တင်မိုး – မြက်ရိုင်းညိုညို တက္ကသိုလ်
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) ၁၆ ဖေဖော်ဝါရီ၊ ၂၀၁၅
ကံ့ကော်ပွင့်တွေ
အစုလိုက် အပုံလိုက် ကြွေခဲ့တဲ့
တက္ကသိုလ်မြေ အဓိပတိလမ်း
မျက်ရည်စမ်းစမ်းနဲ့ လျှောက်မိတယ်။
ကျောင်းတံခါးတွေပိတ်
ကျောင်းသားရိပ်မျှမမြင်ရ
သွေးစသွေးန တစက်
ငှက်ဆိုးထိုးတဲ့ အမှောင်ည
ငွေလရောင်ကင်းမဲ့
ရှိုက်သံသဲ့သဲ့ ချောက်ခြားဖွယ်။
ဗိုလ်အောင်ကျော် ဦးသန့် ဂူ
က၀ိတဆူ မှိုင်းရာပြည့်
ဤသည့်နေရာ တ က သ စခန်း
ဗိုလ်ချုပ်အောင်ဆန်း ဦးနု
လူထုရဲ့ ခေါင်းဆောင်ကောင်းတို့ 
ဦးခေါင်းမညွတ် အောင်ပန်းဆွတ်ရာ
မင်္ဂလာ မြေနက်သန်မှာ
မနက်ဖြန်ကိုစောင့်လင့်သကဲ့သို့ 
ရိုင်းမြင့် ရွက်ရှည် အပြိုင်းပြိုင်း
မြက်ရိုင်းတွေပေါက်နေကြတယ်။
မြင့်မြတ်တဲ့နေရာစခန်း
မြက်ရိုင်းတွေ မလွှမ်းစေနဲ့ ။ ။
တင်မိုး
၂၃၊ ၁၁၊ ၂၀၀၁
ကဗျာ ကို ပြန်လည် ဖော်ထုတ်သူ ကဗျာဆရာအောင်ဝေးကို ကျေးဇူးတင်ပါသည်။ ဆရာကြီး တင်မိုး (၁၉၃၃-၂၀၀၇) ကောက်ကြောင်းပုံသည် ပန်းချီလင်းဝဏ္ဏ လက်ရာပုံဖြစ်ပါသည်။ သမီး မိုးချိုသင်း သူ့ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့် “မိုးနဲ့စမ်း” စာအုပ်တိုက်ထုတ် “တင်မိုး ၈၀၊ ကဗျာ ၈၀” မျက်နှာဖုံးပန်းချီ ဖြစ်ပါသည်။ ကဗျာနှင့် ပန်းချီ ကို အခကြေးငွေဖြင့် စီးပွားဖြစ် အသုံးမပြုရန် အလေးအနက် သတိပေးပါသည်။