Poems

Ma Ni – Let me go to jail

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

က်မ ေ ထာ င် ကျ ချ င် တ ယ်

မဏိ၊ စက်တင်ဘာ ၅၊ ၂၀၁၃

၈၈ တုန်းက မှော်ဘီမြို့နယ် ဂမူးရွာက
ကရင်မလေးတယောက် အဖေ့လက်ကိုဆွဲပြီး
သူလည်းဆန္ဒပြလိုက်ချင်လို့တဲ့
သူများတိုင်ပေးသမျှ ဒို့အရေးတွေအော်
ရင်ကိုကော့လို့ ချီတက် သူမ မကြောက်ခဲ့ဘူး။

ကိုယ်တိုင်လယ်ထွန်၊ ကိုယ်တိုင်ငါးမျှား
ရွာစဉ်သွား ဈေးရောင်းတဲ့ခြေထောက်
ဒီလောက်နဲ့ ဒူးမထောက်ခဲ့ဘူး။

တဖြည်းဖြည်းနဲ့ အားလုံးရှေ့ကထွက်
မဆုတ်မနစ်တဲ့ သူမစိတ်ဓါတ်ပြခဲ့ပြီ
သေမိန့်ကျပြီးသား အလံကိုကိုင်လို့
နိုင်ငံရေးနယ်ထဲ အဲ့ဒီထဲက ခြေစုံပစ်ဝင်ခဲ့တယ်
အမှန်တရားအတွက်ဆို သူမဆန္ဒ
(ကျမ ထောင်ကျချင်တယ်)

ပြည်သူ့ပါတီကြီးတခုမှ ရပ်ကျေးမှ ဗဟိုထိ
အဆင့်ဆင့် တက်လှမ်းမမီတဲ့ ပန်းရယ် မရှိခဲ့ပါဘူး
ပညာမတတ်ပေမယ့် စည်းရုံးတတ်တယ်
ကွန်ပြူတာမတတ်ပေမယ့် သစ္စာရှိတယ်
အင်္ဂလိပ်စကားမတတ်ပေမယ့် မြန်မာစကားနဲ့ ကရင်စကား လုံးဝတတ်တယ်
မှန်တယ်ထင်ရင် ခေါင်းမာတတ်တဲ့ညာဉ်ကို
ဆင်ခြင်ဉာဏ်မဲ့တယ် ထင်ရင်လည်း ထင်
လူထုခေါင်းဆောင်အတွက်ဆို
(ကျမ ထောင်ကျချင်တယ်)

ပင်နီမ၀တ်ရဲတဲ့ ခေတ်၊ ရင်ထိုးမထိုးရဲတဲ့ ခေတ်
စကားကျယ်ကျယ်မပြောရဲတဲ့ ခေတ်မှာ
ခေါင်းဆောင်ပုံကို ရင်မှာကပ်၊ စာတန်းတွေတပ်ပြီး
လွတ်မြောက်ဘို့ကို ဘုရားအကျယ်ကြီး ရှစ်ခိုးတယ်
နိုင်ငံရေးအဆင့်အတန်းမရှိတဲ့ လူပြိန်းအလုပ်လို့
ဘယ်လိုပဲ ရှုတ်ချရှုတ်ချ နိုင်ကျဉ်းအားလုံးလွတ်မြောက်ဘို့အတွက်
(ကျမ ထောင်ကျချင်တယ်)

သူမကို မိဘတွေက နိုင်ငံရေးမလုပ်ရ၊ အိမ်ပြင်မထွက်ရလို့
နေ၀င်မီးငြိမ်း အာဏာသိမ်းလည်း
အစာငတ်ခံတိုက်ပွဲဝင်တယ် ကိုယ့်ခေါင်းကိုယ်ခွဲပြီး
တသက်တကျွန်း အိမ်နှင်ဒဏ် ပျော်ပျော်ကြီး ခံယူလိုက်သေးတယ်
ပါတီကထွက် လမ်းပေါ်တက်ခဲ့ပြီ အမှန်တရားအတွက်ဆို
မီးမလာလည်း သူ့အလုပ်
မြေသိမ်း ယာသိမ်း သူ့အလုပ်
ငြိမ်းချမ်းလမ်းလျှောက် သူ့အလုပ်
လက်ပန်းတောင်းတောင်ကာကွယ်ဘို့ သူ့အလုပ်
ဘယ်ပုဒ်မမှ သူမကို မတားနိုင်ခဲ့
ခုလည်း
(ကျမ ထောင်ကျချင်တယ်) တဲ့ …။

မဏိ
၎.၉.၂၀၁၃

(ဒေါ်နော်အုန်းလှအတွက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts