ကဗျာ

ဆောင်းဝေ (နတ်မောက်) ● လူအုပ်ကြီး

ဆောင်းဝေ (နတ်မောက်) ● လူအုပ်ကြီး
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၈

အရွယ်ရောက်ခါစက
မုန့်စားမယ်ဆိုပြီး အပြင်ကစက္ကူပတ်ကိုခွာလိုက်တော့
အထဲက မြွေအရှင်တကောင်ထွက်လာ
ရွှေ့ပြောင်းအခြေချသူတွေဟာ
အဲဒီမြွေအရှင်ကို ခါးပိုက်ထဲထည့်ယူသွားကြတယ်
အရာရာဟာ ဘဝပဲဆိုပြီး
မိုးတဖွဲဖွဲကျနေမှုကိုတောင် သယ်ယူသွားကြတယ်။

တနေ့မှာ
သစ်ပင်ကြီးထဲနေရတာ အညွှန့်တွေထွက်လို့မရဘူးဆိုပြီး
ဖြတ်ပြေးသွားတဲ့ရထားအသီးသီးပေါ်
အရိပ်တွေခုန်းဆင်းသွားကြတယ်
ဘူတာအောက်မှာရှိတဲ့ သမိုင်းဆိုင်ရာဖြတ်သွားဖြတ်လာများက
သူတို့ရထားတဲ့နေ့ကလေးတွေကို အိပ်ထဲထည့်ဇစ်ပိတ်ကာ
နောက်ထပ်မမြင်ရမှုဆီ လမ်းဖြတ်ကူးသွားကြတယ်။

ကျားတွေဟာ သေချင်လို့တောပြောင်းကြတာမဟုတ်ဘူးဆိုတာကို
ကျောင်းမှာ ကလေးတွေကိုသင်ကြားပေးနေကြပြီ
ဘဝရဲ့ရေကြီးမြေပြိုမှုများကို
မယူမနေရဘာသာအဖြစ် ပြဌာန်းထားလိုက်ကြပြီ
မုန်တိုင်းကျမှုက ပြဿနာမဟုတ်ပါဘူး
လူသားတွေရဲ့တုံ့ပြန်မှုကသာ အရေးကြီးတာပါစာသားကို
လေ့ကျင့်ခန်းစာအုပ်ထဲ ကူးရေးခိုင်းထားပြီးပြီ
နောက်တော့
ငါ့နိုင်ငံပြန်ရောက်ရင်ဖွင့်ဝင်ရမယ့်အိမ်သော့တချောင်းလည်း
ဘယ်သူ့ဆီမှ မရှိကြတော့ဘူးတဲ့။

တောပန်းကလေးတွေတောင်မှ
ကိုယ့်ထက်ညံ့တဲ့ရနံ့နဲ့တော့ မမွှေးမြချင်ပါဘူးတဲ့
ဒီအတိုင်းဆို
လူအုပ်ကြီးက ပိုကြီးမားလာဖို့ပဲရှိတော့တယ်
ရွှေ့ပြောင်းအခြေချသူတွေဆိုတာ
တပ်မက်ရသောအသက်တမျှအရေပြားပေါ်မှ
ကိုယ့်မြေကိုယ့်ရေ တက်တူးရုပ်ကို
အသည်းအနာခံ ပြန်ဖျက်ထားကြရသူတွေပါ
ထပ်ပြီးသွားစရာမရှိတော့လို့
ရောက်တဲ့နေရာမှာ လာဆုံ/ဆုံးကြရတာပါ။

အုံ့မှိုင်းမိုးသားအောက်
စိမ်းလန်းလိုက်ရမလား ခြောက်သွေ့လိုက်ရမလား
သစ်ရွက်တွေဟာ ဝေးလံသောအခြားမြေသားပေါ်
သွားကြွေကျပါတယ်
အဓိပ္ပာယ်တွေဟာ မရှိတော့မှုနဲ့ဓာတ်ပြုကာ
အခြားပုံသဏ္ဍာန်အဖြစ်သို့ရောက်ရှိ
လိမ့်နေတဲ့ကျောက်တုံးများသည် ရေညှိမတက်ကြပါရဲ့
အနားမှာ သွားကျပါတယ်
လူအုပ်ကြီးဟာ
နောက်လူတွေ ငါတို့အကြောင်းပြောဆိုကြတဲ့အခါ လိုအပ်လာမှာပါဆိုပြီး
မိုးထဲရေထဲစိုရွှဲငတ်မွတ်နေတဲ့ခေတ်ကြီးတခုလုံးကို
သူတို့အတွေးထဲ ထည့်ယူသွားကြပါတယ်။

နိုင်ငံတော်အလံဆိုတာ
သယံဇာတနဲ့လူ့အရင်းအမြစ်ပေါ်မှာ စိုက်ထူကြရတာပါ
မျက်လုံးတဖက်က အခြားမျက်လုံးတဖက်နဲ့အတူရှိနေသည့်ပမာ
နားဟာ အသံကိုလိုက်ရှာနေသည့်ပမာ
ဆာလောင်နေတဲ့လူအုပ်ကြီးဟာ
နောက်ထပ်နိုင်ငံတခုကို တည်ထောင်နေကြပါတယ်။

ရိုက်သွင်းခဲ့ဖူးတဲ့နံရံအတွင်းမှသံချောင်းများ
ပြန်ဆွဲနှုတ်ရင် ဒဏ်ရာကျန်ပါမယ်
အနာကို အနာနဲ့ပြန်ဖုံးရပါတယ်။

လေယာဉ်ပျံများဟာ
လူအုပ်ကြီးရဲ့အပေါ်ကနေ
နေ့စဉ်ပျံသန်းသွားကြပါတယ်
လမ်းတွေက သူတို့ကို
ရွှေ့ပြောင်းအခြေချလိုက်ကြပါတယ်။ ။

ဆောင်းဝေ (နတ်မောက်)
ဇူလိုင် ၂၂၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts