သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ရေဘေးအန္တရာယ်နှင့် မောင်မိုးသူ

မောင်မိုးသူ  – ရေဘေးအန္တရာယ်နှင့် မောင်မိုးသူ
(မော်ဒန်သတင်းဂျာနယ်၊ ဩဂုတ် ၇၊  ၂၀၁၅)

ရေဘေးကို မြန်မာနိုင်ငံက နှစ်စဉ်ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။အထူးသဖြင့်နာဂစ်ရေဘေးဒုက္ခကြီးဟာ လူပေါင်းသိန်းချီပြီး အသက်ဆုံးရှုံးခဲ့ကြရဖူးပါတယ်။နာဂစ်ရေဘေးဒုက္ခကို ကြုံတွေ့ရသည့်ဒေသများမှာ ယခုအချိန်အထိ နာလန်မထူနိုင်သေးဘဲ ရှိပါတယ်။နာဂစ်ရေဘေးကြုံတွေ့ရစဉ်က နိုင်ငံတကာ အကူအညီများကို လိုလိုလားလား လက်ခံခြင်း မရှိခဲ့သည်များကို တွေ့ခဲ့ရဖူးပါတယ်။နာဂစ်ရေဘေးဒုက္ခမှာ မြစ်ဝကျွန်းပေါ်ဒေသတွေမှာပဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ယခုတကြိမ် ရေကြီးရေလျှံ၊မြေပြို၊တံတားကျိုး၊ရေဘေးဒုက္ခအမျိုးမျိုးသည် အထက်မြန်မာပြည် တောင်ပေါ်ဒေသများမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ဟားခါးမြို့ မြေပြိုမှုမှာ ကြက်သီးထစရာ ကောင်းပါတယ်။ ရေကြီးရေလျှံမှုကို တံတားပေါ်မှ ရပ်ကြည့်နေသူများ တံတားကျိုး၍ လူတွေပါ သေဆုံးခဲ့ရပါတယ်။

အထက်မြန်မာပြည် မိုးကြီးရေလျှံမှုဖြစ်သည်ကို အကြောင်းပြု၍ မြန်မာနိုင်ငံရှိ မြစ်ကြီးများအားလုံး စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိပြီး ဆောက်လုပ်ထားသော ဆည်ကြီးများ အားလုံးသည်လည်း ပြည့်လျှံနေပြီး ရေလွှဲပေါက်များမှ ရေများထုတ်၍ မနိုင်သည် အထိဖြစ်နေရာ မြစ်ချောင်းများ မကျိုးပေါက်ရန်နဲ့ ဆည်များမကျိုးပေါက်ရန်နဲ့ ဆည်များမကျိုးပေါက်ရန် ရေကင်းများချထားနေကြရသည်ကို တွေ့ရပါတယ်။

ယခုအခါတွင် အထက်မြန်မာပြည်မှ  မြစ်ရေကြီးမှုများသည် အောက်မြန်မာပြည်သို့ ရောက်ရှိလာချိန်တွင် အောက်မြန်မာပြည်နေရာအနှံ့တွင်ရေဘေးဒုက္ခများ မကြုံစဖူးကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ကလေးတက္ကသိုလ်တွင် ဆရာများ၊ကျောင်းသားများ ပိတ်မိနေ၍ ကယ်ဆယ်ရေးများ သွားနေကြရပါတယ်။စစ်တပ်မှ ရဟတ်ယာဉ်များနဲ့ သွားကယ်ဖို့လုပ်နေကြောင်းလည်း သိရပါတယ်။

ပထမဆုံးပြောချင်သည်က အစိုးရနဲ့ စစ်တပ်ပဲဖြစ်ပါတယ်။အစိုးရဆိုသည်မှာ စနစ်တကျ ဖွဲ့စည်းထားသော အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပါတယ်။လူအင်အား၊ယန္တရားအင်အား အရှိဆုံး အဖွဲ့အစည်းဖြစ်ပါတယ်။သဘာဝဘေးအန္တရာယ်ဖြစ်ပြီဆိုသည်နှင့် သမ္မတမှအစ ထိပ်ပိုင်းခေါင်းဆောင်များ ပထမဆုံးရောက်ရှိအားပေးကူညီမှု ပြုကြပါတယ်။ထိုနည်းတူ ငလျင်ဘေး၊သဘာဝအန္တရာယ်ဖြစ်ရာအရပ်သို့ ပထမဆုံးရောက်ရှိသွားသူများမှာ စစ်သည်တော်များဖြစ်ပါတယ်။ မောင်မိုးသူတို့ မြန်မာပြည်မှာ နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊အစိုးရအဖွဲ့ဝင်များ သိပ်မတွေ့ရသလို စစ်ဘက်အကြီးအကဲများ ပါဝင်သည်မှာလည်း အလွန်နည်းပါးနေသည်ကို အံ့ဩဖွယ်တွေ့ရပါတယ်။

သည်နေရာမှာ နိုင်ငံတော်သမ္မတကြီး၏ လက်သုံးစကားလုံးကို ပြေးသတိရပါတယ်။ သမ္မတကြီးစကားမှာ “ မိဘပြည်သူများ ခင်ဗျာ ” ဖြစ်ပါတယ်။သမ္မတကြီးက ပြည်သူကို မိဘအဖြစ် အသိအမှတ်ပြု ပြောဆိုထားပြီးဖြစ်ရာ ပြည်သူရဲ့ဒုက္ခကို ပြည်သူတွေကပဲလုပ်ကြရမှာပေါ့။သမ္မတကြီးက မိဘပြည်သူလို့ ပြောသလိုပါပဲ ပြည်သူကတော့ တကယ်ပဲ အင်တိုက်အားတိုက် လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံက ရေဘေးရန်ပုံငွေတွေ ကောက်ခံကြ၊လှူကြတန်းကြ လုပ်ကြပါတယ်။အစိုးရနဲ့ စစ်တပ်ကသာ တာဝန်ပြည့်ပြည့်ဝဝမကျေတာပါ။ပြည်သူကတော့ ပြည့်ပြည့်ဝဝမကအောင် ကူညီကြပါတယ်။

အနုပညာရှင်များ၊ကျောင်းသူကျောင်းသားများက ကူညီနေကြသလို အလှူရှင်တစ်ဦးကဆိုလျှင် ရေဘေးကူညီသူအဖွဲ့တိုင်းကို တစ်ဖွဲ့ကို ငါးသိန်းလှူနေရာ ယခုအဖွဲ့ပေါင်း ၃၀ ကျော်ရှိပြီလို့ သိရပါတယ်။ Eleven သတင်းစာမှ အလှူရှင်များစာရင်းကိုလည်း ဖတ်ရပါတယ်။ သီတဂူဆရာတော်ကြီးရဲ့ ရေဘေးအလှူရပ်ကွက်ထဲမှာ အလှူခံလို့ အိမ်တိုင်းက အဝတ်အစား၊အလှူငွေများ ထည့်ဝင်နေတာ တွေ့ရပါတယ်။ မောနင်းစတားဆိုင်ကလည်း နေ့စဉ်အလှူငွေကောက်ခံသူများလာလို့လှူကြရသလို လာရောက်တဲ့အဖွဲ့များကို မောနင်းစတားက ငါးပိကြော်အထုပ် ၂၅၀ နဲ့ နှစ်ဖွဲ့အတွက် နေ့တိုင်းကြော်လှော်ထုပ်ပိုးပေးနေတာတွေ့ရပါတယ်။

စာနယ်ဇင်း ပန်းချီဆရာများက ပန်းချီဆရာတစ်ယောက်ကိုပန်းချီကားတစ်ကား ပန်းချီဆရာ မရွေး၊ အရွယ်မရွေး တစ်သိန်းနဲ့ ရောင်းချပြီး ရေဘေးလှူမယ်ဆိုလို့ ပန်းချီလည်း ဝါသနာနဲ့ရေးနေဆွဲနေတဲ့ မောင်မိုးသူလည်း ပန်းချီကားတစ်ကား ပေးလှူလိုက်ပါတယ်။ကားမှာ လက်မှတ်ထိုးတာက “ မိုးသူ ” ဆိုတော့ မိုးသူဆိုတဲ့ ပန်းချီဆရာကို မကြားဖူးပါလားလို့ ပြောတဲ့သူတောင် ရှိနေသေးတယ်ခင်ဗျ။ ပွဲစီစဉ်သူတွေက ဘကြီးမိုးလေကွာဆိုတော့ ဩော်ဘကြီးမိုးကလည်း ပန်းချီရေးသကိုးလို့ ပြောသတဲ့။

ရေဘေးကယ်ဆယ်ရေးကို တစ်ပြည်လုံးက တစ်ခဲနက် လုပ်ဆောင်နေကြပါတယ်။နိုင်ငံတော်ကလည်း နိုင်ငံတကာအကူအညီတွေ တောင်းခံပါပြီလို့ ဆိုပါတယ်။လောလောလတ်လတ် တရုတ်က ရခိုင်ဒေသအတွက် အလှူငွေနဲ့ အစားအသောက်၊ဆေးဝါးတွေလှူတာကိုတွေ့ရပါတယ်။

ရေဘေးကယ်ဆယ်ရေးရဲ့တာဝန်က လောလောလတ်လတ် ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ကူညီရုံနဲ့ ပြီးတာ မဟုတ်ပါဘူး။အဲသည် ရေဘေးဒုက္ခသည်တွေရဲ့ ရေဘေး လွန်မြောက်လာပြီးနောက်၊ရေထဲကျသွားပြီးနောက် ဖြစ်ပေါ်လာမယ့် ပြန်လည်ထူထောင်ရေးကိစ္စ၊ဆုံးရှုံးသွားတဲ့ စိုက်ပျိုးမှုတွေ ပြန်လည်စိုက်ပျိုးနိုင်ရေးကိစ္စ၊ကျန်းမာရေးအတွက် ဆေးဝါးကုသမှုကိစ္စတွေက လုပ်စရာတွေ အများကြီးမှ အများကြီးလိုအပ်မှာ ဖြစ်ပါတယ်။အဲသည်ကိစ္စတွေမှာလည်း ပြည်တွင်းက ပြည်သူတွေရဲ့ အကူအညီသာမက နိုင်ငံတကာမှ အကူအညီတွေ အကြီးအကျယ် လိုအပ်ပါတယ်။ ကျန်းမာရေး၊ပြန်လည်ထူထောင်ရေး၊စိုက်ပျိုးရေးကိစ္စတွေမှာ သိကျွမ်းနားလည်တဲ့ ပညာရှင်များရဲ့ အကူအညီ လိုအပ်မှာ ဖြစ်ပါတယ်။ဒါတွေကို အစိုးရက သိနားလည် လုပ်ဆောင်ကြဖို့ လိုအပ်လှကြောင်းပါ။

ရေဘေးအန္တရာယ်နှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts