုပ်နေတယ်ဆိုတော့ .. စိတ်ထဲမှာ မတင်မကျ ဖြစ်နေပါတယ် …။ 
တိုက်တိုက်ဆိုင်ဆိုင်ပဲ ခုတလောမှာ ဆရာဘိုးသိမ်းရေးတဲ့ ပညာရေးနဲ့ ဆက်စပ်တဲ့ ဆောင်းပါးတပုဒ်ကို လစဉ်ထုတ်ဖို့ ရည်ရွယ်နေတဲ့ မဂ္ဂဇင်းတစောင်မှာ စာစီနေရင်းနဲ့ ဖတ်ဖြစ်နေမိတယ် …။ သူက အကြောက်တရားအကြောင်းကို တင်ပြထားပေမယ့် .. တနေရာမှာပါလာတဲ့ … ဗမာပြည်ပညာရေးလောကရဲ့ ရွေးချယ်မှုဆိုင်ရာနဲ့ ဆက်စပ်တဲ့ မြင်ကွင်းလေးက တစွန်းတစပါလာပါတယ် …။ အတွေးပွားစေပါတယ် …။ 
ဆရာဘိုးသိမ်းပြောသလိုပဲ .. ဗမာပြည်ရဲ့ပညာရေးအဆုံးသတ်မှာ … ဆရာဝန်တွေက အဆိုတော်ဖြစ်၊ မင်းသား မင်းသမီးတွေဖြစ် …။ အင်ဂျင်နီယာတွေက သတင်းထောက်တွေလုပ်လို့လုပ်…။ (တချို့လည်း ဆရာဝန်အလုပ်လုပ်ရင်း တဖက်ကနေ ကာတွန်းရေးသူတွေ၊ ကဗျာရေးသူ၊ သီချင်းဆိုသူတွေ ရှိကြပါတယ်။ လေးစားရပါတယ်) …. စစ်ဘက်က အရပ်ဘက်ကို ၀င်လာရင် ကမောက်ကမဖြစ်သလိုပေါ့ …။ ဒါမျိုးတွေ ကျနော်တို့ နိုင်ငံမှာ အတော်များပါတယ် …။ ပီအိတ်ခ်ျဒီလို ဒေါက်တာဘွဲ့တွေတောင် ငွေရှိရင် ၀ယ်ယူတဲ့ နိုင်ငံဆိုတော့ သိပ်တော့ မထူးဆန်းပါဘူး …။ 
ဒါပေမယ့် ကျနော်စဉ်းစားမိတာက ၀ါသနာဆိုတာ ထုဆစ်ယူလို့ရမယ် မထင်ပါဘူး …။ ဂုဒ်ဒြပ်ကြောင့် ဆိုရင်တော့ ဘာမှမပြောလိုပါဘူး …။ ဒါပေမယ့် ဦးရေအကန့်အသတ်ထားတဲ့ ပညာရေးစနစ်မှာ ကိုယ်ဝါသနာမပါတဲ့ ကိစ္စကို ဂုဏ်ဒြပ်တခုကြောင့် … နောက် မိဘတွေရဲ့ ဖြစ်လိုမှုဆန္ဒ (မိဘဆိုတာကတော့ ဆင်းစီးပြီး မြင်းရံတာကို မြင်ချင်တာ သဘာဝပါ) ကို လိုက်လျော .. ကိုယ့်ဝါသနာကို သင်းသတ်ပြီး မဖြစ်ဖြစ်အောင်လုပ် … နောင်တချိန်ကျမှ ကိုယ် ၀ါသနာမပါပဲ … နာခံမှုတခုအရ သင်ယူလေ့လာခဲ့တဲ့ ပညာရပ်တခုဟာ ကိုယ့်အတွက်လည်း အသုံးမတည့် … တပါးသူအတွက်လည်း အသုံးမတည့်အဖြစ်မျိုးတွေထက်စာရင်… အကြောင်းအမျိုးမျိုးကြောင့် သင်ကြားခွင့် … သင်ယူခွင့်မရတဲ့ တကယ် ၀ါသနာရှိသူ .. ၀ါသနာပါသူတွေ သင်ကြားခွင့် ရမယ်ဆိုရင် တိုင်းပြည်အတွက် ပိုအကျိုးရှိနိုင်မယ်ထင်ပါတယ် …။ 
ဒီကိစ္စတွေက ကျနော့် ရှေ့မှာ .. ကျနော့်မြင်ကွင်းမှာ … တော်တော်များများတွေ့ခဲ့ဖူးပါတယ် ….။ မြင်ခဲ့ဖူးပါတယ် …။ ဒီကိစ္စ …ဒီအဖြစ်တွေဟာ .. မိမိရဲ့ ရွေးချယ်မှု … တပါးသူ တွန်းအားပေးမှု . ….နာခံမှု အာသာပြေအတွေးလောက်နဲ့ဆိုရင်တော့ …. ဆယ်စုနှစ် ဆယ်ခုလောက်ထိကတော့ ဒုံရင်း ဒုံရင်းပဲ နေမှာပါ … …။ 
ကျနော်တို့နိုင်ငံ တိုးတက်ဖို့ရည်ရွယ်တယ်ဆိုရင်တော့ ပထမဆုံး ပုံစံခွက်ထဲမှာပဲ အရိုးစွဲနေတဲ့ ကိစ္စတွေကို ဦးစွာဖျောက်ဖျက်ပစ်ဖို့ လိုမယ်လို့ထင်ပါတယ် ….။ 
ဒါတွေဟာ ကျနော့်စိတ်အတွေးပါ …။ မှားကောင်းလည်း မှားချင်မှားနေမှာပါ …။ 

လူတိုင်း ကိုယ်ပိုင်လျှောက်လမ်းပေါ် တဆင့်ခြင်း တလှမ်းခြင်း လျှောက်နိုင်ကြပါစေဗျာ ….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts