ကဗျာ

မိုးခါး ● အရူးက ပါးပါးလေးကို အထူကြီးလုပ်ပစ်တယ်


မိုးခါး ● အရူးက ပါးပါးလေးကို အထူကြီးလုပ်ပစ်တယ်
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၆

ဦးခေါင်းထက် ဆံပင်ထိုးဖွလျက်
တိုနေတဲ့ဆံပင် ထောင်ထောင်ထလာတာ ပြဿနာ
အခွင့်အရေးဆိုတာ လိုအပ်တာထက်ပိုသုံးလိုက်ရင်
မီးပျက်သလို ခဏခဏကြုံရ
လျှို့ဝှက်စရာတွေအတွက် အသံတိုးတိုးနဲ့ ဖုန်းဆက်တတ်ကြပေမယ့်
အများစိတ်မဝင်စားတဲ့စကားမျိုးအတွက် လိုအပ်တာထက် ပိုကျယ်လောင်တယ်
ကိုယ့်လိုဘနဲ့တောင်းတတတ်တဲ့ တောင်းဆုတွေအတွက်
တပါးသူရဲ့ပါးကို တံထွေးဘယ်နှစ်စက်စင်သွားပြီလဲ
သံသရာက ဘုရားရှင်လက်ညှိုးထိုးတဲ့မစင်ပုံ
လူအန္ဓတွေအတွက် ပျော်စရာဘုံရိပ်သာ
လူယဉ်ကျေးတွေက တံခါးခေါက်ပြီး ဝင်လာတတ်ပေမဲ့
လူဖျင်းတွေက အသံမပေးပဲ ပွဲတော်တည်တယ်
အဆင့်အတန်းကို အင်္ကျီတံဆိပ်ကြည့်ပြီး ဖိတ်စာဝေသလိုမျိုး
ချစ်မှုရေးရာကို ဆန္ဒရဲ့စိတ်အဆာဖြေသလိုမျိုး
တရားသေဝါဒနဲ့ အမှားကျူးသလိုမျိုး
ဓမ္မနဲ့အဓမ္မကြား ခံတွင်းတွေ့သလိုမျိုး
ပါးပါးလေးကို အထူကြီးလုပ်ပစ်တာ အရူးတွေကြိုက်တယ်။ ။

မိုးခါး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts