လင်းသက်ငြိမ် ● နေဝင်ရီတရော
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈
တနေကုန်စာတွေချည်း ဖတ်နေလို့ ကျောတွေအောင့်၊ မျက်စိတွေညောင်းသလို ဖြစ်လာတာနဲ့ စာအုပ်ကိုချ ပြီးအကြောဆန့် ကာ ခြံထဲ လမ်းဆင်း လျှောက်နေရင်း ခံတွင်းချဉ်လာတာနဲ့ လက်ဖက်ရည်သောက်ဖို့ စိတ်ကူးရမိတယ်။ တနေကုန် ခုတင်ပေါ်လဲနေတဲ့အတွက် ထိုင်းမှိုင်းနေတဲ့ အာရုံကြောတွေကို အလုပ်ပေးဖို့စိတ်ကူးပြီး ဆိုင်ကယ်ကို မယူတော့ပဲမြို့ထဲကို ခြေလျှင်ထွက်လာမိတယ်။ အချိန်က ညနေခင်းကိုခြေတဖက်လှမ်းနေပြီ။ နေရောင်ခြည်ကတော့ ပျောက်တိပျောက်ကြား လမ်းမပေါ်ထိုးကျ နေသေးရဲ့။ အရင်က ဆိုင်ကယ်နဲ့ပဲ အပြင်ထွက်လေ့ ရှိတော့ လမ်းနံဘေးကအိမ်တွေရဲ့ အနေအထားတွေနဲ့ ခြံဝင်းတွေကို သေချာမကြည့်ဖြစ်ခဲ့ဘူး။ အခုတော့ အရင်က တောက်ပနေတဲ့တိုက်အိမ်ကြီးတွေလည်း မှိန်ဖျော့လို့။
ခြံစည်းရိုးအသစ်ကြီးတွေကလည်း နွယ်ပင်တွေတက်ပြီး အိုဟောင်းလို့။ ဓာတ်မီးတိုင်တချို့ယိုင်နှဲ့ပြီး တိမ်းစောင်းနေသလို လမ်းပေါ်က ချိုင့်ခွက်တွေ ကလည်း ခြေထောက်ချရာလိုက်ကပ်ပါနေသလို ထင်ရတယ်။ အချိန်ရဲ့တိုက်စားမှု၊ ရာသီဥတုရဲ့ ဝါးမြိုမှုမှာ အရာရာ ပြောင်းလဲနေတာ လောကဓမ္မ ပါပဲလား။
အဝေးတနေရာမှာ နှစ်တွေအကြာကြီး သွားနေခဲ့တော့ ကိုယ့်ဇာတိဟာ ကိုယ်နဲ့စိမ်းသက်နေတာက သိပ်အထူးဆန်းကြီးတော့ မဟုတ်ပါဘူး။ လမ်းပေါ်မှာ သွားလာနေတဲ့လူ အတော်များများက ကိုယ်မသိတဲ့ လူသစ်တွေဖြစ်နေကြတယ်။ ကိုယ်ရှိနေခဲ့တုန်းက ဒီရပ်ကွက်မှာ ကိုယ်မသိတဲ့ လူမရှိ။
ကိုယ့်ကို မသိတဲ့လူလည်း မရှိ။ဆင်ခြေဖုံးရပ်ကွက်ဆိုတော့ လမ်းပေါ်မှာ ခြေလျှင်သွားလာနေတဲ့လူတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုနူတ်ဆက်သူလည်းမရှိ။ ကိုယ်ကနူတ်ဆက်ရမယ့်သူလည်းမရှိ။ လမ်းလျှောက်လာရင်း အရင်က ဒီရပ်ကွက်မှာ ကိုယ်ကြီးပြင်းခဲ့ပုံတွေကို တွေးမိတယ်။ ကိုယ်နဲ့အတူကြီးပြင်းလာရတဲ့ ကိုယ့်သူငယ်ချင်းတွေကိုလည်း သတိရမိတယ်။ ကိုယ်ကအပေါင်းအသင်း မဆန့်တဲ့လူလည်း မဟုတ်ပါဘူး။ ဒီရပ်ကွက်ထဲက လူကြီးကနေလူငယ်အဆုံး ခင်ခင်မင်မင် ပေါင်းသင်း ဆက်ဆံခဲ့သူပါပဲ။ ဒီတခေါက်ကိုယ်ပြန်လာတော့ကျ ကိုယ့်သူငယ်ချင်းတွေထဲက တချို့လည်း အိမ်ထောင်တွေ ဘာတွေကျ ကြ၊ တချို့ စီးပွားရေးတောင့်တင်းတဲ့ လုပ်ငန်းရှင်တွေ ဖြစ်သွားကြတော့ အရင်လို ဆက်ဆံရေးတွေနဲ့ ခြားနားသွားပြီး မေးထူးခေါ်ပြောလောက်ပဲ ရှိတော့တယ်။
အတွေးတွေနဲ့လမ်းလျှောက်လာရင်း ကိုယ့်ဘေးက ဖြတ်သွားတဲ့ ဆိုင်ကယ်ပေါ်ကလူကို ကြည့်လိုက်မိတော့ ကိုယ့်အိမ်ဘေးက သူငယ်ချင်းဖြစ်နေ တာနဲ့ စကားပြောရင်း သူ့ဆိုင်ကယ်နဲ့မြို့ထဲကို လမ်းကြုံ လိုက်မယ်လို့ အတွေးရပြီး လှမ်းခေါ်တော့ဒီကောင်မကြားဘူး။ သုံးလေးခါလောက် လှမ်းခေါ်ပေမယ့် သကောင့်သားက ဆိုင်ကယ်ကို ဟန်မပျက်မောင်းနှင်ပြီး ထွက်သွားတယ်။ စိတ်ထဲတမျိုးဖြစ်သွားရတယ်။
ကျွန်တော်လှမ်းခေါ်တဲ့ အသံကိုသူမကြားပဲမနေဘူးလို့ တွေးမိတယ်။ ဒါပေမဲ့ သူကတော့ အဝေးကိုရောက်သွားပြီပဲ ထားလိုက်ပါတော့။လမ်းကို ဆက်လျှောက်လာရင်း ကိုယ်နဲ့သိတဲ့အိမ် တအိမ်ရှေ့ကိုရောက်လာတယ်။ ကိုယ်နဲ့ ညီအစ်ကိုလိုပေါင်းလာတဲ့ လူရဲ့အိမ်ပါပဲ။ မကြာသေးတဲ့ ကာလတခုက သူ့အိမ်ရှေ့မှာဈေးဆိုင်ကလေးဖွင့်ပြီး စီးပွားအတော်ဖြစ်နေတယ်လို့ ကြားတာပဲ။ ဆိုင်ရှေ့က ခုံတန်းလျားလေးမှာ မိန့်မိန့်ကြီး ထိုင်နေတာကိုယ့်မိတ်ဆွေပါပဲ။
“ငါ့အကို နေကောင်းရဲ့လား” လို့ လှမ်းနူတ်ဆက်လိုက်မိတယ်။ သူက မကြားဘူး။
“ဟေ့လူ ခင်ဗျားကိုမေးနေတာ ကျွန်တော့်ကို မမှတ်မိဘူးလား” အဲ့ဒါလည်း သူမကြားသလိုပဲ ငူငူကြီးထိုင်ပြီး သူ့အတွေးနဲ့သူ ရှိနေတယ်။
စိတ်မရှည်တော့တာနဲ့ သူ့ပခုံးကိုဖတ်ခနဲသွား ပုတ်လိုက်မိတယ်။ အဲ့ဒါလည်း သူမသိဘူး။ ကိုယ်သူ့ကို ပုတ်လိုက်တာတောင် သူသိပုံ မရဘူး။ နောက်တချက် သူ့ကျောပြင်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်မိတယ်။
“ဖြန်း”
ဟာ ဒါလည်းသူကမသိဘူးပဲ။ ဘာတွေဖြစ်နေတာလည်း ကိုယ့်လက်ကို ကိုယ်မယုံနိုင်ပဲ ပြန်ကြည့်မိရင်း စိတ်ထဲ အတော်လေး ရှုပ်ထွေးနှောက်ကျိသွားတယ်။
ဘာတွေလဲ။ ဘာတွေလဲ။ ကိုယ့်မိတ်ဆွေကတော့ သူ့ရှေ့မှာ လာရပ်နေတဲ့ ကိုယ့်ကို စိုးစဉ်းမျှ တွေ့မြင်ပုံတောင်မရ။ သူ့လည်ပင်းက ရွှေဆွဲ ကြိုး နေရောင်ပျောက်ကြားမှာ တလက်လက်တောက်ပနေတာကို ကိုယ်တချက်လှမ်း ငေးကြည့်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာခဲ့တယ်။
ခြေလှမ်းတွေကို အတွေးတွေနဲ့ လှမ်းမိတဲ့အခါခရီးဟာ ကျောရိုး ရှည်လျားလာတာပဲ။ ကိုယ်သွားမယ့် လက်ဖက်ရည်ဆိုင်ရောက်ဖို့ အတော်တော့ လိုပါသေးတယ်။ စောစောက ကိုယ့်မိတ်ဆွေဆီမှာ ကိုယ်ဖြစ်ခဲ့တဲ့ကိစ္စက အိပ်မက်တခုလိုဖြစ်နေတယ်။ လူတယောက်လုံး သူ့ရှေ့မှာ ရပ်နေရုံမကပဲကျောကိုရိုက်တာတောင် သူဘာမှမခံစားရ၊ မတွေ့မြင်ရတာဘာကြောင့်လဲ။ မေးခွန်းဟာ ဦးနှောက်ကို ဘိလပ်မြေမွှေစက်ထဲထည့်ခံလိုက်ရတဲ့ သဲတွေ၊ ကျောက်တွေလို လုံးထွေးပြီး နှောက်ကျိလာစေတယ်။
ဟော.. မျက်နှာချင်းဆိုင်မှာ လမ်းလျှောက်လာနေတဲ့ကောင်က ကိုယ်နဲ့ သူငယ်တန်းကနေ အလယ်တန်းအထိ တစ်ခန်း တည်း အတူတက်လာခဲ့တဲ့ကောင်ပဲ။
“ဟေ့ကောင် ဘယ်က ပြန်လာတာလဲ”
ဒီကောင် အတော်နားလေးတဲ့ကောင်။ ကိုယ်ပြောတာကို မကြားဘူး။
” ဟေ့ကောင် မင်းကိုမေးနေတာ ဘယ်ကပြန်လာတာလဲလို့ လခွမ်းပဲ နားအတော်လေးတဲ့ကောင်ပဲ”
အကျယ်ကြီး ကိုယ်အော်ပြောလိုက်ပေမဲ့ အဲ့ဒီကောင် မကြားဘူး။ ဘာတွေဖြစ်နေကြတာလဲ ဒီနေ့။
တယောက်မကတော့ဘူး သုံးယောက်တိတိ။ ဒီပုံစံ ဒီအဖြစ်အပျက်တွေချည်းပဲ။ ကိုယ်က သူတပါးကို ကြားအောင်မပြောနိုင်တော့တာလား။ ဒါမှမဟုတ် ကိုယ်ပြောတာကို သူတို့ကမကြားတော့တာလား။ ဒါပေမဲ့ လက်ဝါးနဲ့ရိုက်တာတောင်မသိနိုင်တာကတော့ ယုတ္တိမဲ့လွန်းပါတယ်။ ဘာဖြစ်နေတာလဲ။
ကြုံ တွေ့ရတဲ့အဖြစ်က ပစ်မှတ်တစ်ခုကို လာလာထိုးစိုက်တဲ့ ဓားတွေလို ကိုယ့်ရင်ကို တဒုတ်ဒုတ်လာစိုက်တယ်။
တွေးခေါ်မှုတွေက ခြင်းကြားနဲ့ရေခပ်သလို တခုမှအဖတ်မတင်ပဲ ရှိနေကြတယ်။ ကိုယ့်စိတ်တွေ အတော်ယောက်ယက်ခပ်လို့ နေပါပြီ။ လမ်းလျှောက်ရင်း ကိုယ်ပျောက်သွားတာပဲလား။ အတော် အိပ်ရာဝင်ပုံပြင်ဆန်တဲ့ အတွေးပဲ။ အဲ့ဒီထက်ပိုပြောရရင် အတော်ရူးတဲ့ အတွေးပဲ။ ဒါပေမဲ့ ကိုယ့်ကိုမတွေ့တဲ့လူက သုံးယောက်တောင်ရှိနေပြီလေ။ အဲ့ဒါက ဘာဖြစ်လို့လဲ။
လမ်းလျှောက်ရင်း ပျောက်ဆုံးသွားတဲ့ လူရယ်လို့လည်း ကိုယ်တခါမှ မကြားခဲ့ဖူးဘူး။ ဒါပေမဲ့ အခုက ကိုယ်တကယ်ပျောက်ဆုံးနေသလိုပဲ။ ဘယ်သူကမှ ကိုယ့်ကိုမတွေ့ကြတော့ဘူး။ အစရှာမရတဲ့ ချည်ထွေးတခုလို အမျှင်လိုက်ထွက်ကျနေတဲ့စိတ်ရှုပ်ထွေးမှုတွေနဲ့ လျှောက်လာတဲ့ ကိုယ့်ကို အိမ်တအိမ်ကခွေးတကောင်က စူးစူးဝါးဝါး ထိုးဟောင်တယ်။ ကြက်သီးမွှေးညင်းတွေ ဖြန်းခနဲ ထသွားပြီး ကြောက်လန့်မိသလို ခံစားရတယ်။ ကိုယ်လမ်း လျှောက်လာရင်း ကားနဲ့ဒါမှမဟုတ် တခုခုနဲ့တိုက်မိပြီး သေဆုံးသွားခဲ့လို့လား။ ဒါကိုမသိပဲ ကိုယ့်ဝိညာဉ်ကပဲလမ်းဆက်လျှောက်လာတာလား။ ဒီအတွေးအခေါ်က ခပ်ပေါပေါသရဲတစ္ဆေကားတွေကြည့်ဖူးလို့ထွက်လာတာပဲဖြစ်မှာပါ။ ကိုယ့်ပါးကိုဖြန်းခနဲရိုက်ကြည့်တော့ နာကျင်မှုကို ခံစားရတယ်။
ဒါဆိုကိုယ်မသေဘူးပဲ။ ဒါ အိပ်မက်တခုလည်း မဟုတ်ဘူးပဲ။ ဒါပေမဲ့ ကိုယ့်ကိုလူတွေကမတွေ့တာကတော့ အမှန်ပဲ။ ဘာကြောင့်လဲ။
တွေးရင်းလျှောက်ရင်းနဲ့ လက်ဖက်ရည်ဆိုင်ကို ရောက်လာတယ်။ လက်ဖက်ရည်ဖျော်တဲ့ အဖျော်ဆရာက ကိုယ်ဆိုင်ထဲဝင်လာတာနဲ့ ကိုယ်သောက်နေကျ ပေါ့ဆိမ့်တခွက်တန်းဖျော်တယ်။ စားပွဲထိုးကလေးက လာချပေးပြီး။ ရေနွေးဓာတ်ဘူးကိုလဲပေးတယ်။ ဟင် သူတို့ကျကိုယ့်ကို မြင်ရတာပဲ။
ဟိုကောင်တွေက ကိုယ့်ကိုဘာလို့ မမြင်ရတာလဲ ။ သူတို့ကပဲ သေပြီးသားတွေဖြစ်နေလို့ ကိုယ့်ကိုမမြင်ရ မထိတွေ့ရတာလား။
စားပွဲထိုးကလေးကို လှမ်းခေါ်ပြီး …
“မင်း ငါ့ကိုမြင်ရလား” လို့ မေးတော့ …
“ဟင် အကို့ကိုမြင်ရတယ်လေ မြင်ရလို့ လက်ဖက်ရည်တောင် လာချပေးပြီး ရေနွေးတောင်နည်းနေတာနဲ့ တခါတည်း ဖြည့် ပြီးသားဓာတ်ဘူးနဲ့ လဲပေးထားခဲ့တာ”
ဘာလဲ လာနောက်နေတာလား “မဟုတ်ပါဘူးကွာ ဘာမှမဟုတ်ပါဘူး မင်းကိုအကြောင်ရိုက်ကြည့်တာပါ” “ပြီးရော” ဆိုပြီး လှည့်ထွက်သွားတဲ့ စားပွဲထိုးကလေးရဲ့နောက်ကျောကိုငေးရင်း ကြောင်စီစီနဲ့ လက်ဖက်ရည်ကို မော့သောက်လိုက်မိတယ်။ ဆိုင်ရှေ့က တီဗွီက လာပြီးသား ဘောလုံးပွဲကို ပြန်လွှင့်နေတယ်။
ကိုယ့်အာရုံက ဘောလုံးပွဲထဲ မရောက်ပါဘူး။ လမ်းမှာ ကြုံရတဲ့အဖြစ်အပျက်တွေပေါ်မှာ တအုံ့နွေးနွေးနဲ့ မတင်မကျဖြစ်နေမိတယ်။ ကိုယ်ဒီမြို့ကိုပြန်လာတော့ ပိုက်ဆံလည်း အများကြီးပါမလာခဲ့ဘူး။ အလုပ်လည်း လက်မဲ့ဖြစ်နေတော့ အိမ်မှာ အိပ်လိုက်စားလိုက်နဲ့ ဝါသနာပါတဲ့ စာရေး၊ စာဖတ်တာကိုပဲ ပိုလုပ်ဖြစ်နေတယ်။ အိမ်မှာနေရတာကို ငြီးငွေ့လာရင် ဒီလက်ဖက်ရည်ဆိုင်မှာပဲ လာထိုင်ပြီး ဇာတ်ကားကြည့်ချင်ကြည့် မကြည့်ရင် စားပွဲ ထိုးလေးနဲ့ ဒါမှမဟုတ်ရင် အဖျော်ဆရာနဲ့ ရောက်ရာပေါက်ရာပြောဆိုနေတတ်တယ်။
ဒီနေ့ လမ်းလျှောက်ထွက်လာမှ ဘယ်လိုအဖြစ်တွေနဲ့လာကြုံရတယ်မသိအာရုံတွေနှောက်ပြီး အူကြောင်ကြောင်နဲ့ မခံချိမခံ သာ ခံစားနေရတယ်။ နေရင်းထိုင်ရင်း ကိုယ်ပဲကိုယ်ပျောက်သွားရသလို ကိုယ့်ခင်မင်ရင်းနှီးစွာ နှုတ်ဆက်မှုတွေကို ဥပေက္ခာ ပြုခံရတယ်။
ကိုယ်နူတ်ဆက်ခဲ့တဲ့လူတွေဆိုတာ ကိုယ်နဲ့ တကယ့်ကိုရင်းရင်းနှီးနှီး နေထိုင်ပေါင်းသင်းခဲ့တဲ့ လူတွေ။ ကိုယ်ကြုံခဲ့ရတဲ့အဖြစ်အပျက်က ထူးဆန်းနေရုံမက၊ ကိုယ်ပြန်ပြောပြရင်တောင် ကိုယ့်ကိုအရူးလို့ ထင်ကြမှာပဲ။ ဒါပေမဲ့ ကိုယ့်ကိုသူတို့ မမြင်တာ၊ ကိုယ်ရိုက်တာကို သူတို့မခံစားရတာကတော့ တကယ်ပါ။
ဘာမှန်းမသိတဲ့အဖြစ်အပျက်အတွက် မုန့်လုံးစက္ကူကပ်နေတဲ့ ကိုယ့်နံဘေးက စားပွဲကိုဝင်ထိုင်လာတဲ့လူတယောက်ကြောင့် ကိုယ်မော့ကြည့်လိုက်တော့ ကိုယ့်ဘော်ဒါပဲဝလို့ဖီးလို့ အရင်ကငါးဖောင်ရိုးက အဘခေါ်ရမယ့် အကောင်။
အခုဒီကောင် ဘာပွပေါက်တွေတိုးနေတယ်မသိ သူဌေးရုပ်ကို အပီအပြင်ဖြစ်နေပြီ။
“ဟေ့ကောင် မင်းဘာတွေလုပ်နေတာလဲ၊ အတော်ကြီးပွားနေပုံပဲ မင်းပုံစံက ဝက်တစ်ကောင်ကို အင်္ကျီဝတ်ပေးထားတာကျနေတာပဲ”
ပိုက်ဆံအိတ်ဝဝကြီးကို စားပွဲ ပေါ်ပစ်ချပြီး လက်ဖက်ရည်မှာနေတဲ့ ဒီကောင့်ကို မေးမိတယ်။ ဒီကောင်နဲ့ကိုယ်က တကယ့်ပြောမနာ ဆိုမနာ သူ့မရှိ ကိုယ်ပေး၊ ကိုယ့်မရှိသူပေးနဲ့ လည်ပင်းဖက်နေလာခဲ့ တဲ့ကောင်ဆိုတော့ ဘာမှဂရုစိုက်စရာမလိုဘူး။ ဆဲမနာ ဆိုမနာပဲ။
ဒီကောင်က ဘာမှပြန်မပြောဘူး။”ခွေးကောင် မင့်ကိုပြောနေတာဟ ကြောင်နေတာလား” ဒါလည်း ဒီကောင်မကြားဘူး။
စားပွဲခုံကို ပုတ်ပြီး ပြောတာတောင် ဒီကောင် မသိဘူးပဲ။ လခွမ်းပဲကွာ ဘာတွေလဲ မသိတော့ဘူး။ ကိုယ်အတော် ဒေါကန်သွားမိတယ်။ ထပြန်ဖို့ ပိုက်ဆံရှင်းမယ်လုပ်တော့ အဲ့ဒီကောင်ဝိုင်းကို လူတယောက်ဝင်ထိုင်တယ်။ ကားသော့ကို လက်ညို့းနဲ့လှည့်လို့ ချိုင်းကြားမှာ ပိုက်ဆံအိတ်ကြီးကို ညှပ်လို့။ သကောင့်သားက ခုံတွေဘာတွေဆွဲယူပြီး ပြုံးလို့ဗျ။ ။နွားပြာကြီး အောက်သွားမရှိသလို သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ဖြီးနေတဲ့ အဲ့ဒီကောင့် မျက်ခွက်ကို ကိုယ်ဖြတ်ရိုက်လိုက်ရင်လည်း အဲဒီကောင်ဘာမှ ခံစားရမှာမဟုတ်ဘူး။
“လက်ဖက်ရည်ဖိုးတင်ထားခဲ့တယ်ဟေ့ ပြန်အမ်းငွေကို နောက်မှပေါင်းယူမယ်” လို့ စားပွဲထိုးလေးကို လှမ်းအော်ပြီး ငါးရာတန်တစ်ရွက်ကိုစားပွဲပေါ်တင်ထားခဲ့ကာ ကိုယ်ထွက်လာခဲ့မိတယ်။
အပြင်မှာ မှောင်စပျိုးနေပြီ။ ဒီအချိန်ကတော့ ကိုယ့်ကိုဘယ်သူမှ သိပ်မြင်တွေ့ကြမှာမဟုတ်တာ သေချာပါတယ်။