ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) အတွေးအမြင်

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ဒီဥာဏ်တွေသာ လွတ်လပ်းရေးအတွက် သုံးလိုက်ရရင်

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဒီဥာဏ်တွေသာ လွတ်လပ်းရေးအတွက် သုံးလိုက်ရရင်

(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

မနက်ဖြန် ၁၁.၁၂.၁၅-နေ့မှာ တောင်တွင်းကြီးမြို့ ၊နတ်မှီတောရ၊ အဘိဓမ္မာကျမ်းပြုအကျော် ဆရာတော်ဘုရားကြီး ရှင်ဥက္ကဋ္ဌ-ရဲ့ ၁၁၈-နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ပူဇော်ပွဲကြီးကို နတ်မှီတောရမှာပဲ ရပ်ဝေး ရပ်နီးက တပည့်သားမြေးတို့   စုပေါင်းဆင်နွှဲ ကြတော့မှာပါ။

ပူဇော်ပွဲအထိမ်းအမှတ်အဖြစ် ဆရာတော်ကြီးရဲ့ မမေ့နိုင်စရာ အဆိုအမိန့်လေးတွေကို မျှဝေ တင်ပြလိုက်ပါတယ်။

ဆရာတော်ကြီးက အိန္ဒိယမှာနေစဉ်ကတည်းက သက်သတ်လွတ်ပဲ ဘုဉ်းပေးပါတယ်၊ ဆရာတော်ကြီးအတွက် နံနက်စောတိုင်း ကပ်ဖို့  နွားနို့ တခွက်ကို ညနေပိုင်းကတည်းက တပည့်များက စီစဉ်ထားပြီး ဆွမ်းစားဆောင်က ကြောင်အိမ်ထဲမှာထည့်ထားပါတယ်။ ကြောင်အိမ်က  ပိုးဟပ်မဝင်နိုင်လောက်တဲ့ သံစကာ အလုံကာထားပြီး သော့ခပ်ထားတာပါ။ နံနက်စော ဆရာတော်ကပ်မယ်လို့  ကြောင်အိမ်ဖွင့်လိုက်တိုင်း နွားနို့ က အမြဲတမ်း လျှော့နေတယ်၊ သော့လဲ အသေအချာခပ်ထားတာပဲ၊  သော့ကလဲ စားဖိုမှုးဆီမှာပဲ သိမ်းထားတာပါ။

နေ့စဉ်ရက်ဆက် ကြုံလာတော့ ဒီကိစ္စကို ဆရာတောထံ တင်ပြပါတယ်။ ဆရာတော်က ညပိုင်း ကျောင်းသားကိုရင်တွေ စုံတဲ့အခါ-

“ကြောင်အိမ်ထဲမှာ သံစကာအလုံနဲ့  သော့လဲခပ်ထားတဲ့ကြားက နွားနို့ ကို ရအောင်ခိုးသောက်ထာ
ဘယ်သူလဲကွ။ မင်းတို့ကို ဒဏ်ပေးမလို့ မဟုတ်ဘူး၊မှန်မှန်ပြောစန်းကွာ၊ မင်းတို့ ဥာဏ်ကို ငွေငါးကျပ် ဆုချချင်လို့ ”

ဆိုတော့ ဆရာတော်က ‘ဟနုမန်ကြီး’လို့ နာမည်ပြောင်နဲ့ခေါ်တဲ့ သိန်မောင်ကြီးဆိုတဲ့ ကျောင်းသားက
သူသောက်ထာပါလို့ ဝန်ခံတယ်။

“ဒီလောင် အလုံပိတ်ထားတဲ့ကြောင်အိမ်ထဲက နို့ ကို သော့မဖွင့်ပဲ  မင်း ဘယ်လိုလုပ် သောက်လဲကွ” ဆိုတော့ သင်္ဘောရိုးသေးသေးလေးကို သံဇကာပေါက်ကနေ ရအောင်သွင်းပြီး စုတ်သောက်တဲ့အကြောင်း
ဝန်ခံပါတယ်။

“အေးကွာ မင်းဒီဥာဏ်မျိုးတွေ လွတ်လပ်ရေးအတွက်များ သုံးလိုက်ရရင်ကွာ..လို့ ” ချီးကျူးပြီး
ပိုက်ဆံငါးကျပ် ဆုချလိုက်ပါသတဲ့။

အဲဒီတုန်းက လွတ်လပ်ရေး ကြိုးပန်းနေချိန်ဆိုတော့ ဆရာတော်စိတ်ထဲမှာ အရာရာကို လွတ်လပ်ရေးအတွက်သာ စဉ်းစားနေတယ်ဆိုတာကို ထင်ဟပ် သိမြင်စေတဲ့ မိန့်ကြားချက်ကလေးပါ။

ကျောင်းသား ကိုရင်တွေရဲ့ ရင်ထဲမှာလဲ- “မင်း ဒီဥာဏ်မျိုးတွေ လွတ်လပ်ရေးအတွက်သာ သုံးလိုက်ရရင်ကွာ”..   ဆိုတဲ့စကားက အချင်းချင်း ဥာဏ်နီဥာဏ်နက် သုံးလာတာ တွေ့ ရင်တောင် ပြောစမှတ် တွင်နေရစ်ပါတယ်။

(နတ်မှီဆရာတော်ဘုရားကြီးရဲ့ ၁၁၈-နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဂုဏာနုဿတိပူဇာစာ)
၁၀.၁၂.၁၅၊ နတ်မှီတောရ၊ တောင်တွင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts