ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● အေးရာ အေးကြောင်း


ဆောင်းယွန်းလ ● အေးရာ အေးကြောင်း
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၈

အလုပ်က ကိုယ့်ကိုမသတ်ခင်
ကိုယ်က အလုပ်ကိုသတ်လိုက်တယ်
ပွဲပြီးပေမယ့် မီးကမသေခဲ့ဘူး
မီးခိုးကြွက်လျှောက် တကောက်ကောက်လိုက်လာတယ်

အချိန်ကိုက်ပေးထားရတဲ့ နာရီနှိုးစက်သံဟာ
ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲထွက်တဲ့ အသံပဲ
ရာသီအပြောင်းမှာ နှင်းကကျလို့ကောင်းတုန်း
ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေက အေးပြီး
ခေါင်းထဲက ပူနေတယ်

လူအပြောင်း မူအပြောင်းမှာ
ကောင်းစားသူဟာ တင်မြှောက်ခံအစိုးရပဲ
ကိုယ်တိုင်ကတော့ အစိုးမရနိုင်တဲ့ ဘဝထဲမှာ

နှစ်ပဲတစ်ပြားတိုးမြှင့်ခံရတဲ့ လစာဝဲကတော့ထဲမှာ
နှစ်ပြားတစ်ပဲစာလောက်လည်း မပျော်ခဲ့ပါဘူး
ရူးချင်ယောင်ဆောင်နေရင် လူကောင်းထင်မှတ်တဲ့ လောကထဲမှာ
ရူးတယ်လို့ထင်ရအောင် ကောင်းချင်ယောင်ဆောင်နေခဲ့ရပေါ့

အေးရာအေးကြောင်းဖြစ်ဖို့အတွက်
တစုံတယောက်နဲ့ ထွေရာလေးပါးပြောကြည့်မိပေမယ့်
အပေါက်အလမ်းမတည့်ခဲ့ဘူး
ရပ်တည်ချက်အကြောင်း ဆွေးနွေးတော့
ဖိနပ်နံပါတ်ဘယ်လောက်စီးသလဲလို့ မေးတယ်

မောသွားတာပဲ
ရေသောက်လို့လည်း အမောမပြေတော့ဘူး
စိတ်ပေါက်ပေါက်နဲ့ 
အိမ်အပြန်ခရီး ဖိနပ်မစီးပဲလမ်းလျှောက်ပြန်ခဲ့တယ်
စိတ်ကူးထဲမှာ မှတ်တိုင်ပါမလာခဲ့ဘူး

အခု
ကိုယ့်ကဗျာထဲ ကိုယ်ဝင်ရပ်နေလိုက်တယ်
နာရီလက်တံဟာ ညဆယ့်တစ်နာရီတိတိမှာ။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts