အတွေးအမြင်

ကျော်မောင်(တိုင်းတာရေး) – အလျင်

 ကျော်မောင်(တိုင်းတာရေး)   – အလျင် 

(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၅

စမိတာက အဖေ့ကြောင့်ဖြစ်သည်။ အဖေက လမ်းလျှောက်သမား။ မနက်စောစောထကာ လမ်းလျှောက်သည်။ မနက်ငါးနာရီတွင် အိမ်မှ ပုံမှန် ထွက်ပြီး နာရီဝက်ကျော်ကျော်လောက် ရောက်အောင် လျှောက်ရသော ကန်ပေါင်ဖက်သို့ လျှောက်သည်။ အစက အဖေ့အတွက် အဖော်ရအောင် လိုက်သည်။ နောက်တော့ လမ်းတွင်တွေ့သော အပြေးသမားများကိုတွေ့ပြီး သူတို့လို လိုက်ပြေးကြည့်သည်။ ထိုသို့ဖြင့် တကိုယ်တော် ပြေးခြင်းစတင်ခဲ့သည်။

ဟိုးငယ်ငယ်တုန်းကဆိုလျှင် ညီအကို အဖော်အပေါင်းများနှင့် အဖွဲ့လိုက် ပြေးကြသည်။ ပြေးတာနည်းနည်း စကားတပြောပြောနှင့် လမ်းလျှောက်ကြတာ များများဖြစ်သည်။ တကိုယ်တော် ပြေးသောအခါ စကားပြောဖော်မရှိ။ သူလိုကိုယ်လို ပြေးနေသော အပြေးသမားများကို ကြည့်ကာ သူတို့ကဲ့သို့ ပြေးသည်။ အများအားဖြင့် အနှေးပြေးသောသူများ အတော်များသည်။ ထိုမှစကာ အနှေးပြေးခြင်းကို သဘောကျပြီး သက်တောင့် သက်သာဖြစ်သော ပြေးသည့်နည်း အတိုင်း ပြေးခဲ့လေသည်။

ပြေးသည်ဆိုသောအခါ ပုံမှန်ထပြေးရသည်။ မဟုတ်ပါက  မပြေးသောနေ့တွင် ခြေသလုံး ကြွက်သားများ နာတတ်သည်။ မနက်စောစောထပြေး၊ အပြန်တွင် မနက်စာ ၀င်ဝယ်၊ အိမ်ရောက်လျှင် ညီဖြစ်သူကိုနိုး၊ ကျောင်းတက်ဖို့ပြင်။ တနေ့လုံးသည် လန်းဆန်း တက်ကြွနေသည်။ ဆောင်းတွင်းတတွင်းလုံး ပြေးခဲ့သည်။ ပြေးနေစဉ်ကာလတွင် စာအုပ်တစ်အုပ်ဖတ်ရသည်။ အပြေးလေ့ကျင့်ခြင်း စာအုပ်ဖြစ်သည်။ မပြေးခင် ပြုလုပ်ရန်များ၊ ပြေးနေစဉ် လိုက်နာရန်များ၊ ပြေးပြီးနောက် ဆောင်ရွက်ရန်များ စသည်တို့ပါဝင်သည်။

တာတိုအပြေးကို ရူးသွပ်ခဲ့ဖူးသည်။ ထိုစဉ်က တာတိုချန်ပီယံမှာ ကားလူးဝစ် (Carl Lewis အမေရိကန်နိုင်ငံ) ဖြစ်သည်။ ၁၉၉၁ တွင် မီတာတစ်ရာ စံချိန် ၉.၈၆ စက္ကန့် တင်နိုင်ခဲ့သည်။ (၁၈)နှစ်အကြာ ၂၀၀၉ တွင် အူဆိန်ဘို့ (Usain Bolt ဂျမေကာနိုင်ငံ) မှ ၉.၅၈ စက္ကန့် ဖြင့်ပြေးနိုင်ခဲ့သည်။ တာတိုကျင့်ပြီး သိပ်မကြာ၊ အနှေးပြေးခြင်းကိုပင် ပြန်လုပ်ဖြစ်သည်။ နိုင်ငံ့ဂုဏ်ဆောင် အပြေးချန်ပီယံတွေကို ငယ်ငယ်က အားကျခဲ့သည်။ ဆောင်းတွင်း နှစ်တွင်းလောက် ပုံမှန်ပြေးပြီးသောအခါ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုရှိလာသည်။ ငါပြေးနိုင်တယ်၊ ငါအမောခံနိုင်တယ်ဟု။

တကြိမ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရပ်ကွက်ထဲမှလူကြီးများ ဦးဆောင်ကာ အပြေးပြိုင်ပွဲလုပ်သည်။ တမိုင်ကျော်ကျော်လောက်ပြေးရသည်။ မနက်တိုင်း ပြေးနေကြဖြစ်၍ မဖြုံရေးချ မဖြုံ။ ပြိုင်ဖက်တွေက မနက်ပိုင်း ထမပြေးသောသူတွေ။ စ ပြေးသောအခါ  ကျန်ခဲ့လေသည်မှာ မနက်တိုင်း ပြေးနေကြအပြေးသမားကျွန်တော်ပင် ဖြစ်သည်။ သူတို့က အားစိုက်ကာ အားကုန်ထုတ်ပြီးပြေးကြ၏။ ကျွန်တော့်မှာ မြန်ချင်သော်လည်း မြန်လို့မရ။ ကျွန်တော်ပြေးနေသည်မှာ မနက်တိုင်း ပြေးနေကျ ပုံစံအမှန်။ အနှေးပြေး ပြေးနေခြင်း ဖြစ်ပေသည်။ ပြေးနှုန်းကို မြှင့်ကြည့်သည်။ မရ။ ခြေထောက်တွေက မလိုက်နိုင်။ ပန်းဝင်တော့ လက်ခုပ်တီးအားပေးကြသည်။ ပ၊ဒု၊တ ရသူုတွေက ရကုန်ပြီး နောက်ဆုံးပန်းဝင်လာသူကို အားပေးကြခြင်းဖြစ်သည်။ တခုရလိုက်သည်။ ပြိုင်ပွဲဆိုသည် ဆုရအောင် ပြိုင်ရတာဖြစ်သည်။ လေ့ကျင့်ကတည်းက ပြိုင်ပွဲပုံစံလေ့ကျင့်ရပေမည်။

အလုပ်ဝင်ချိန်တွင် ဘတ်စ်ကားမှတ်တိုင်သို့ ကားမီအောင် ပြေးရသည်။ မမီက စောင့်ပေတော့ ဆယ့်ငါးမိနစ်ဖြစ်ဖြစ် နာရီဝက်ဖြစ်ဖြစ်။ ကားမမီလျှင် ကံမကောင်းက ရုံးတက်နောက်ကျကာ ထိုနေ့တနေ့လုံး အလုပ်လုပ်ရတာ ထိုင်းထိုင်းမှိုင်းမှိုင်း။ ဤတွင် အပြေးလေ့ကျင့်ခဲ့ခြင်းက အကျိုးပေးလေသည်။ သို့သော် ကားမှတ်တိုင်သို့ ဆိုက်ရောက်လာမည့်ကားကို မီရန် အရှိန်မြှင့်ကာ ပြေးရတော့သည်။ ကားမှတ်တိုင်သို့ ကားမီရန် ပြေးသည်မှာ လွှားကနဲ လွှားကနဲ ဖြစ်၏။

အပြေးနှင့်သက်ဆိုင်သော စာအုပ်စာတမ်းများကို နီးစပ်ရာ စာကြည့်တိုက်တွင် အချိန်ပေးပြီး လေ့လာဖြစ်သည်။   အပြေးလေ့ကျင့်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများကို မှတ်သားသည်။ အပြေးသည် အားကစား အားလုံး၏အခြေခံဟုဆိုလျှင် မမှား။ မည်သည့်အားကစားလုပ်လုပ် မလုပ်ခင် ကွင်း တပတ်နှစ်ပတ်လောက် ပြေးကာ သွေးပူအောင် လုပ်ရသည်။ တချို့ အားကစားနည်းများတွင် အပြေးကို များများ လေ့ကျင့်ခိုင်းသည်၊ အမောခံနိုင်ရန် နှင့် အပြေးမြန်လာစေရန် ဖြစ်သည်။

မြန်သူများကို မီချင်လျှင် သူတို့အလျင်ထက် ပိုမြန်ဖို့လိုသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွေက ယုန်နှင့်လိပ် ပုံပြင်ထဲမှ ယုန်ကဲ့သို့ ပြေးလမ်းတွင် တရေးနှပ်နေသူတွေ ဖြစ်ချင်မှဖြစ်မည်။ သူတို့ ဘယ်သို့ဘယ်ပုံ ပြေးနေလည်းကြည့်ရမည်။ ချမ်းသာချင်လျှင် ချမ်းသာသူတို့ ဆောင်ရွက်သော ကောင်းသောအချက်များကို အတုခိုးဖို့လိုသည်။ ကောင်းကွက်ကြည့်ကာ ဆိုးချက်များ ပယ်ရပေမည်။ ကိုယ့်နည်းဖြင့်ကိုယ် ပြေးနေပါက “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” ဟု ဆိုရမလိုပင် ဖြစ်ချေမည်။

 

တိုးတက်နေသောနိုင်ငံများကို အရှိန်ရနေသော၊ သက်လုံကောင်းနေသော၊ ပြေးသက်ရင့်နေသော အပြေးသမားများဟု ဆိုနိုင်သည်။ သူတို့ထက် မသာတောင် တန်းတူလိုက်နိုင်ဖို့ ပြေးမှ ရတော့ မည်။ ပြေးရာတွင်လည်း သေသေကြေကြေ စိတ်ထားပြီး ပြေးရမည်။ ဖြောင့်ဖြူး မှုန့်ညက်နေသော ပြေးလမ်းဖြစ်ချင်မှဖြစ်မည်။ ခဲမုခဲထစ် ပေါသောလမ်းတွင် ပြေးလျှင်လည်း ပြေးရမည်။ လမ်းမရှိသေးသော အရပ်တွင် ပြေးနေတာလည်း ဖြစ်ကောင်းဖြစ်မည်။ ပုံမှန်ပြေးရာမှ မြန်မြန်ပြေးရပေမည်။ ပြေးပါသည် ဆိုမှ အဘယ်အပြေးသမား မှ နောက်ပြန်လှည့်ကာ ပြန်ပြေးကြမည်မဟုတ်၊ ရှေ့ကိုသာ ပြေးနေမည်ဖြစ်သည်။ အပြေးဖိနပ် ပါချင်ပါမည်၊ အမောပြေသောက်ဖို့ ရေဗူး ပါချင်ပါမည်၊ အချိန်ကြည့်ရန် လက်ပတ်နာရီ (သို့) လက်ကိုင်ဖုန်း ပါချင်ပါမည်၊ မည်သို့ပင် ဖြစ်စေ ပြေးမည်ဟု စ လိုက်ပါက တောက်လျှောက်ပြေးနေဖို့ လိုသည်။ ပြေးရာလမ်းတွင် တားနေသူများ တွေ့က အရှိန်မတန့်ဘဲ ဆက်ပြေးရပေမည်။ တွန်းတိုက်လျှင်လည်း တွန်းတိုက်ပစ်ရပေမည်။

အရှေ့ကို လျှောက်နေရုံဖြင့် မရတော့။ အရှေ့ကို အပြေးသွားမှ ရမည့်အခြေအနေဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ တခြားသူတွေက သူတို့အလျင်နှုန်းဖြင့် တစိုက်မတ်မတ်ပြေးနေကြပြီ။ ကျွန်တော်တို့ ပြေးကြည့်လိုက်ဖို့ အမှန်လိုပါသည်။ ပြေးတာမှ အမြန်ပြေးရပေမည်။ နောက်က တစုံတယောက်(သို့မဟုတ်) တကောင်ကောင်လိုက်သောကြောင့် ပြေးရမည်မဟုတ်။ ကြောက်လို့ ပြေးမှာ မဟုတ်၊ ဦးတည်ရာ ပန်းတိုင်ကို ရောက်ဖို့  ပြေးရမည် ဖြစ်သည်။ ရှေ့က ပြေးနေသူတွေကို မီဖို့ အစွမ်းကုန် ပြေးကြမှ ရပေမည်။

အမြင့်ဆုံးနှုန်းကို တင်ဖို့ကိုဖြင့် မမေ့ရန် လိုပါကြောင်း။

ကဲ ပြေးလိုက်ကြရအောင်ဗျာ။

ကျော်မောင်(တိုင်းတာရေး)

ကိုးကားချက် –   https://en.wikipedia.org/wiki/Men%27s_100_metres_world_record_progression

Photo credit – http://vincentmars.com/2013/09/23/50-word-tales-117/ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts