ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ထွက်ရပ်ပေါက် ပုဂ္ဂိုလ်

ကျော်ဟုန်း – ထွက်ရပ်ပေါက် ပုဂ္ဂိုလ်
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၅

လွန်ခဲ့တဲ့ နှစ် ၁၀၀
နတ်မောက်မြို့ ငယ်က
ခြေတံရှည် အိမ်လေးမှာ
သူ့ ကို မွေးခဲ့သတဲ့။

လွန်ခဲ့တဲ့ ၆၈ နှစ်တုန်းက
တိုင်းပြည်နဲ့ လူမျိုးတွက်
ကိုယ့်ကျိုးစွန့် လုပ်ရင်း
သူ လုပ်ကြံ ခံရသတဲ့။

ကျည်ဆံ ၁၃ ချက်က
သူ့ အသက်ကို နုတ်တယ်၊
သူ့ ဝိဥာဉ်ကို မနုတ်နိုင်ဘူး။

သူ နေခဲ့တဲ့
၃၂ နှစ်ကျော်မှာ
ရိုးရိုးပဲနေထိုင်တယ်၊
ဒါပေမယ့် ခံ့ထည်ခဲ့။

သူ ရှင်းရှင်းပဲ ရိုင်းတယ်၊
သူ့ အရိုင်းခံ လူယဉ်ကျေးတွေ
သူ့ ပြန်ပြီး ဦးညွတ်ရတယ်။

မသမာသူတွေက
စနစ်တကျ၊ အစီစဉ်ရှိရှိ
သူ့ သမိုင်းကို ဖျောက်တယ်။

အကြိမ်ကြိမ် ဖျောက်လေ
အကြိမ်ကြိမ် ဆပွားလေ
သူ့ သမိုင်းကြောင်း
ပြန်ထွက်လာလေ။

လူမိုက် လူညစ်
များတဲ့ လောကထဲ
သူ့ ကျင့်စဉ်က ဒြပ်စင်၊
သူ့ ဝါဒက ဒြပ်စင်၊
ဒီဒြပ်စင်ဝိဥာဉ်ဟာ
အချိန်ကျရင်
ဘွားခနဲ ပြန်ပေါ်
ဂန္ဓဝင် ဒဏ္ဍာရီဖြစ်ခဲ့။

ကြည့်လိုက်ကြဟေ့ ..
သူ့ ရုပ်လွှာ၊ ပုံသေ ပုံရှင်
သူ့ အသံနဲ့ ဟန်
ပုံရှင် အသံလွင်
ကမ္ဘာ့ အလင်းစုမှာ
တည်ဆဲ ကြည်ဆဲ၊
အဲ့ဒါ …
ဗမာပြည်ကယ်တင်ရှင်
ဗိုလ်ချုပ်အောင်ဆန်း။

ခု ..ထပ်ပြီး
ကိုယ်ထင်ပြပြီ၊
နတ်မောက်မြို့ က
သူ့ နေအိမ်မှာ
စာဖတ်နေတယ်။    ။

ဖေဖော်ဝါရီ၊ ၂၊ ၂၀၁၅။

(ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အတွက် အများပြည်သူကြည့်ရှုနိုင်ရန် ဗိုလ်ချုပ်ပုံတူ သွန်းလုပ်ပေးသော ဆီလီကွန်ရုပ်တုပညာရှင် ဆရာအောင်ကျော်ထွန်းအဖွဲ့ ကို အမှတ်တရ ဂုဏ်ပြုလိုက်ပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကျော်ဟုန်း – ထွက်ရပ်ပေါက် ပုဂ္ဂိုလ်
  1. ငါ စာရေးနေတာ Like လိုချင်လို့  စာရေးတာ မဟုတ်ဘူး။ ကျော်ဟုန်းဆိုတာ မနေ့ တနေ့ က မဟုတ်ဘူး။ ကိုယ့်အမည် ပုံနှိပ်စာလုံးပါရုံလေး ကြည်နူးနေတတ်တဲ့ ပေါက်စ စာရေးသူမဟုတ်ဘူး။ အခု စာတွေ ပြန်ရေးနေတာ အမျိုးသားနိုင်င့ရေးလုပ်ခြင်းမျိုးနဲ့ ပြန်ရေးနေတာကိုတော့ သိစေချင်တယ်။ (ပုံ) ကျော်ဟုန်း

Comments are closed.