ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – “ရှစ်လေးလုံးအရေးတော်ပုံကဗျာ”

ပန်းချီ စောငို

မောင်စွမ်းရည် – “ရှစ်လေးလုံးအရေးတော်ပုံကဗျာ”

(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈

ဒို့မြန်မာပြည်
ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား
နှစ် ၃၀ ပင် တိုင်ခဲ့ပြီ။

ရှမ်း, ချင်း, ကချင်, ကရင်, ကယား
မွန်, မြန်မာ, တရုတ်, ကုလား
ကျောင်းသား ရဟန်း၊ ဘန်းရွက်သီလရှင်
မျက်မမြင်ရော၊ မျက်မြင်ရော
တူတဇင်ရော၊ ပေါက်ပြားရော
လေးရော,မြားရော၊ တုတ်ဒါးရော
တောရော,မြို့ပါ၊ ဗမာ တပြည်လုံး
ခြိမ့်ခြိမ့်ချုံးခဲ့၊ မဆုံးနေ့ည
ကြွေးကြော်ကြပြီ….

ဒီလိုဟစ်ကြွေး၊ သွေးစည်းခဲ့ပြီ….
– စစ်အာဏာရှင် -အလိုမရှိ -အလိုမရှိ
– တပါတီစနစ် -တိုက်ဖျက်ပစ် -တိုက်ဖျက်ပစ်
– ဒီမိုကရေစီရရှိရေး -ဒို့အရေး -ဒို့အရေး

ဒို့အရေးမို့၊ ဒို့အရေးလို့ – ဟစ်ကြွေး လူထု
တောင်းဆိုမှုသည်
လေထု, ရေထု, မြေထုတုန်လည်း(လဲ)
တော်လည်းမြည်ဟိန်း၊ လူသန်းသိန်းတို့
မချိန်း မချက်၊ လမ်းပေါ်တက်ကြ
ထွက်လော့ ဖျက်လော့ တပါတီ
ထူလော့ ထောင်လော့ ဒီမိုကရေစီ
(အရေးတော်ပုံ အောင်ရမည်)
(အရေးတော်ပုံ အောင်ရမည်)
(အရေးတော်ပုံ အောင်ရမည်)

– စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး -ဒို့အရေး -ဒို့အရေး
– စစ်မှန်သော ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး -ဒို့အရေး -ဒို့အရေး
– တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး -ဒို့အရေး -ဒို့အရေး
– စစ်မှန်သော ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပေါ်ထွန်းလာရေး -ဒို့အရေး -ဒို့အရေး
– အရေးတော်ပုံ (အောင်ရမည်)
(အောင်ရမည်)
(အောင်ရမည်)

မောင်စွမ်းရည်
(၈-၇-၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts