Han Thit Naing သတင်းပဒေသာ

ကင်းထောက်ဟူသည် လူမှုကူညီရေးလုပ်ငန်းဖြစ်ကြောင်းတက္ကသိုလ်ကင်းထောက် မောင်မယ်များကပြော

ကင်းထောက်ဟူသည် လူမှုကူညီရေးလုပ်ငန်းဖြစ်ကြောင်းတက္ကသိုလ်ကင်းထောက် မောင်မယ်များကပြော

 ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၂၀၊ ၂၀၁၅ခုနှစ်

 

ရန်ကုန်တက္ကသိုလ်၊ ဝိဇာခန်းမတွင် ကင်းထောက်လူငယ်များက တတိယအကြိမ် အတွေ့အကြုံနှင့် သိကောင်းစရာရှင်းလင်းပွဲကို သြဂုတ်  ၁၉ရက် နေ့လည်ပိုင်းတွင်ပြုလုပ်ခဲ့သည်။  အခမ်းအနားအဖွင့်တွင် ကင်းထောက်လူငယ်အဖွဲ့က ကင်းထောက်လူငယ်သီချင်းကိုသီဆိုပေးခဲ့ပြီး
ရန်ကုန်တက္ကသိုလ် တာဝန်ခံ ပါမောက္ခ ဒေါက်တာဖိုးကောင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ နောက်ပိုင်းတွင် ကင်းထောက်မောင်မယ်များက ၄င်းတို့၏အတွေ့အကြုံ သိကောင်းစရာများကို တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ရှင်းလင်းပြောပြခဲ့သည်။

          ကင်းထောက်လုပ်ငန်းသည် စစ်ရေးမပါ၊ နိုင်ငံရေးမပါ  လူမှုဝန်ထမ်းသက်သက်ဖြစ်ပြီး၊ ကိုယ်ယုံကြည်ရာဘာသာကို ကိုးကွယ်ပိုင်ခွင့်ရှိကြောင်း၊ ကင်းထောက်များသည်
သူတပါးကိုကူညီဖို့အတွက် အမြဲသိမ်မွေ့ယဉ်ကျေးရ မည်ဖြစ်ကြောင်း၊ ကင်းထောက်များသည် ကတိ ၃ပါးခံယူပြီးမှ ကင်းထောက်များဟုသတ်မှတ်ကြောင်းများကို  ကင်းထောက်မောင်မယ် ကိုထွဋ်ခေါင်ဝင်းမှ ရှင်းပြသည်။

ယခုအခါ ၂၀၁၅ခုနှစ် ၄လပိုင်းတွင် ပရဟိတစိတ်ဝင်စားသူ မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းပေါင်း (၈)ခုမှ တက္ကသိုလ်ကျောင်းသားကျောင်းသူပေါင်း အယောက်( ၆၀)နှင့် ကြီကြပ်သူ ဆရာဆရာမ (၈)ယောက်ကို ကင်းထောက်ဖွဲ့စည်းရန်နိုင်ငံတော်အစိုးရမှ စတင်ခေါ်ယူခဲ့သည်။ ၂၀၁၅ခုနှစ် ၅လပိုင်းတွင် ပြင်ဦးလွင်မှာ ကင်းထောက်မောင်မယ် များ စခန်းချတွေ့ဆုံပွဲကို ၂ရက်မှ ၄ရက်နေ့အထိပြုလုပ်ခဲ့သည်။ 

          “ကင်းထောက်ရဲ့အဓိကတာဝန်ကတော့ သူတပါးကိုကူညီဖို့ပါ၊ ကင်းထောက်သင်တန်းတွေမှာ ကြိုးချည်နည်း၊ တဲထိုးနည်း၊ ရှေးဦးသူနာပြုစုနည်း၊ထမင်းဟင်းချက်နည်းနဲ့
ကယ်ဆယ်ရေးပြုလုပ်နည်းတွေသင်ပေးပါတယ်” ဟုတက္ကသိုလ်ကင်းထောက်မောင်မယ် ကိုဟန်ထက်လင်းကပြောသည်။
“ကျမတို့အခုလက်တလောကူညီပေးမှုကတော့ ရေဘေးသင့်ပြည်သူများအတွက် တက္ကသိုလ်ကင်းထောက်တွေအကုန်လုံး ကိုယ့်မုန့်ဖိုးနှင့်ကိုယ်စုပြီး အလှူအတန်း ပေးအပ်ပွဲမှာ တက္ကသိုလ်ကင်းထောက်မောင်မယ်များအနေနနဲ့ လှူခဲ့ပါတယ်၊ အခု ၉လပိုင်းစာမေးပွဲပြီးရင်တော့ တက္ကသိုလ်ကင်းထောက် အနေနဲ့ ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် လူကိုယ်တိုင်သွားရောက်လုပ်အားပေးဖို့ရှိပါတယ်” ဟု တက္ကသိုလ်ကင်းထောက်မောင်မယ် မနှင်းဦးဝေကပြောသည်။
ကမ္ဘာပေါ်တွင် ကင်းထောက်ကိုစတင်ခဲ့သူမှာ အင်္ဂလန်နိုင်ငံမှ ရောဘတ်ဗေဒဲန်ပိုဝဲလ်ဖြစ် သည်။ ၁၉၀၈ခုနှစ် အင်္ဂလန်နိုင်ငံတွင် ကင်ထောက်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၁၆တွင် အမျိုးသမီးကင်းထောက်အဖွဲ့၊ ၁၉၂၀တွင် အမျိုးသားကင်းထောက်အဖွဲ့တို့ကို သီးခြားလွတ်လပ်သောအဖွဲ့အစည်း အဖြစ် နိုင်ငံတော်ကတာဝန်ယူကာ စတင်ဖွဲ့စည်းခဲ့သည်။ ကင်းထောက်အဖွဲ့သည် ၁၉၆၄ခုနှစ် မတ်လတွင် ပျက်သုဉ်းသွားခဲ့ပြီး ပြည်ထောင်စုသမ္မတနိုင်ငံတော်က ၁၉၆၈ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်စတင်ဖွဲ့စည်းခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts