ကဗျာ

နေဇင်ဦး ● ငါ့အဖေရဲ့ သူရဲကောင်းဆုတံဆိပ်တွေ

နေဇင်ဦး ● ငါ့အဖေရဲ့ သူရဲကောင်းဆုတံဆိပ်တွေ
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၈

ငါ့အဖေရဲ့ ကိုယ်တပိုင်းဓာတ်ပုံဟာ
အိမ်ဦးခန်းဝါးထရံမှာ ခန့်ခန့်ညားညား
ငါ့အဖေဟာ သူရဲကောင်းကြီးပေါ့။

ဓာတ်ပုံရဲ့ဘေးတဖက်စီမှာ ဆုတံဆိပ်တွေချိတ်ထား
ကျေးရွာ မြို့နယ်ကနေ နိုင်ငံတော်အဆင့်ထိ။

ငါငယ်ငယ်က ငါ့အဖေရဲ့သူရဲကောင်းဆုတံဆိပ်တွေ ကြည့်ပြီး
သူရဲကောင်းတယောက်လို ဝင့်ကြွားခဲ့
တချိန်မှာ ငါ့အဖေလို ဆုတံဆိပ်တွေ
ရယူနိုင် ရမယ်ပေါ့
ငါ့အမေလည်း သူရဲကောင်းတယောက်ရဲ့
ဇနီးဖြစ်ရတာ ဂုဏ်ယူမဆုံး။

“ဘုရားသခင်ပေးတဲ့ဆုပေါ့ကွ ဘုရားသခင်ပေးတဲ့ဆုပေါ့” လို့ ငါ့အဖေဟာ
မကြာခဏ ပြောနေတတ်တဲ့အကြောင်း
ငါ့အမေက ငါ့ကိုပြန်ပြောပြခဲ့တာ။

ငါတွေးတာက ဘုရားသခင်ဟာ ငါ့အဖေအတွက် ဆုတံဆိပ်တွေသာ ပေးခဲ့ပြီး
ခြေထောက်တွေကို ဘာဖြစ်လို့ ပြန်မပေးခဲ့တာလဲဆိုတာပဲ။

အရင်က ငါ့အမေ ငေး ငေးကြည့်နေတတ်တဲ့
အိပ်ခန်းအဝင်ဝက နှစ်ယောက်တွဲဓါတ်ပုံထဲ
ငါ့အမေဟာ ငါ့အဖေကို ဝှီးချဲပေါ်တင် တွန်းရင်း ပြုံးလို့
အခုတော့
ငါ့အမေ မုဆိုးမဟာ အဲ့ဒီဓါတ်ပုံကိုမြင်လည်း
မျက်ရည်မကျတတ်တော့ဘူး
ငါလည်း သူရဲကောင်းတယောက် မဖြစ်ချင်တော့ဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts