ရသဆောင်းပါးစုံ

သွန်းခ – လေလှောင်လှောင်၊ ပိုးကောင်တွေနဲ့ အူကြောင်ကြောင်ပြည်သူတွေ

သွန်းခ – လေလှောင်လှောင်၊ ပိုးကောင်တွေနဲ့ အူကြောင်ကြောင်ပြည်သူတွေ
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅

သွန်းခနေ့တိုင်းသွားနေရတဲ့နေရာက ပျော်စရာနတ္ထိ၊ စိတ်ညစ်စရာတွေနဲ့ အတိပြီးတဲ့နေရာပါ။ ဆေးရုံပါဆိုမှဗျာ၊ ဘယ်လိုလုပ ပျော်စရာလာကောင်းနိုင်ပါ့မလဲ။ အဲဒီဆေးရုံကိုရောက်ဖို့အရေး လမ်းမှာအချိန်၂နာရီနီးပါး ပေးရတတ်ပါတယ်။ လှည်းတန်း မီးပွိုင့်လေ၊ သမိုင်းလမ်းဆုံ မီးပွိုင့်လေ၊ စည်းမရှိ ကမ်းမရှိမောင်းနေကြတဲ့ကားတွေနဲ့လေ။ အဲဒီတော့ကြာပြီပေါ့ ၂ နာရီ။ အဲဒါ က အသွားလမ်း။ သွားလမ်းမသာလို့ ပြန်လမ်းချောမယ်လည်း မထင်ကြပါနဲ့။    မောပါတယ်လို့ဆို။ ပိုဆိုးလို့လေ။ လှည်းတန်း မီးပွိုင့်ကို မမိမိအောင် မောင်းတတ်ကြတဲ့လိုင်းဘတ်စ်တွေကြောင့် စိတ်ညစ်ရတာတစ်မျိုး၊ အခုစာကလေးကြော်၊ အခုဆီထမင်းလုပ်တတ်ကြတဲ့ဟာကြီးတွေလို ကျင့်ကြံကြတဲ့ ကိုရွှေယာဉ်မောင်းတွေရဲ့စိတ်အပြောင်းအလဲတွေကြားမှာ ခရီးသည်တွေ ဗျာများကြရတာတမျိုးကြောင့်ပါ။ မီးပွိုင့် မမိမိအောင်မောင်းနေတာက ခရီးသည်ရမလားလို့၊ တခါမိ မိနစ် ၂ဝ ဗျာ။ ၃ ခါ လောက် မိအောင် မောင်းတတ်ကြတဲ့ယာဉ်မောင်းတွေ လိုသလောက်ခရီးသည်လည်း မရရော၊ ခရီးသည်တွေကိုနောက်ကားနဲ့ ပြောင်းစီးဖို့မောင်းချ၊ နောက်ကားကလည်း ဟုတ်မလိုလိုနဲ့ သူလည်း အခြေအနေမကောင်းရော ခရီးသည်တွေကို နှင်ချပြန်ပါ လေရော။ ပြည်သူတစ်ယောက်အနေနဲ့ အမိန့်တွေပေးတာလည်းမကြိုက်သလို နောက်ကြောင်းပြန်ကိစ္စတွေကိုလည်း မလိုလားတော့၊ မလိုလားတော့၊ မလိုလားတော့နဲ့ပဲ ဟိုကား၊ ဒီကားတွေပေါ်ပြေးတက်၊ ပြေးဆင်းနဲ့ပါပဲ။ သွန်းခ အပါအဝင်ခရီး သည်တွေမှာ ထမင်းချိုင့်တွေ၊ လွယ်အိတ်တွေ၊ ထီးတွေနဲ့ ရေဘေးသင့်ပြည်သူတွေလိုပါပဲ။ မိုးထဲ၊ လေထဲပြေးရ၊ လွှားရနေ့တိုင်းနီးပါးခံစားနေကြရတာတွေ။ ဘာလို့နောက်ကြောင်းပြန်ချင်ကြတာလဲ၊ မကိုက်လို့၊ အဲဒီလိုလုပ်ချင်တိုင်းလုပ်လို့ရတယ်လား၊ ရလို့လုပ်တယ်၊ မကျေနပ်ရင်သွားတိုင်၊ ဘာမှအကြောင်းမထူးဘူး။ ကဲ သွန်းခစိတ်ညစ်တာ ဆန်းလား။

အဲဒီတော့လမ်းမှာ၊ ကားပေါ်မှာပေါ့ဗျာ။ နေ့စဉ်ထုတ်သတင်းစာ ၂ စောင်လောက်ဖတ်သဗျာ။ ဖေ့စ်ဘွတ်ခ်ထဲက သတင်း အမှန် အကန်တွေ ကြည့်သဗျာ။ ရှိတာပေါ့ဗျ၊ အမှန်အကန်တင်တတ်တဲ့ အွန်လိုင်းမီဒီယာတွေ။ မနက်ပိုင်းတမျိုး၊ ညနေပိုင်း တမျိုးပေါ့ဗျာ။ သတင်းဆိုတာတွေက မနက်ပိုင်းဆို လတ်လတ်ဆတ်ဆတ်၊ နေ့လည်ကျတော့ နည်းနည်းညှိုးသွားပြီး ည နေလောက်ကျတော့ မဖတ်ချင်တော့ပြန်ဘူး။ အမြဲဖတ်နေကျဆိုတော့ မနက်ပိုင်းသတင်းတွေ အကုန်ဖတ်ချင်သဗျ။ ဘတ်စ် ကားကလမ်းမှာကြာ၊ အဲဒီတော့လည်း အကျိုးရှိအောင်လုပ်မိတာကို ပြောပါတယ်။ နောက်များ ဒီ့ထက်ကြာရင် အချိန်ရရင်ရ သလိုဘတ်စ်ကားပေါ်မှာပဲ ကော်ဖီသောက်၊ မုန့်စား၊ ဟိုဟာ၊ ဒီဟာလုပ်ကြရလိမ့်မယ်ထင်ပါရဲ့ဗျာ။

အလုပ်ထဲရောက်လို့ ရုံးခန်းသော့ကိုင်တဲ့ပုဂ္ဂိုလ်မရောက်သေးတာနဲ့ ငုတ်တုတ်ထိုင်စောင့်နေရတာက ရှိသေးဗျား။ ရုံးခန်း ဘေးထိုင်ရင်း အနားက ဓါတ်မီးတိုင်ကိုမော်ကြည့်မိပါတယ်။ သွန်းခ မျက်မှောင်ကြုတ်ဖြစ်သွားသဗျ။ တိုင်ချည်းသက်သက်၊ ဓါတ်ကြိုးတွေမရှိဘူး။ အဲဒီဓါတ်တိုင်ရဲ့ခါးလောက်မှာ မီးချောင်းတစ်ချောင်းတပ်ထားပါလေရဲ့။ ပါဝါဆပ်ပလိုင်းက ဆေးရုံရဲ့မီး လိုင်းထဲက။ ကောင်းရော၊ ဓါတ်တိုင်အဟောင်းဆိုတော့လည်း အမှီအခိုကင်းတာပေါ့လေလို့တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ်ထူကိုယ်ထမီးချောင်းကြောင့် အဲဒီဓါတ်တိုင်သိက္ခာတော့ရှိနေပါသေးတယ်။ ဘယ်သူတွေဘာပြောပြော၊ “ကျွန်မက ဓါတ် တိုင်ပါမောင်” ပေါ့။

ကြည့်နေရတဲ့လူနာတွေက ဆေးယဉ်ပါးတီဘီရောဂါသည်တွေဗျာ။ အကာအကွယ်ဆိုလို့ နှာခေါင်းစည်းနဲ့ လေပန်ကာ ပဲရှိ တာပါ။ လူနာတွေဘက် ပန်ကာဖွင့်ထုတ်ထားတော့ လူနာတွေဆီကပိုး ကျန်းမာရေးဝန်ထမ်းတွေဆီ အလွယ်တကူမ ရောက် တော့ဘူးပေါ့။ မြန်မာနိုင်ငံကျန်းမာရေးဝန်ထမ်းတွေဘဝက အောက်ခြေအဆင့်တွေမှာ စုတ်ပြတ်နေတာပါဗျာ။ ဖြစ်သလို တွေကများများနေတာပါ။ လူနာတွေကို ကျန်းမာရေးပညာပေးရတော့ မပြောမဖြစ် စကားကပြောရပါလေရော။ ပြောပါတယ်၊ စောစောကပန်ကာအားကိုး၊ နှာခေါင်းစည်း အားကိုးနဲ့ပေါ့။ မီးပျက်သွားတဲ့အခါကျတော့ မောကြောပေါ့ဗျာ။ လပေါင်း ၂ဝ ကုကြရမှာ၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြဖို့၊ ကိုယ့်မိသားစုဝင်တွေကို မကူးစက်အောင်ကာကွယ်ကြဖို့၊ နှာချေချောင်းဆိုးရင်လက်ကိုင်ပဝါသုံးကြဖို့၊ ဆေးသောက်ပုံသောက်နည်းတွေရှင်းပြရ၊ အားလည်းပေးရပါသဗျာ။ လူနာတွေဆေးရုံလာပြရင် အငှားကားနဲ့လာနိုင်ဖို့ လစဉ်ထောက်ပံ့ငွေ ကျပ်သုံးသောင်း အေတီအမ်ကဒ်နဲ့ စီစဉ်ထောက်ပံ့ထားပေးပါသဗျာ။ အလွှာ ပေါင်းစုံကူးစက်ခံနေကြရတာဆိုတော့ လူတန်းစားအလွှာက အစုံလေဗျာ။ ပညာအရည်အချင်းမရှိတာနဲ့ အကြောက်တရားစိုးမိုးခံနေကြရတဲ့ပြည်သူတွေလည်း ပါတာကိုး။ အေတီအမ်ကဒ်ကို ဘယ်လိုသုံးရမယ်ဆိုတာ မပြောနဲ့။ အဲဒီ ငွေထုတ်ခန်းထဲကိုမဝင်ရဲသေးတဲ့သူတွေတောင် ရှိပါတယ်ဆို။ လိုက်ကူညီပေးဖို့ဆိုတာကလည်း အဲဒီမှန်လုံခန်းထဲမှာ လူနာနဲ့ကိုယ် ဘယ် လိုနေမလဲ။ အသက်ရှုလမ်းကြောင်းကနေကူးတာပါဆိုမှ၊ အဲဒါထား။ လူနာရဲ့ငွေထုတ်ဖို့ ဂဏာန်းတွေကလျှို့ဝှက်ထားရမယ့်ကိစ္စ။ ကြာပါတယ်ဗျာ။ မနေတတ်၊ မထိုင်တတ်တဲ့ သွန်းခ အဲဒီလျှို့ဝှက်ဂဏာန်းနှိပ်တဲ့အဆင့်ရောက်မှ အပြင်ထွက်ပေးလိုက် မယ်။ လူနာမြန်မြန် ငွေထုတ်ဖြစ်သွားပြီးရောဆိုပြီး လူနာရဲ့ငွေထုတ်ကဒ် စက်ထဲထိုးလိုက်မိပါတယ်။ လိုင်းကျသွားလို့ပါတဲ့၊ နောက်မှသိရတာ၊ နောက်မှသိရတာ။ သက်ဆိုင်ရာရုံးကိုဖုန်းဆက်မေးမှသိရတာ။ ကဒ်ကပြန်ထွက်မလာ၊ လူနာကပြန်ရမှာ ထန်းတပင်အထိ၊ စက်ရဲ့ဖန်သားပြင်ကိုကြည့်တော့လည်း ဘာမှမပေါ်တော့ဘူး။ သွန်းခမှာလည်း အလုပ်တွေနဲ့။ ဖြစ်ပုံများ ပြောပါတယ်။ မြန်မာပြည်ကိုးဗျ၊ မြန်မာပြည်။ မီးပျက်မယ်၊ လိုင်းကျမယ်၊ လုပ်ချင်တိုင်းလုပ်မယ်၊ ဖြစ်ချင်တိုင်းဖြစ်မယ်ဆိုတဲ့ မြန်မာပြည်။ ကြောက်ချင်တိုင်းကြောက်နေကြရပြီး ပြည်သူတွေခမျာ တော်တော်များများက အူကြောင်ကြောင်တွေကိုဖြစ်လို့။

ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်လေးတွေတော့ ရှိပါရဲ့၊ မလောက်မင။ အဲဒီတော့ ဆိုရှယ်မီဒီယာတွေပေါ်တင်ရင် ရော၊ လူဖတ်များတဲ့စာမျက်နှာ၊ အခြေခံလူတန်းစားဝယ်ဖတ်နိုင်မယ့်စာမျက်နှာတွေပေါ့ဗျာ။ ဒီလောက်ဒုက္ခပေးနေတဲ့ဆေးယဉ်ပါးတီဘီအကြောင်း ပြည်သူတွေကို ကျန်းမာရေးပညာပေးဖို့၊ အဝဲနက်စ်ပေးဖို့ မေးကြည့်မိပါတယ်။ ကျန်းမာရေးဆေး ပညာဌာနက စီစဉ်ပါလိမ့်မယ်တဲ့။ ဘယ်တော့မှန်းလည်းမသိ၊ လူနာတွေကဖြင့် များသည်ထက်များလာပြီ။

အင်း………..။ ကျောက်မီးသွေးစက်ရုံတွေနဲ့မှ ပြည်သူတွေလျှပ်စစ်မီး မှန်မှန်သုံးကြရမှာတဲ့လား။ စက်ရုံ အလုပ်ရုံတွေလည်နိုင်၊ ပတ်နိုင်ပြီး အခြေခံလူတန်းစားတွေ အဆင်ပြေကြမှာတဲ့လား။ ကျန်းမာရေးတွေ စီးပွားရေးတွေ ကောင်းကုန်ကြပြီး ကျောင်း နေအရွယ် ကလေးငယ်တွေစာသင်ခန်းထဲရောက်ကြမှာလား။ ရာဇဝတ်မှုတွေ ပပျောက်ကုန်မှာတဲ့လား။ တစ်ခုခုလုပ်ကြ မယ်ဆို စီကာ စဉ်ဆက် တွေးတောချိန်ဆပြီးမှ လုပ်သင့်ကြသဗျ။

တိုင်းပြည်ကိုကြီးစိုးနေကြတဲ့သူတွေက ပြည်သူ့အရေးဆို ခပ်ရှောင်ရှောင်၊ ပြည်သူတွေခမျာလည်း ခပ်ကြောင်ကြောင်၊ တိုးတက်ရာတိုးတက်ကြောင်းကြိုးစားနေကြတဲ့သူတွေကိုလည်း မြှောက်ထိုးပင့်ကော်လုပ်ပေးခံနေကြသူတွေက ခပ်ဟောင် ဟောင်ဆိုတော့ မနေနိုင်တဲ့ အနုပညာရှင်တွေက ထသရော်ပြကြ၊ ထောက်ပြကြပြီ။ ကာတွန်းဆရာတွေက ကလိကြပြီ။ စာ ရေးဆရာတွေက ကလောင်တွေတစ်ချောင်းပြီး တစ်ချောင်းထုတ်ရေးကုန်ကြပြီ။

အောက်ခြေအဆင့် ဝန်ထမ်းရော၊ ပြည်သူတွေ ရောစိတ်တွေညစ်နေကြရပြီ။ အဲဒါလည်း နိုင်ငံတော်စီမံကိန်းဆိုပြီး အကောင် အထည်ဖော်မယ်လုပ်တုန်း။ ဘေးထွက်ဆိုးကျိုး တစ်ပြုံတစ်ခေါင်းကြီးကို ပညာရှင်တွေထောက်ပြလည်း နားမဝင်သေးဘူး၊ နားကိုမလည်ကြတာဗျ။

ပေါ့သေးသေးမှတ်မနေနဲ့။ ဆေးယဉ်ပါးတီဘီက လူတန်းစားအလွှာပေါင်းစုံကို နည်းမျိုးစုံနဲ့ လွယ်လွယ်လေးရောက်လာ နိုင်တယ်။ အများသူငါစီးနင်းလိုက်ပါနေကြတဲ့ လေဝင်လေထွက်မကောင်းတဲ့ ဘတ်စ်ကားကို နိုင်ငံတော်ကြီးလို့ ဥပမာထား၊ ပညာရှင်တွေနားချ၊ ရှင်းပြ၊ ထောက်ပြ၊ ဝေဖန်ပြနေတာကိုဂရုမစိုက်ပဲ ခေါင်းမာနေကြတဲ့ဟာကြီးတွေကို ဆေးယဉ်ပါးတီဘီပိုး ကောင်ကြီးတွေလို့သဘောထား၊ ကြောက်နေ၊ လန့်နေကြ၊ စီးပွားရေး၊ ပညာရေး၊ ချွတ်ခြုံကျနေကြပြီး ဈေးတက်စီးပွားရေး ကြီးနဲ့ ရင်ဆိုင်နေကြရတဲ့ပြည်သူတွေကို အူကြောင်ကြောင်ဖြစ်နေတယ်လို့ပဲ သက်သက်ညှာညှာ တွက်ထားပြီး ရှေ့ရေးများ တွေးမိလိုက်လို့ကတော့ဖြင့်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts