ကဗျာ ထွန်းဝင်းငြိမ်း

ထွန်းဝင်းငြိမ်း – အညတြကြယ်


ထွန်းဝင်းငြိမ်း – အညတြကြယ်

(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆

အညတြ ကြယ်တပွင့်
ကြွေလွင့်ခဲ့ပြန်ပြီ။

သူ့အသက်က
နေဖို့ကောင်းသေးတယ်
ပြည်တွင်းစစ်နဲ့ ရွယ်တူပေါ့။

သူနဲ့ ပြည်သူ
တသားတည်းရှိပုံက
အများစု ငတ်နေတော့
သူလည်းနပ် မမှန်ပါဘူး။

လှသန်းကဗျာထဲကလို
ငွေမရှိတာလည်း
သေဖို့နဲ့ နီးတာပဲပေါ့။

သူ့စိတ်ဒဏ်ရာတွေက
မတွေးရက်စရာ
ကင်ဆာသာ သေချာရင်
ငါ မကုတော့ဘူးကွာ တဲ့။

ကြမ်း ခုနှစ်ချောင်းနဲ့
အစာအိမ် ခုနှစ်ခုဟာ
ငါ့ကြောင့် ၁၁ မီးလောင်နေမှာ
အဖြစ်မခံနိုင်ဘူးတဲ့ လေ။

ခင်ဗျား ချစ်တဲ့
ဒီမိုကရေစီခေတ်ကြီးမှာမှ
သေရတယ်လို့ဗျာ။

လွှတ်တော်ကြီးတွေက
ကျုပ်တို့ကို
နိုင်ကျဉ်းလို့
သတ်မှတ်တော့မှာ။

အမျိုးသားပြန်လည်သင့်မြတ်ရေး
မှတ်တိုင်ကြီးမှာ
သေနတ်သံတွေရော
တိတ်ပြီလား။

ငြိမ်းချမ်းရေးက
လက်တလုံးလောက်ပဲ
လိုတော့တယ်ဆို။

စန်ရှင်တွေ ဖွင့်တော့မှာဗျ
ထားစမ်းပါကွာ။

ထိန်ပင်သွားဖို့ စရိတ်သာ
ငါ့အိမ်ကို ရှာပေးလိုက်ပါ တဲ့။

သူ့ဖျာအောက်က ထွက်လာတဲ့
ထောင်ထွက်လက်မှတ်ကလေးမှာ
မတရားသင်းအက်
ဗကပနဲ့ ဆက်သူ။

အဲဒီ သူပေါ့
ဘယ်သူ့ကိုမှ ခြေသလုံးမဖက်သူ
ဘယ်တုန်းကမှ လက်နက်မချသူ
ကောင်းရာသုဂတိ မလားဖို့ မရှိသူ။

ထွန်းဝင်းငြိမ်း
၁၄၊ ၉၊ ၂၀၁၆

( ၁၄၊ ၉၊ ၂၀၁၆ နေ့ မနက်က ကွယ်လွန်သွားတဲ့ ရဲဘော်ကြီးဦးကျော်စိန်အား ဂါရ၀များစွာနဲ့ )
စန်ရှင် = Sanction = စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts