Han Thit Naing သတင်းပဒေသာ

အိမ်ခန်းငှားနေသူ မိသားစုဝင် ၄၀၀ကျော်အား အိမ်ပိုင်ရှင်မှမောင်းထုတ်

အိမ်ခန်းငှားနေသူ မိသားစုဝင် ၄၀၀ကျော်အား အိမ်ပိုင်ရှင်မှမောင်းထုတ်

ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၁၃ရက်၊ ၂၀၁၅ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး၊  အင်စိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ မြတ်အိမ်ရာလမ်းသွယ် ပန်ဆေးပြည်သူ့စစ်အိမ်ယာတွင် ငှားရမ်းနေထိုင်နေကြသော အိမ်ခန်းပေါင်း (၄၈)ခန်းမှ မိသားစုဝင် ၄၀၀ကျော်အား ပိုင်ရှင်ဖြစ်သူမှ
အကြောင်းပြချက်မရှိ ရုတ်တရက်ဖယ်ခိုင်းခြင်းအတွက် ငှားရမ်းနေထိုင် သူများက ၄င်းတို့၏အခက်အခဲများကို  လှိုင်သာယာမြို့နယ် အလယ်ရွာ၊ အောင်ဇေယျာမင်းကျောင်းတိုက်တွင် ဇူလိုင် ၁၂ရက်နေ့က ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။
         
 ပန်ဆေးပြည်သူ့စစ်အိမ်ယာတွင် ငှားရမ်းနေထိုင်သူများသည် တစ်လလျှင် အိမ်လခ တစ်သိန်း၊ တစ်သိန်းသုံးသောင်း စသဖြင့် ၄နှစ်ဝန်းကျင်အထိ ရေ၊ မီးမစုံသေးခင်ကပင် နေထိုင်သူများဖြစ်သည်။ ယခု မီးရသည်မှာလည်း ၁နှစ်ခန့်ပင်ရှိသေးသည်။ ငှားရမ်းသူများသည် အိမ်လခကို တစ်လတစ်ခါပေးဆောင် ရသည်။ ပိုင်ရှင်ဖြစ်သူမှ အိမ်လခတိုးတောင်းခဲ့ရာတွင်လည်း ထပ်မံအပြည့်အဝပေးခဲ့ပြီး ရပ်ကွက်အတွင်း တွင် ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြသူများဖြစ်သည်။  (၉.၅.၂၀၁၅)တွင် ရာအိမ်မှူးမှတဆင့် ငှားရမ်းသူများထံ အကြောင်းကြားစာရာက်ရှိလာပြီး (၃၀.၆.၂၀၁၅)တွင် အခန်းပေါင်း(၄၈)ခန်းအား ပိုင်ရှင်ဖြစ်သူထံပြန်လည် အပ်နှံရန်ဖြစ်သည်။ ငှားရမ်းသူများသည် ကျောင်းနေအရွယ်ကလေးသူငယ်များရှိနေ သဖြင့်
ကျောင်းပြောင်းရန် အခက်အခဲနှင့် ချက်ချင်းအိမ်ပြန်ငှားရန်အခက်ရှိနေသောကြောင့် ၂၀၀၆ ဧပြီ ကျောင်းပိတ်ရက်အချိန်သို့ ရွှေ့ဆိုင်းပေးရန် ပိုင်ရှင်ဖြစ်သူအား တောင်းပန်တင်ပြထားသည်ဟု အိမ်ခန်းငှားရမ်းနေထိုင်သူများက ပြောပြသည်။
        
  “ကျမတို့က ဖယ်ပေးမှာပါ အခုချက်ချင်းကြီးဖြစ်နေတော့ ကလေးတွေကျောင်းအပ်ထား ပီး ကျောင်း ပြောင်းရတာကတစ်ခု၊ အိမ်ငှားဖို့ ဆဖော်တင်ရတာအခက်နဲ့ကြောင့်ပါ၊ အခု ၁၉ရက်နေ့မှာ လဲ ရေ မီးကိုဖြတ်မယ်လို့ သိရပါတယ်၊ အဲဒါကြောင့် သူဌေးပိုင်ရှင်ကို ၂၀၁၆ ဧပြီထိထားပါ ငှားနေပရစေလို့ တောင်းပန်ထားပါတယ်၊ အခုတော့ ရာအိမ်မှူးက ကျမတို့ကိုဧည့်စာရင်းလဲပိတ်လိုက်ပီ၊ ပိုင်ရှင်ကအိမ်လခလဲ ထပ်မတောင်းတော့ဘူး၊ ဘာထပ်လုပ်အုံးမလဲတော့မသိဘူး”  ဟု ငှားရမ်းနေထိုင်သူ ဒေါ်အေးမြင့်က ပြောသည်။
         
 “ကျမတို့ အခုအခက်ခဲကတော့ ကျောင်းအပ်ထားပီးကလေးတွေရဲ့ဒုက္ခကတစ်ခု နောက် အိမ်တစ်အိမ်ငှားမယ်ဆို ဆဖော်တင်ရမယ်၊ အိမ်လခ ခြောက်လသို့မဟုတ် ၁နှစ်ချုပ်ရပါမယ်၊ အဲဒီအတွက်ကြောင့် ပိုင်ရှင်ကို ကျမတို့က ကလေးတွေအခုတက်နေတဲ့ကျောင်းပီးတဲ့ အထိ နေခွင့်ဆက်တောင်းတာပါ။ ပြီးရင်ပြောင်းပေးမှာပါ” ဟုဒေါ်သက်သက်ဝင်းကပြောသည်။
        
  ပန်ဆေးပြည်သူ့စစ်အိမ်ယာတွင် အိမ်ခန်းပေါင်း (၇၆) ခန်းရှိသည့်အနက် (၄၈)ခန်းမှ မိသားစု ၄၀၀ကျော်အား ရုတ်တရက်ချက်ချင်းဖယ်ခိုင်းသည့်အတွက ကျောင်းနေလူငယ်များကျောင်းပြောင်းရန် အခက်ခဲနှင့်၊ အိမ်များပြန်ငှားရန်အခက်ခဲရှိနေပါသဖြင့် အိမ်ခန်းငှားရမ်းနေထိုင်သူများမှ ပန်ဆေးပြည်သူ့စစ်အိမ်ယာပိုင်ရှင် ကိုအောင်ကျော်လွင်အား
နောက်ထပ် ၁နှစ်နီးပါးနေခွင့်ပြုရန် အသနားခံတောင်းပန်ထားသည်။ ယခုကာလတွင် ရွေးကောက်ပွဲအတွက်
မဲစာရင်းများကို အခြားခြားသောမြို့နယ်၊ ရပ်ကွက်များတွင်ကောက်ခံနေသော်လည်း ပန်ဆေးပြည်သူ့စစ်အိမ်ယာတွင်
ငှားရမ်းနေထိုင်သူများကို ကောက်ခံခြင်းမရှိသည့်အတွက် မဲစာရင်းမရှိကြောင်းသိရသည်။
         

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts