ကဗျာ

မောင်စိုးချိန် ကျောင်းသားသပိတ် အရေးတော်ပုံ (၁၀)

 မောင်စိုးချိန် ကျောင်းသားသပိတ် အရေးတော်ပုံ (၁၀)
(၂၀၁၅ မတ် ၅ – ရန်ကုန်မြို့တော် ခန်းမရှေ့)
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၅

လက်သီးဆုတ်များ
လက်ချောင်း လက်မောင်း
လက်ရုန်းအပေါင်း
ကောင်းကင်ထိုးခွဲ
ယိမ်းပဲ။

လက်ပတန်း သပိတ်စခန်း
အကြမ်းမဖက်ဖို့
အဓမ္မ မဖြိုခွဲဖို့
ပေးထားတဲ့ ဂတိအတိုင်း
လိုက်နာကြဖို့
ခတ်ပြင်းပြင်း တင်းတင်း
ဟစ်ကြွေး တောင်းဆိုခဲ့စဉ်

မိစ္ဆာငရဲသား
သေမင်းပုလိပ်တပ်
တာဝန်လက်ပတ်ဝတ်
စွမ်းအားရှင် လူအုပ်ရောက်လာ
အရိုင်းအစိုင်းတောခွေးများ
ပန်းခင်းကိုဖျက်
ပန်းညွန့်ချိုးချေကြ
ကြယ်စင်လင်းလက်ကို
ချေဖျက်ခဲ့ကြ။

တာဝန်လက်ပတ်အနီဝတ်ထား
ဂလေဂခြေ ကြေးစား
အမျိုးသမီးအား
အမြတ်ထုတ် သိုင်းဖက်
တင်းညှစ် ညှပ်ဖိထား
မိန်းမသား အိနြေ္ဒ
ကျိုးကြေသွားခဲ့ပြီ။

အဓမ္မ
အကြမ်းဖက်ဖြိုခွဲ
ထိုးကြိတ် ရိုက်နှက်
ဖမ်းဆီး ဖိနှိပ်
တဒင်္ဂ အတွင်း
သေမင်းလက်ထဲ
ပြိုကွဲဆူပွက်
ကမ္ဘာပျက်။

တော်လှန်ကျောင်းသားလူထုမှာ
ကိုယ်ပိုင် စက်ယန္တယားရှိတယ်
စိတ်ဓါတ် ယန္တယား
ဖရိုဖရဲ ပြိုကွဲလဲကျ
ပြန်ထူထ
စိတ်ဓါတ်ယန္တယားနဲ့
ခေါင်းထောင်ထ။

မောင်စိုးချိန်
မတ် ၅-၂၀၁၅

သရုပ်ဖော်ပန်းချီ – သန်းဌေးမောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts