ကဗျာ

သျှင်မျိုးငယ် ● အမည်မဲ့ဓားချက်

သျှင်မျိုးငယ် ● အမည်မဲ့ဓားချက်

(မိုးမခ) မေ ၁၅၊ ၂၀၁၇

သွားနေတဲ့နာရီလက်တံပေါ်မှာ
ငါ့ကိုယ်ငါချိတ်ဆွဲပြီး ခရီးဆက်ခဲ့တာပဲ

လေက ဟောင်းနေတယ်
သစ်ရွက်အသေတွေရဲ့နာမ်သဘောကို သိလား

ညတွေဟာ ဂီတကို မမြင်ဘူး
အမှောင်ဟာ ညကိုဖြတ်စီးပြီး ငါ့အိပ်မက်ကို ဆွဲဖွင့်တယ်
လာရာလမ်းအတိုင်း ပြန်ပါ

သဘာဝတရားကို ချစ်ကြတယ်
သဘာဝတရားဟာ မပြောင်းလဲ မဖောက်ပြန်
လူတွေဟာ ပြောင်းလဲကြ ဖောက်ပြန်ကြ
ဒါလည်း သဘာဝတရားပဲလို့ တွေးမိခါမှ
အိပ်ပျော် စားဝင်ဖြစ်လာတယ်
သဘာဝဟာ သဘာဝပါပဲလေ

မြစ်ကို ကြည့်တော့ ရေမစီးဘူး
ရေစီးကြောင်းကိုကြည့်တော့ မြစ် မရှိဘူး
လရောင်လည်း ကောက်ကာငင်ကာ ဖျားနေတယ်

ဖွင့်ထားတဲ့ပြတင်းတံခါးချပ်များကို ပိတ်ခွင့်ပြုပါ
ဈေးဦးပေါက်ပြီလား
ရင်ဘတ်ပေါ်ကဓားသွားမှာ အမာရွတ်ဟာ ထင်းလို့
ဦးတည်ချက်ဟာ အမြဲတမ်း မရှိဘူး/မသိဘူး။      ။

သျှင်မျိုးငယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts