ကဗျာ

ကမ်လူဝေး- ငါတို့ဘဝဇာတ်ကြောင်း

ကမ်လူဝေး- ငါတို့ဘဝဇာတ်ကြောင်း
(မိုးမခ)၊ မတ် ၂၀၊ ၂၀၁၇

ငါတို့ဟာ
အမှားအယွင်းတွေကြားမှာ ကြီးလာ။

သူရဲကောင်းဝါဒနဲ့
ဘဝရှင် မင်းတရားကြီးကို ဆည်းကပ်ဖို့
သင်ယူရင်း ကြီးလာ။

လူတယောက်က တောင်းလိုက်တာနဲ့
နိုင်ငံတခုက လွတ်လပ်သွားတယ်ဆိုတဲ့
ခပ်လွယ်လွယ် သင်ကြားမှုမှာ ကြီးလာ။

ကမ္ဘာမြေမှာ
ကိုလိုနီ နယ်ချဲ့အရင်းရှင် စနစ်က
သက်ဆိုးမရှည်ခဲ့သလို
နိုင်ငံတွေကို လွတ်လပ်ရေး ပေးရတဲ့
သမိုင်းဖတ်စာအုပ်ကို
မမြင်ဖူးပဲ ကြီးလာ။

ဟောင်တတ်တဲ့ခွေးတွေ
ကိုက်တတ်တဲ့ ခွေးတွေဟာ
ခွေးအလုပ် ခွေးလုပ်နေခြင်းဆိုတာ
နားမလည်ပဲ ကြီးလာ။

အရာရာတိုင်းမှာ
ကြေနပ်ပါတယ်ခင်ဗျာ
ကျေးဇူးတင်ပါတယ်ခင်ဗျာ ဆိုပြီး
သွန်သင်မှုအောက်မှာ ကြီးလာ။

ငါတို့ဟာ
သူရဲကောင်းကို ကိုးကွယ်ဖို့
ခွေးလိုဟောင်ရင်း လူလားမြောက်လာ။ ။
ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts