တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ပန်ဆန်းက ခေါ်မယ့် ငြိမ်းချမ်းရေးအဖြေ ဘာလဲ

တူမောင်ညို – ပန်ဆန်းက ခေါ်မယ့် ငြိမ်းချမ်းရေးအဖြေ ဘာလဲ
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၅

လာမည့်မေလ ၁ ရက်မှ ၃ ရက်နေ့ အထိ ‘ဝ’ဌာနချုပ်၊ ပန်ဆန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေး ကျင်းပ ကြလိမ့်မယ်လို့ မီဒီယာသတင်းများမှတဆင့်သိရပါတယ်။ အဖွဲ့အစည်းပေါင်းစုံတက်ရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဦးတည်ချက်ထားကာ အတွေ့အကြုံနဲ့ သဘောထားအမြင်တွေ ဖလှယ်ကြမယ်ဆိုတာကိစ္စကောင်းပဲ။ ဒါပေမယ့် တဆက်တည်းကြားရတဲ့ သတင်းက စစ်တပိုင်းအစိုးရက “ဟိုအဖွဲ့မဖိတ်ရဘူး” ဆိုတဲ့ တားမြစ်တဲ့ စကားဖြစ်ပါတယ်။ ဒီစကားက ငြိမ်းချမ်းရေးမလိုလားတဲ့စကားပဲ။ ကပျက်ယပျက်လုပ်တဲ့စကားပဲ၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တဲ့ သဘောထားနဲ့အပြုအမူပဲဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအဓိကထားပြီးဆွေးနွေးကြမယ်လို့ဆိုတော့ “ပြည်တွင်းငြိမ်းချမ်းနေရေး”နဲ့ခွဲမရတဲ့ “ပြည်တွင်းစစ်ရပ် စဲရေး”ဆိုတဲ့ကိစ္စကို အတွေးကရောက်သွားပြန်ပါတယ်။ ပြည်တွင်းစစ်ရပ်စဲရေးကိစ္စ ရောက်သွားပြန်တော့အတွေးက ရပ်တန့်မနေပါဘူး။ ပြည်တွင်းစစ်ရဲ့ အဆက်ဖြစ်တဲ့ “ပြည်တွင်းနိုင်ငံရေးကိစ္စ” အထိခရီးပေါက်သွားပါတယ်။

ပြည်တွင်းနိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

တကယ့် ပြည်တွင်းငြိမ်းချမ်းရေး၊ ရေရှည် အာမခံချက်ရှိတဲ့ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်တန်းဦးတည်ချက်ထား တယ်ဆိုရင် ပြည်တွင်းနိုင်ငံရေးကိစ္စကို သဘောထားမှန်ကန်စွာနဲ့ အပေးအယူရှိရှိ ကိုင်တွယ်ဖြေရှင်းကြရမှာပေါ့။

လက်ရှိမှာတော့ စစ်တပိုင်းအစိုးရက “၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်/တည်ဆဲဥပဒေများကိုနာခံဆိုတဲ့လမ်း” ပဲ ‘ဟ’ ပေး ထားတယ်။ ဒီလမ်းက အညံ့ခံရေးလမ်းပဲ။ လက်နက်ချရေးလမ်းပဲဖြစ်နေပါတယ်။ ဒီဘောင်ထဲဝင်ပြီး ဒီဥပဒေတွေကို နာခံကြတဲ့သူ တွေ ဟာ အဆုံးမှာအညံ့ခံကြရတာပဲ၊ လက်နက်ချကြရတာပဲဖြစ်ပါတယ်။ “၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်/တည်ဆဲဥပဒေများကို နာခံဆိုတဲ့ လမ်း”လျှောက်လှမ်ခဲ့ကြတဲ့ အခါနိုင်ငံရေးပါတီဆိုရင် “နာခံရေးပါတီ”ဖြစ်သွားရပြီး၊ လက်နက်စွန့်လိုက်တဲ့အဖွဲ့အစည်းကတော့ အသံလည်း ပျောက်၊ အဖွဲ့အစည်းလည်း တစစီပြိုကွဲပျက်စီးရတဲ့ဘဝကျရောက်သွားတာချည်းပဲဖြစ်ပါတယ်။

“စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” စနစ်ကို ကျနော်တို့ပြည်သူတွေက တူးတူးခါးခါးမုန်းတီးရွံရှာပါတယ်။ အသွင်သဏ္ဌာန် အရ ရော အနှစ်သာရအရပါ လက်မခံပါ။ ဘာကြောင့်လဲ။ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတာ အပေါ်ယံအသွင်သဏ္ဌာန်အရ ဒီမိုကရေစီ အရေခြုံထားတာဖြစ်ပြီး၊ အနှစ်သာရက စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားနဲ့ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဖြစ်နေလို့ ပါပဲ။
၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ခွင့်ပေးထားတာပဲမဟုတ်ဘူးလား။ ဟုတ်ပါတယ်။ သူတို့ပေးထားတဲ့ ပြင်ဆင်ခွင့်က အပေါ်ယံ အသွင်သဏ္ဌာန်အရပြင်ဆင်ခွင့်သာဖြစ်ပါတယ်။ စစ်အုပ်စုက စစ်တပ်နဲ့တိုင်းပြည်ဘဏ္ဍာနဲ့ဓနဥစ္စာတွေအပေါ်ထင်သလို လက်ဝါးကြီးအုပ် ချုပ်ကိုင်ချယ်လှယ်ခွင့်ပြုထားတဲ့ အနှစ်သာကိုတော့ တို့ခွင့်၊ ထိခွင့်ပင်မရှိပါ။

ဒါကြောင့်ပြင်ဆင်ရေးသမားတွေ ပြင်ဆင်ခွင့်ရရှိခဲ့မယ် ဆိုရင်လည်း စစ်အာဏာရှင်စနစ်ကိုအပေါ်ယံအသွင်သဏ္ဌာန်ကို ပြင် ဆင်ကြရတာပဲဖြစ်ပါလိမ့်မယ်။ အပေါ်ယံအသွင်သဏ္ဌာန်ကိုပြင်ဆင်တယ်ဆိုတာ လိမ်ညာဖုံးကွယ်မှုသာဖြစ်ပြီး၊ လက်တွေ့ အကျိုးသက် ရောက်မှုကတော့ စစ်အုပ်စုအကျိုးစီးပွားကို ကာယကံမြောက် အကာအကွယ်ပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပြင်ဆင်ရေးဟာ အရာ မရောက်နိုင်တဲ့အပြင် စစ်အာဏာရှင်စနစ်ရဲ့အဆွယ်အပွား၊ အလုပ်အကျွေးဘဝသို့ သက်ဆင်းကျရောက်သွားစေမယ့်လမ်းပဲဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုတဲ့အသံတွေနဲ့ ဒီပြင်ဆင်ရေးလမ်းပေါ်မှာလျှောက်နေခဲ့တဲ့ (NLD) ပါတီရဲ့အနေအထားကိုပဲကြည့်ပါ။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၄ ပွင့်ဆိုင်တောင်းဆိုခဲ့သော်လည်း၊ ၄ ပွင့်ကို ၆ ပွင့်၊ ၁၂ ပွင့်၊ ၄၈ ပွင့်စသဖြင့် သရုပ်ဖျက် တာခံရတဲ့အပြင်၊ ၄ပွင့်ဆိုင်တောင်းဆိုတဲ့ ဦးတည်ချက်ထဲ သူ့တို့လုပ်ငန်းစဉ်တွေ (လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊၂၀၁၅ရွေးကောက်ပွဲ) သွတ်သွင်းတာခံနေရပါတယ်။ “ပါတီအရေး၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းအရေးထက် အမျိုးသားရေးဦးစား ပေးကြမယ်” လို့ အသံကောင်းဟစ်တာကိုကြားနေကြုံနေကြပြီမဟုတ်ပါလား။

သို့ပါ၍ ပြင်ဆင်ရေးလမ်းမပေါ်မှာ (NLD)ပါတီဟာ ရှေ့ခရီး မဆက်နိုင်ဘဲ၊ စစ်အုပ်စုလက်ထဲမှာ အထုခံရတဲ့ကြေးစည်ကလေး ပမာ အသံမြည်ရုံပဲ မြည်နေရရှာပြီး ချာချာလည်နေရပါတော့တယ်။

“လမ်းမပေါ်ထွက်ဆန္ဒပြတာခေတ်ကုန်သွားပြီ” ဆိုတဲ့ မှိုင်းတိုက်မှုကိုလည်း အတိုက်အခံဆိုသူအချို့နဲ့အတူပေါင်းပြီး စစ်တပိုင်း အစိုးရက ဘယ်လိုပင်လှည့်စားခဲ့ပေမယ့်၊လက်ပံတောင်း၊ လှိုင်သာယာ၊လက်ပံတန်း၊ မိကျောင်းကန် စတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားသပိတ်ဆန္ဒပြမှုများက လမ်းမပေါ်ထွက်ဆန္ဒပြတာခေတ်မကုန်သေးကြောင်း လျှမ်းလျှမ်းတောက်နေဆဲဖြစ်ကြောင်း သက် သေပြသခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကပင် “ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ရွေးလမ်းတစ်ခုအဖြစ်” ပစ်ပယ်မထားကြောင်း ထုတ်ဖော်ပြောဆိုလာရသည်မှာ လမ်းမပေါ်တိုက်ပွဲခေတ်မကုန်သေးကြောင်း သက်သေခံနေတာပဲဖြစ်ပါတယ်။

လမ်းမပေါ်ထွက်ဆန္ဒပြတာခေတ်ကုန်သွားပြီလို့ဆိုသလို၊ သေနတ်ကိုင်ပြီးတောင်းဆိုတာလည်း ခေတ်ကုန်သွားပြီ လို့ ကာချုပ် က ပြောနေပါတယ်။ ဒီလိုပြောတာဟာ ဗြောင်လိမ်ညာမှုဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် အာဏာကို သေနတ်နဲ့ယူခဲ့ကြပြီး၊ သိမ်းယူထားတဲ့ အာဏာကိုသေနတ်နဲ့ပဲ ထိန်းသိမ်းကာကွယ်ခဲ့ကြတာမဟုတ်ပါလား။ ၂၀၀၈အခြေခံဥပဒေကို သေနတ်နဲ့ ထောက်ပြီးစိတ်ကြိုက်ရေးခဲ့ကြ သလို၊ သေနတ်နဲ့ထောက်ပြီး အတည်ပြုခဲ့ကြပဲတာမဟုတ်ပါလား။

စစ်တပ်က အစဉ်အမြဲစွဲကိုင်ထားမယ်လို့ ပြောနေတဲ့ “ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့မူဝါဒ (၆) ” အနက် အချက်အမှတ် ၅ နဲ့ ၆ ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို လက်နက်ချ အညံ့ခံခိုင်းတာဖြစ်ပြီး၊ ဒီရပ်တည်ချက် ဒီသဘောထားတွေကို အသေကိုင်စွဲနေသမျှကာလပတ်လုံး နိုင်ငံရေးပြဿနာ ဖြေရှင်းပြေလည်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒီမူဝါဒတွေကို တင်းတင်းမာမာဆုပ်ကိုင်ထားတဲ့အတွက် လက်တွေ့မှာလည်း ဘယ်အဖွဲ့အစည်း နဲ့မှပြေလည်မှု မရခဲ့ပါဘူး။
ဒီတော့ အတိုက်အခံနိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေပဲဖြစ်ဖြစ် နိုင်ငံရေးပြဿနာ အသေ အချာ အဖြေရှာဖို့ ကြိုးပမ်းပြီဆိုတာ “၂၀၀၈ အခြေခံဥပဒေဘောင်ထဲဝင်ရေး – တည်ဆဲဥပဒေများလိုက်နာရေး” ဆိုတဲ့ အတားအဆီး အနှောင့်အယှက်ကို ဘယ်လိုမှလွှဲရှောင်ခြင်းမပြုနိုင်ပဲ ထိပ်တိုက်ရင်ဆိုင်ကြရတော့တာပါပဲ။ ဒီအတားအဆီး၊ ဒီခလုပ်ကန်သင်းကို တစိတ် တဝမ်းတည်း၊ တသွေးတသံတည်း ချမှတ်ထားကြသူတွေဟာ “သမ္မတ(ဗိုလ်)ဦးသိန်းစိန် စစ်တပိုင်းအစိုးရ၊ လွှတ်တော်နဲ့တပ်မတော်တို့” ပဲဖြစ်ပါတယ်။
ဒီအတားအဆီးကို ဘယ်လိုကျော်လွှားနိုင်ကြမလဲဆိုတဲ့ နည်းလမ်းကို ပန်းဆန်းအစည်းအဝေးက ရှာဖွေနိုင်ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts