ညီစောလွင်

Nyi Saw Lwin – Essay

နောက်ထပ် ရက်ပေါင်း ၁၀၀
ညီစောလွင်
စက်တင်ဘာ ၂၂၊၂၀၁၃


*** ကျမတို့ နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းကို ပြောင်းရမယ် ***
စင်ကာပူ ခရီးမှာ ဒေါ်စု ထပ်ပြောတယ်၊ ဥရောပ ခရီးစဉ်တလျှောက်လုံးမှာလည်း အထပ်ထပ်ကြားပြီးသား ကိစ္စပါပဲ၊ ဒါပေမ့ယ် စင်ကာပူ မိန့်ခွန်းက တခြား မိန့်ခွန်းတွေထက် ထူးခြားတယ်လို့ ကျနော် ထင်တဲ့ တချက်ရှိပါတယ်။ သမတနဲ့ ဒေါ်စုတို့ တွေ့နေတဲ့ ကိစ္စပါ။ လပေါင်းများစွာ သို့လော သို့လောနဲ့ လူတွေ သိချင်နေတဲ့ မေးခွန်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်တာပါ။
လွန်ခဲ့တဲ့ လတွေအတွင်းမှာ ဒေါ်စုနဲ့ သမတနဲ့ အကြိမ်ကြိမ်တွေ့ခဲ့တယ်။ တခါမှ သတင်းမထုတ်ပြန်ခဲ့ပါဘူး၊ သတင်းထောက်တွေက မေးတဲ့အခါမှာ ဒေါ်စုက ပြောဖို့ အချိန်မတန်သေးတဲ့ သဘောမျိုး ပြောရင်း ဆွေးနွေးပွဲရလဒ်တွေကို ထုတ်မပြောခဲ့ပါဘူး။ 
ပြည်သူတွေ၊ ဒီမိုကရေစီ အင်အားစုတွေကြားမှာတော့ ဒေါ်စုနဲ့ ဦးသိန်းစိန် (အစိုးရ) ကြားထဲမှာ တခုခုတော့ သဘောတူညီမှု ရသလိုလို သို့လောသို့လော တွေးထင်နေကြတယ်၊ ဒေါ်စုအပေါ် ယုံကြည်စိတ်နဲ့ ဖွင့်ပြောမယ့် အချိန်ကို စောင့်နေကြတယ်၊ အခုတော့ ဒေါ်စု ပြောလိုက်ပါပြိ၊၊ 
*** အခုအထိ ကျမတို့ ဒီမိုကရေစီအင်အားစုတွေနဲ့ အရင်တုန်းက အာဏာရှိခဲ့တဲ့ လက်ရှိ အစိုးအဖွဲ့ဝင်တွေနဲ့ သေသေချာချာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ပြီးတော့ မူဝါဒတွေ ချတယ်ဆိုတာကတော့ မရှိသေးပါဘူး။။ *** ဆိုတဲ့အချက်ပါ၊
အဖြေက ရှင်းသွားပါပြီ၊၊ ပြည်သူကို ပြောဖို့ သင့်တဲ့အချိန်ရောက်လို့ ပြောတယ်လို့ ကောက်ယူနိုင်ပါတယ်။ ဥရောပ အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံနဲ့ မတူတဲ့ အရေးကြီးတဲ့ အချက်က ဥရောပ အပြောင်းအလဲတွေမှာ ဒီမိုကရေစီအင်အားစုတွေနဲ့ အာဏာရှင်စနစ်က လူတွေ ညှိနှိုင်းသဘောတူတဲ့ အပြောင်းအလဲ (Pacted Transitions) ဖြစ်တယ်။ မြန်မာပြည် အပြောင်းအလဲက အာဏာရှင်တွေက တဖက်သတ် ရေးဆွဲတဲ့ ဖွဲ့စည်းပုံနဲ့ အပြောင်းအလဲ ဖြစ်တယ်ဆိုတဲ့ အချက်ကို အလေးအနက် ပြောသွားတယ်။ 
*** ဒီဖွဲ့စည်းပုံ အခြေခံခံ ဥပဒေနဲ့ တကယ်ဒီမိုကရေစီပြုပြင်ရေး ပြောင်းလဲရေး ဖြစ်မြောက်ဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စပါ” လို့ ပြတ်ပြတ်သားသားပြောသွားတယ်။ 
မေးခွန်းအများကြီးကို ဖြေဖို့ အချိန်မရတဲ့ကြားက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အချိန်ပေးပြီး ပြောသွားတာ အတော်ထူးခြားပါတယ်။ 
*** ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။
*** ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ ရဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။
နောက်ဆုံး စင်ကာပူရောက် မြန်မာအိမ်ဖော်တွေ မလေးနဲ့ အင်ဒိုနီးရှားက အိမ်ဖော်တွေလို အခွင့်အရေး တန်းတူမရတဲ့ ကိစ္စမှာတောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်နေတဲ့ အကြောင်း ပြောသွားတာ ထူးခြားပါတယ်။ 
ဒါပေမယ့် ပြောင်းကို ပြောင်းရမယ် ဆိုတဲ့ အဲဒီ ဖွဲ့စည်းပုံကို ပြောင်းလဲရေးမှာ ပြည်သူတွေက ဘယ်လို အခန်းကဏ္ဍက ပါဝင်ဖို့ လိုသလဲဆိုတာ ဒေါ်စု တိတိကျကျ မပြောသွားပါဘူး၊ သူ့ရဲ့ ထုံးစံအတိုင်း အကောင်းမြင်နေတုန်းပါပဲ။
“ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲတဲ့ နေရာမှာတော့ ဟိုဘက်ဒီဘက် ညှိနှိုင်းပြီး လုပ်နိုင်ဖို့ ကျမတို့ မျှော်လင့်ပါတယ်” 
ပြောရရင် ဒီမျှော်လင့်ချက်က အကန့်အသတ်ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီရဲ့ အစီရင်ခံစာ ထွက်လာမယ့် နောက်ထပ် ရက်ပေါင်း ၁၀၀ ၀န်းကျင်လောက်ပဲ ခံပါတော့မယ်။ ဒီကြားထဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေဟာ တံခါးပိတ် ဆွေးနွေးပွဲ ကိစ္စတွေ ဖြစ်လို့ ပြည်သူတွေ သိခွင့်မရနိုင်ပါဘူး။ ဒီလို တံခါးပိတ်ဆွေးနွေးတဲ့ အချိန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အထပ်ထပ်ပြောနေတာ ဒေါ်စုမှာ အကြောင်းရှိပါလိမ့်တယ်။ ကြိုးစားမှုမရှိတဲ့ မျှော်လင့်ချက်ဟာ လက်တွေ့မကျဘူးဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်အတိုင်း ကြိုးစားနေတယ်လို့ ယူဆပါတယ်။ 

ဒါလည်း အကန့်အသတ်ရှိပါတယ်။ တခုခုကို ဆုံးဖြတ်ရမယ့် အချိန်၊ ပြည်သူတွေဆီက အကူအညီကို တိတိကျကျ တောင်းခံရမယ့် အချိန်က တဖြည်းဖြည်းနဲ့ နီးလာနေပါပြီ။ ပြောရရင် အခုကနေ နောက်ထပ် ရက်ပေါင်း ၁၀၀ ပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts