ကဗျာ

ကမ်လူဝေး ● လိမ္မော်ရောင်ကြေကွဲတေး

 ကမ်လူဝေး ● လိမ္မော်ရောင်ကြေကွဲတေး
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၆

လွတ်ကျသွားခဲ့သလား
လွှတ်ချလိုက်မိသလား
မသိဘူး
လက်ထဲမှာတော့ ဘာမှမရှိတော့ဘူး။

လုယူခံလိုက်ရသလား
စွန့်လွှတ်ခဲ့သလား
မကွဲဘူး
လက်ထဲမှာတော့ ဘာမှမရှိတော့ဘူး။

ဘဝထဲက
ဘဝအတုကိုဆွဲထုတ်လိုက်တော့
ဘဝအစစ်က ဘာမှမကျန်။

ငါပြောချင်နေတယ်
ပြောချင်တာက အများကြီး
ထိမိအောင်ပြောနိုင်ဖို့
စကားလုံး ရှာမရသေး
ဆိုးတယ်။
နေဝင်သွားပြီးမှ
တိမ်တွေဟာ လိမ္မော်ရောင်တောက်ပ
လှလိုက်တာလို့ ခံစားရင်း ဝမ်းသာမိ ခဏ
ဒါဟာ အမှောင်ထဲဝင်တဲ့ အချိန်တံခါးဝ
မဆုံးနိုင်တဲ့ဒုက္ခက ရှေ့မှာ။

ဟေ့ မျှော်လင့်ချက်ရေ
ဟေ့ သစ္စာတရားရေ
ဟေ့ ယုံကြည်ချက်ရေ
ဘယ်ရောက်သွားပြီလဲ။

လိမ္မော်ရောင် တိမ်တောက်တဲ့ ခဏ
ဟန်ရေးပြခွင့်ရဖို့
တဘဝစာ စိုက်ပျိုးခဲ့တဲ့ စိုက်ခင်း
နင်းချေပြီး ရင်းရမယ်ဆိုတော့
ငါ လွှတ်ချခဲ့တယ် ငါ လွတ်ကျခဲ့တယ်
ငါ စွန့်လွှတ်ခဲ့တယ် ငါ လုယူခံခဲ့ရတယ်
ငါ ကြေကွဲတယ် ငါ ပေါ့ပါးတယ်
ငါဟာ ဘဝ စစ်စစ်ထဲမှာနေမယ်။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts