သာဂိ နိုင်ငံတကာရေးရာ

ရီပတ်ဘလစ်ကန်ညီလာခံက ဒေါ်နယ်ထရန့်ကို သမ္မတလောင်းအဖြစ် အတည်ပြုလိုက်ပြီ



ရီပတ်ဘလစ်ကန်ညီလာခံက ဒေါ်နယ်ထရန့်ကို သမ္မတလောင်းအဖြစ် အတည်ပြုလိုက်ပြီ

(နိုင်ငံတကာသာဂိ) ဇူလိုင် ၂၄၊ ၂၀၁၆

ဇူလိုင် ၁၈ – ၂၁ အထိ အမေရိကန်ပြည်၊ အိုဟိုင်းအိုးနယ်၊ ကလိဗင်းမြို့မှာ ရီပတ်ဘလစ်ကန်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကို ကျင်းပခဲ့ပြီး ပါပြီ။ လွန်ခဲ့တဲ့ လများက ပါတီသမ္မလောင်း ရွေးပွဲကနေ ပါတီဝင်တွေရဲ့ မဲအများဆုံး (၁၄ သန်း) နဲ့ ကုဋေကြွယ် သေဌေးကြီး၊ တီဗီသရုပ်ဆောင်၊ အသက် ၆၇နှစ်အရွယ် လုပ်ငန်းရှင်တဦးဟာ ရီပတ်ဘလစ်ကန်ပါတီက ၀ါရင့် နိုင်ငံရေးသမားများကို ကျော်တက်ပြီး ပါတီသမ္မတလောင်းအဖြစ်ကို သရဖူဆောင်းသွားပါတယ်။ ပါတီတွင်းမှာ နိုင်ငံရေးဝါရင့်များအတွင်း သဘောထားကွဲလွဲမှု အများအပြား၊ မကြေလည်မှု အမြောက်အများ ဖြစ်ပွားခဲ့သော်လည်း ပါတီထောက်ခံသူ ပြည်သူတွေကတော့ ဒေါ်နယ်မှ ဒေါ်နယ် ဖြစ်နေတာကြောင့် နောက်ဆုံးတော့ ပါတီခေါင်းဆောင်များက ဒေါ်နယ်ထရန့်ကို လက်ခံလိုက်ရတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ ဒေါ်နယ်ထရန့်ကို ထောက်ခံသူအများစုက လူဖြူ သက်ကြီးတွေ၊ ကောလိပ်မတက်ဖူးတဲ့ အလုပ်သမားတွေ၊ အမေရိကားရဲ့ နောက်ဆုံးမျိုးဆက်လို့ ဆိုကြတဲ့ စက်မှု နဲ့ လယ်ယာလုပ်သားတွေ၊ လုပ်ငန်းရှင်တွေ၊ ဘာသာရေးအစွဲကြီးသူတွေ၊ လက်ရုံးအားကိုး ဖြေရှင်းလိုသူတွေ၊ တပြည်သားတွေကို မျက်မုန်းကျိုးနေသူတွေလို့ အမျိုးမျိုး တံဆိပ်ကပ်ကြပါတယ်။

ဒီတခေါက် ပါတီညီလာခံကို ပါတီရဲ့ သမတဟောင်း ၂ ဦးဖြစ်တဲ့ ဘွတ်ခ်ျ ၂ ဦးစလုံး မတက်ကြပါဘူး။ ထရန့်ရဲ့ အစွန်းရောက် ရန်လိုတဲ့ အယူအဆ သဘောထားတွေနဲ့ ကင်းကင်းနေလိုတဲ့ ပါတီနိုင်ငံရေးသမားတွေ၊ အမတ်တွေ၊ ပြည်နယ်ခေါင်းဆောင် အချို့ကလည်း လက်ရှောင်ကြပါတယ်။ ထရန့်ကို ရုပ်ရှင်ထဲက နိုင်ငံရေးစတန့် သူရဲကောင်းလို သဘောထားသူ အမေရိကန်မျိုးချစ်တွေ သည်းသည်းလှုပ် တက်ရောက်ကြသလို သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကလည်း သတ်မှတ်ထားတဲ့ ညီလာခံနဲ့ ဝေးရာနေရာတွေကနေ ကန့်ကွက်ခဲ့ကြပါတယ်။ သို့သော်လည်း ထရန့်တယောက်ကတော့ သမ္မတလောင်းအဖြစ် ပါတီက တရားဝင် ရွေးချယ်လိုက်ပါပြီ။ သူ့ ဒုသမ္မတလောင်းအဖြစ် အင်ဒီယာနာက ပြည်နယ်ဝန်ကြီးချုပ် မို်က်ပင့်စ်ကို ရွေးချယ်လိုက်ပါတယ်။ သူကိုယ်တိုင်ကလည်း ဘာသာရေးအစွဲကြီးသူ၊ မျိုးချစ်ကြီး၊ ရှေးဟောင်းစွဲသူအဖြစ် အစဉ်အလာရှိပါတယ်။ ပါတီအနေနဲ့ ထရန့်တယောက် ရှေ့ကနေ ရမ်းကားသလောက် နောက်ကနေ ထိန်းသိမ်းဖို့ အစဉ်အလာရှိ ၀ါရင့် လက်ယာစွဲတဦးကို ထည့်ပေးလိုက်တယ်လို့ ဆိုကြပါတယ်။

ပါတီညီလာခံ ၄ ရက်လုံးလုံးမှာ ထရန့်ကို ကောင်းချီးပေးတဲ့ မိန့်ခွန်းတွေ၊ ဘုန်းတော်ဘွဲ့တွေ ရွတ်ဆို ချီးမြောက်ကြသလို တဖက် ဒီမိုကရက်ပါတီက သမ္မတလောင်းအဖြစ် တက်လာမယ့် ဟီလာရီကလင်တန်ကို တိုက်ခိုက် ရှုတ်ချ ဝေဖန်မှုတွေကို အကြီးအကျယ် လုပ်ကြပါတယ်။ လတ်တလောက်မှာ ပုလိပ်တွေက လူမည်းတွေကို ပစ်သတ်လို့ ကန့်ကွက်မှုတွေ ဖြစ်နေချိန်၊ ပုလိပ်တွေကိုလည်း မကျေနပ်သူတွေက အကြမ်းဖက် လက်တုန့်ပြန်လို့ သွေးချောင်းစီးနေချိန်မှာ သမတကြီး အိုဘားမားကိုယ်တိုင်က အမေရိကန်သားအချင်းချင်း ချစ်ခင် ညီညွတ်ဖို့ အကွဲအပြဲကို သွေးထိုး မြှောက်ပင့် အမုန်းစကား မပြောဖို့ မေတ္တာရပ်ခံနေချိန်မှာ ရီပတ်ဘလစ်ကန်ညီလာခံကြီးမှာကတော့ တဖက်ပါတီ၊ သဘောထားချင်း မတူသူတွေကို ပုတ်ခတ်စော်ကား ပြောဆို တိုက်ခိုက်တာတွေ မိုးမွှန်နေတယ်လို့ ဆိုကြပါတယ်။ အဓိကထောက်ပြစရာကတော့ ဟီလာရီကို သတ်ပစ်၊ ထောင်ချပစ် ဆိုတာမျိုးအထိ ပါတီပရိသတ်က ကြွေးကြော်ကြတယ်လို့ ဆိုပါတယ်။ 

သတင်းသမားတွေ လေ့လာသူတွေ ထောက်ပြကြတာကတော့ ရီပတ်ဘလစ်ကန်တွေ ပြောတဲ့ မိန့်ခွန်းတွေထဲမှာ တဖက်ပါတီက စကားလုံးတွေ အပြောအဆိုတွေကို ခိုးချပြီး ကော်ပီလုပ်ပြီး ပြောတယ်လို့ စွတ်စွဲခံရတာတွေ ပါဝင်ပါတယ်။ ဒီလို ကူးချတဲ့ အပြောအဆိုတွေက အခြားမဲဆန္ဒရှင်တွေကို ဆွယ်ချင်လို့ အသုံးချတာလို့ သုံးသပ်ပါတယ်။ ရီပတ်ဘလစ်ကန်တွေ အမြဲဆန့်ကျင် နှိမ်ချခဲ့တဲ့ LBGT လိင်တူချင်း နှစ်သက်သူတွေကိုလည်း ညီလာခံကနေ အားပေးထောက်ခံပါကြောင်း ပြောဆိုသွားပါသေးသတဲ့။ မက္ကဆီကိုက လူတွေ၊ အစ္စလာန်ဘာသာဝင်တွေကို ကန့်သတ်ဖို့ ဟန့်တားဖို့ကိုလည်း တိုင်းပြည်အကျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ်လို့ ထပ်ခါ ထပ်ခါ ပြောလိုက်ပါတယ်။ 

အဲသည်ထဲမှာ သူ့ပြိုင်ဖက် ဖလော်ရီဒါ အထက်လွှတ်တော်အမတ် တက်ကရုဇ်က စင်မြင့်ပေါ်တက်လာပြီးတော့ ထရန့်ကို ထောက်ခံ ချီးမြှောက်တဲ့ မိန့်ခွန်း မပြောဘဲနဲ့ ပါတီနဲ့ ပြည်သူတွေဟာ ကိုယ်ယုံကြည်တဲ့ မူဝါဒကိုသာ မဲပေး ထောက်ခံဖို့သာ လိုအပ်ကြောင်း ပြောသွားလို့ ထရန့်ပရိသတ်က ၀ူးဝူးဝါးဝါးနဲ့ အော်ဟစ် ကန့်ကွက်ကြပြန်ပါသေးတယ်။

ဒီတခေါက် ပါတီညီလာခံကြီးက အဓိကတင်တဲ့ လိုင်းကတော့ အကြောက်တရား ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ အမေရိကန်ပြည်ကြီးနဲ့ တကမ္ဘာလုံး ကာလနာတိုက်နေပြီ၊ အပျက်တရား ဆိုက်နေပြီ။ သူတို့ ရီပတ်ဘလစ်ကန်ပါတီနဲ့ ခေါင်းဆောင်ကြီး ဒေါ်နယ်ထရန့်သာ မကယ်ရင် အားလုံး သေဘွယ်ရှိတယ်လို့ ကြွေးကြော် ၀ါဒဖြန့်နေတာကို အဓိကဖြစ်နေပါတယ်။ ၂၀၀၈ ခုနှစ် နောက်ပို်င်း ဒီမိုကရက်ပါတီက သမ္မတကြီး အိုဘားမား တက်လာပြီးနောက် ဘွတ်ခ်ျလက်ထက်အမွေခံ စီးပွားပျက်ကပ်ကို ဒီမိုကရက်အစိုးရ ဆယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။ လွှတ်တော် ၂ရပ်လုံးက ရီပတ်ဘလစ်ကန်အမတ်တွေ အားလုံးက တခဲနက် အစိုးရလုပ်သမျှကို ကန့်ကွက် ပိတ်ဆို့မှုတွေ အများဆုံးလုပ်ခဲ့တာကြောင့် တိုင်းပြည်ဟာ တိုးတက်မှု နှေးကွေးမှုတွေ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြည်သူတွေကိုလည်း အကြောက်တရား အမုန်းတရားတွေ ဟောပြောတိုက်တွန်းပြီး ရီပတ်ဘလစ်ကန်ပါတီဟာ တပြည်သားတွေ၊ လိင်တူချင်း နှစ်သက်သူတွေ၊ အမျိုးသမီးတွေ၊ အသားအရောင် ကွဲပြားသူတွေကို ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဝေဖန်ခံရခဲ့ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း သူများတိုင်းပြည်မြေပေါ်ကို သွားရောက်ပြီး စစ်ပွဲတွေ ဆင်နွှဲဖို့၊ တိုက်ရိုက် ကိုယ်ထိလက်ရောက် လုပ်ဖို့သာ အားသန်တဲ့ ရီပတ်ဘလစ်ကန်ပါတီပေါ်လစီကို အိုဘားမားက ဆန့်ကျင်ပြီး နည်းပညာသုံးတဲ့ စစ်ရေးဗျူဟာ၊ မဟာမိတ်တွေကိုယ်တိုင် တိုက်ရိုက်ပတ်သက်မှု ဦးစားပေးပေါ်လစီ ကျင့်သုံးခဲ့တာကြောင့် အမေရိကန် စစ်သားတွေ အသေအပျောက် ထိခိုက်မှုနဲ့ စစ်ရေးကျွံမှုတွေကို ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။

လာမယ့် နောက်တပတ်မှာတော့ တဖက်ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီ ညီလာခံကြီး တခဲနက် ကျင်းပပါဦးမယ်။ သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကို တင်မြှောက်ကြပါမယ်။ အဲသည်မှာလည်း ဘုန်းတော်ဘွဲ့တွေ၊ ဖက်ပါတီကို ပြန်လှန်တိုက်ခိုက် စွတ်စွဲမှုတွေ လုပ်ကြဦးမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီမိုကရက်တွေကို ကန့်ကွက်ဆန္ဒပြမယ့်သူတွေကလည်း ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲဆိုတာက ၄ နှစ်တခါ ကျင်းပတဲ့ ပျော်ချင်တိုင်းပျော်၊ ဆဲချင်တိုင်း ဆဲ၊ စိတ်မဆိုးကြေး၊ ဗွေမယူကြေး၊ ရင်ဖွင့်စရာ အပမ်းဖြေစရာ သင်္ကြန်ပွဲတော်တခုလို သဘောထားပြီး ပွဲကြည့်နေကြတာကတော့ အမေရိကန်ပြည်သူတွေအပါအ၀င် တကမ္ဘာလုံးကလူတွေ ဖြစ်ပါတော့တယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts