မိုးမခကို ပေးတဲ့စာ

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ကျော့ကွင်းထဲ ခုန်ဝင်ကကြသူများ


မြန်မာပြည်သို့ပေးစာ – ကျော့ကွင်းထဲ ခုန်ဝင်ကကြသူများ
ဇွန်မိုး၊ ဇူလိုင် ၉၊ ၂၀၁၄

သူငယ်ချင်းတို့ရေ …

မင်းတို့လည်း ဒီရက်အတွင်း အအိပ်ပျက်၊ အစားပျက် စိတ်ပူပန်သောက ရောက်နေကြမယ်ဆိုတာကို ငါ အဝေးကနေ ခံစားနိုင်ပါတယ်။ ဒီလို တုန်လှုပ်ချောက်ချားစရာသတင်း၊ အဖြစ်အပျက်တွေကြားရတော့ ချက်ချင်း မင်းတို့နဲ့ မြို့ သူမြို့ သား (တိုင်းသူတိုင်းသား) တွေအတွက် တကယ်ကို စိုးရိမ်ပူပန်မိတယ်။ မင်းတို့အားလုံးနဲ့ တို့ပြည်သူပြည်သားတွေ ဘေးရန်ကင်ဝေးနိုင်ကြပါစေလို့ ငါ အမြဲဆုတောင်းနေပါတယ်။ အမှန်တော့ ငါ ဒီအကြောင်းရေးဖို့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ တခေါက် ငါမြန်မာပြည် ပြန်ရောက်တုန်းက မင်းတို့ကို ကတိပေးခဲ့တဲ့အတိုင်း (၂၅) နှစ်ကြာမှ တခါတခေါက် ပြန်ရောက်ခဲ့တုန်း မြန်မာနိုင်ငံမှာ ငါ နေခဲ့တဲ့ (၂၁) ရက်အတွင်း ကြုံတွေ့မြင်ခဲ့ခံစားခဲ့ရတာတွေကို ငါပြောမလို့လုပ်နေတုန်း၊ အခုတော့ အဲဒါတွေကို ခဏထားပြီး မင်းတို့ လတ်တလော ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းနေရတဲ့ မလိုအပ်၊ မဖြစ်သင့်တဲ့ ပြဿနာကိစ္စရပ်အပေါ် ငါ့အမြင်အတွေးကို အရင်ပြောချင်တယ်ကွာ။

ငါ ပြန်ရောက်တုန်း မင်းတို့နဲ့ လက်ဖက်ရည်ဆိုင်မှာ ပြောဖြစ်ခဲ့သလို နောက်ပြန်မဆုတ်ပါဘူးလို့ တဖွဖွပြောနေပြီး ရှေ့ လည်းသွားဖို့ ဆန္ဒမရှိတဲ့ ဗိုလ် (ဘို) နေမြဲ အာဏာရှင်တွေနဲ့ သူတို့အကြိုက်၊ သူတို့ချကျွေးတဲ့ အကွက်အတိုင်း လိုက်လုပ်နေကြတဲ့ အုပ်စုတွေက တိုင်းပြည်မှာ လူတွေ စိတ်ပျက်၊ သွေးပျက်၊ အချင်းချင်း သွေးကွဲပြဿနာဖြစ်မယ့် အကြောင်းအရာတွေကို တခုပြီးတခု ဖန်တီးပြီး ခရီးဆက်ကြဖို့ ကြံကြလိမ့်မယ်ဆိုတဲ့အတိုင်း ဒီနှစ်ပိုင်းတွေအတွင်းမှာပဲကြည့် တောင်ဖက်မှာ လူမျိုးရေးပဋိပက္ခတွေဖြစ်လိုက်၊ အနောက်ဖက်မှာ ဘာသာရေး တိုက်ခိုက်မှုတွေဖြစ်ကြ၊ အလယ်ပိုင်းမှာ သတ်ဖြတ်မှုတွေဖြစ်၊ မြောက်ပိုင်းမှာ မတရား ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ သူတို့ခြေ သူတို့လက် လုပ်ချင်တိုင်းလုပ်ပြီး ပြည်သူတွေကို ထိတ်လန့်သွေးပျက်အောင် လုပ်နေတာ။ ဒီလို မတည်မငြိမ်မှုတွေ၊ သွေးချောင်းစီးမှုတွေလုပ်ပြီးတော့ ကျေးဇူးရှင်တွေက တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ဥပဒေမဲ့၊ မင်းမဲ့စရိုက်တွေကြောင့် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး၊ ဥပဒေစိုးမိုးရေး၊ တိုင်းပြည်ချောက်ထဲမကျခင် ပြည်သူ့တပ်မတော်မှ ကယ်တင်ရမယ့်ဆိုတဲ့ လုပ်ရိုးလုပ်စဉ်နဲ့ လမ်းကြောင်းဟောင်း ပြန်မသွားဘူးလို့ ဘယ်သူ ပြောနိုင်လဲ။

တချို့ မြန်မာ့အရေး စောင့်ကြည့်သုံးသပ်နေကြတဲ့ ဆရာကြီးတွေကပြောတယ် ဒီလိုအခြေအနေမျိုးမှာ စစ်တပ်အနေနဲ့ နောက်ပြန်လှည့်မယ့် အာဏာသိမ်းမှုမျိုးတွေ လုပ်မှာမဟုတ်ဘူးတဲ့။ မသိမ်းရင် မလုပ်ရင် ကောင်းတာပေါ့။ ပြီးတော့ တချို့ တွေက ဖြေသိမ့်ပြောကြသေးတယ် ဒီလို အပြောင်းအလဲ၊ စပ်ကူးမတ်ကူးကာလမှာ ဒါမျိုးတွေ ဖြစ်တတ်ပါတယ် ဘာညာပေါ့။ ဒီလို ပြောဆိုတာကို ငါကတော့ လုံးဝလက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဖြစ်ရတာက ဖြစ်အောင် ဖန်တီးနေကြတဲ့ လူတွေရှိကြလို့ ငါ့အနေနဲ့ မြင်တယ်။ မင်းတို့ စဉ်းစားကြည့်လေ တို့နိုင်ငံမှာ အခု သူတို့ပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာမှ မဟုတ်ဘူး။ သူတို့ အုပ်စိုးလာတဲ့ ကာလတလျှောက်လုံး မကြာခဏ ဒီလို တိုင်းရင်းသားတွေကြား၊ လူမျိုးဘာသာ မတူကွဲပြားသူတွေကြား သွေးခွဲတဲ့ လုပ်ရပ်တွေကို ဖန်တီးပြီး တရုတ်-ဗမာအရေး၊ ကရင်-ဗမာအရေး၊ ကုလား-ဗမာအရေး၊ ရခိုင်-ကုလားအရေး စတဲ့ ပဋိပက္ခတွေကို ဗြောင်လုပ်ခဲ့တယ်။

အထူးသဖြင့် တို့လူမျိုးတွေ နိုင်ငံရေး အသိစိတ်နိုးကြား (အခုဆိုရင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး)၊ အာဏာပိုင်တွေ မမှန်လုပ်ရပ်တွေကို ဖော်ထုတ်ပြောဆိုလာကြတာနဲ့၊ လူဝါးဝတဲ့ အာဏာရှုးတွေက တဖက်မှာ အမှတ်နည်း၊ သွေးဆူလွယ်၊ အမှားအမှန် ကောင်းစွာမခွဲတတ်တဲ့ ရိုးအတဲ့ ပြည်သူပြည်သားတွေကို မမှန်သတင်း၊ လုပ်ကြံသတင်းတွေနဲ့ လူမျိုးရေး၊ ဘာသာရေးတွေနဲ့ ခြောက်လန့်ပြီး သွေးခွဲဖျက်ဆီးတာ အကြိမ်ကြိမ်အခါခါပဲဆိုတာ မင်းတို့ အသိပါ။

တခါတခါ ငါ့အနေနဲ့ ရိုးအ၊ အမှတ်နည်းတဲ့ တို့နိုင်ငံသူနိုင်ငံသားတချို့  မနေ့တနေ့ကမှ ဒီ အာဏာရူးတွေရဲ စော်ကားမှုတွေ၊ ဆိုးဝါးတဲ့ကျူးလွန်မှုတွေကို မေ့ပျောက်ပြီး၊ ကလိမ်ကကျစ်တွေရဲ့  ထောင်ချောက်ကွက်ထဲ ပြန်ဝင်ကကြတာကို စိတ်မကောင်းဖြစ်၊ ကရုဏာဒေါသ ဖြစ်မိတယ်။ တကယ်တော့ ဒီငညစ်ကောင်တွေ သက်ဆိုးရှည်နေတာ သူတို့ တော်လို့မဟုတ်ဘူး။ ငါတို့လူတွေ အမှတ်သညာ မရှိကြလို့။ မင်းတို့ မှတ်မိမှာပါ –

တို့ငယ်ငယ်တုန်းက တရုတ်ကျောင်းဆရာက မြန်မာကျောင်းသူလေးကို အဓမ္မပြုကျင့်လို့ဆိုတဲ့ မဟုတ်သတင်းတွေလုပ်ပြီး တရုတ်-ဗမာ အဓိကရုဏ်းဖြစ်အောင် လုပ်ခဲ့တယ်။ နောက် (၈၈) အရေးခင်းကာလမှာ ကုလား-ဗမာ ပဋိပက္ခဖြစ်အောင် အမျိုးမျိုး လုပ်ကြံခဲ့တယ်။ ထစ်ကနဲဆို ဗမာတွေ အလွယ်မုန်းနိုင်တဲ့ အဖိနှိပ်ခံ ကုလား၊ တရုတ်တွေနဲ့ ထိုးကျွေးရန်တိုက်တယ်။ အခုအချိန်မှာတော့ သူတို့ ကျေးဇူးရှင် တရုတ်အစိုးရက မြန်မာပြည်မှာနေကြတဲ့ တရုတ်လူမျိုးတွေကို ကောင်းစွာဆက်ဆံ၊ လက်ခံထားဖို့ သတိပေးပြောထားတော့ တရုတ်နဲ့ လှည့်မတိုက်ရဲဘူး။ ဒါပေမဲ့ သူတို့ လုပ်ချင်သလိုလုပ်၊ စော်ကားဒုက္ခပေးနိုင်တဲ့ ကုလား၊ မွတ်စလင်ဘာသာကို ပစ်မှတ်ထားလုပ်တော့တယ်။ အကြံပက်စက်တာကတော့ ကမ်းကုန်ပေါ့။

နောက် စိတ်ပျက်စရာ၊ ခက်တာက တို့ ဘုန်းကြီးသံဃာတွေကလည်း တလျှောက်လုံး သူတို့ကို ကိုယ်ထိလက်ရောက် စော်ကား၊ ဖမ်းဆီးချုပ်နှောင်၊ သတ်ဖြတ် လုပ်ချင်သလိုလုပ်၊ ပြောချင်သလိုပြောခဲ့တဲ့ ဒီ အာဏာရှင်တွေကိုတော့ ကံဆောင် မစွန့်နိုင်၊ မဆက်ဆံဘဲ မနေနိုင်ကြဘူး။ မနေ့တနေ့ကမှ ကမ္ဘာသိ ရဟန်းသံဃာတော်တွေကို ရက်ရက်စက်စက် ချေမှုန်းခဲ့တဲ့ ဒီ အာဏာရှင်တွေနဲ့ ပြန်ဆက်ဆံကြတယ်။ သူတို့ ချပေးတဲ့လမ်းကြောင်းအတိုင်း လူမျိုးရေး သွေးကွဲမှုတွေကို လိုက်လုပ်တယ်။ ပြီးတော့ ရဟန်းသံဃာ လုပ်ရမယ့်အလုပ်မဟုတ်တဲ့ လောကီသားတွေရဲ့  အိမ်ထောင်သားမွေးကိစ္စတွေ၊ အမျိုးသမီးတွေရဲ့  လွတ်လပ်ခွင့်တွေကို တရားပျက်၊ အချိန်ကုန်ခံ ခေါင်းခံလုပ်နေတယ်။

ရဟန်းသံဃာတွေ တကယ်လုပ်သင့်တာက ဘုရားရှင်ဟောခဲ့တဲ့ မင်းကျင့်တရား (၁၀) ပါးနဲ့မညီ အုပ်ချုပ်သူတွေကို မဆက်ဆံကြဖို့၊ ရဟန်းသံဃာတော်တွေကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တာတွေကို ရပ်သိရွာသိ ဝန်ချတောင်းပန်ခိုင်းဖို့၊ နိုင်ငံသူနိုင်ငံသားတွေ မတူကွဲပြား ဘာသာများ၊ လူမျိုးစုများနဲ့ ငြိမ်းချမ်းစွာ အေးအတူပူအမျှ နေထိုင်ကြဖို့ တရားမှန် တရားမြတ်များ ဟောကြားတာတွေ လုပ်တာက နိုင်ငံနဲ့လူမျိုးအတွက် အများကြီး အကျိုးရှိတယ်လို့ မြင်တယ်။ အစွန်းရောက်ဝါဒီ ခရစ်ယာန်၊ မွတ်စလင်တွေ ဒီလို အကြမ်းအရမ်းလုပ်လို့ တို့ ဗုဒ္ဓဘာသာတွေလည်း ထကြလော့၊ တုန့်ပြန်ကြလော့ဆိုတဲ့ အစွန်းရောက် ဟောပြောမှုတွေကို ရဟန်းရှင်မြတ်များအနေနဲ့ ရှောင်ရှား၊ ဟန့်တားလုပ်ဆောင်ပြီး သန့်ရှင်းမွန်မြတ်သော ဘာသာတရား ထွန်းကားရေးကို အလေးထား အားစိုက်လုပ်ဆောင်ဖို့ကို မျှော်လင့်ဆုတောင်းမိတယ်။ တို့ ဆရာတော်ကျောင်းကိုရောက်ရင် ငါ ဒီလိုမြင်၊ ဒီလိုတွေးတယ်ဆိုတာကို လျှောက်လိုက်ကြကွာ။

ဟာ ရေးရင်နဲ့ အာဏာရှင်ဗိုလ်ရှုပ်တွေ လူလည်ကျတာကို ရေးနေတာကနေ ဘုန်းကြီးသံဃာအကြောင်း ရောက်သွားတယ်။  ငါ အထက်မှာ ပြောခဲ့တဲ့ သူတို့ရဲ့  ဇာတ်ကွက်ဟောင်း လုပ်ရပ်တွေကို နည်းနည်းထပ်ပြောချင်သေးတယ်။ တို့ အဝေးကြီးကို ပြန်မကြည့်နဲ့ မနှစ်က သွေးထွက်သံယို ဖြစ်ခဲ့တဲ့ ရခိုင်၊ မိတ္ထီလာ၊ ပဲခူးတို့ကို ကြည့် – မွတ်စလင် ကုလားလူမျိုးက မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်လို့၊ ရဟန်းသံဃာကို စော်ကားလို့၊ မထီမဲ့မြင်လုပ်လို့ဆိုပြီး ဘယ်သူဘယ်ဝါဆိုသူတွေက ဦးဆောင်လှုံဆော်တိုက်ခိုက်ကြတာ။ ခံရတဲ့သူတွေက ကံမကောင်း၊ မရှောင်တိမ်နိုင်ကြတဲ့ အပြစ်မဲ့တွေ။ ဆုံးရှုံးမှုတွေ ဘယ်လောက်များလဲ။ လူတွေ အသက်ဆုံးရှုံး၊ ပစ္စည်းဥစ္စာတွေ ပျက်ဆီး။ တို့ ဗုဒ္ဓဘာသာလည်း အစွန်းရောက် အကြမ်းဖက် ဘာသာစာရင်းဝင် ဖြစ်ခဲ့တယ်။ အာဏာရှင်အစိုးရ  ဘာလုပ်လဲ။ ဘာမှ ရေရေရာရာ၊ ထွေထွေထူးထူး မလုပ်ဘူး။ ဟိုဟာပြော ဒီဟာပြောနဲ့ နောင်မဖြစ်အောင် တားဆီးခြင်း၊ တရားဥပဒေစိုးမိုးရေး ဥပဒေပြဌာန်းခြင်း၊ အရေးယူခြင်းတွေ မလုပ်ဘူး။ လုပ်ဖို့လည်း အကြောင်းမရှိဘူး၊ လုပ်မှာလဲ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်အောင် ဖန်တီးသူတွေ ဘယ်သူတွေလဲ၊ ဘာကြောင့်လုပ်သလဲဆိုတာကို သူတို့ သိတယ်။ ဒါပေမဲ့ မဖော်ထုတ်၊ မထိရဲဘူး။ ငါတို့သူငယ်ချင်း ဝင်းဆွေ ပြောသလိုပေါ့ … လိမ်လို့ကောင်းတဲ့ တို့လူမျိုးကို ဒီအကွက်နဲ့ ထပ်ကာတလဲလဲ ချကျွေးသွားမှာပဲဆိုတာ သိပ်မှန်တယ်။

တချက်စဉ်းစားကြည့်ကွာ တို့လူ့အသိုင်းအဝိုင်းမှာ စိတ်မမှန်၊ စိတ်ဖျောက်ပြန်၊ ကာမရာဂစိတ်တွေကြောင့် ယောက်ျားတယောက်က မိန်းမတဦးကို အတင်းအဓမ္မ ပြုကျင့်တဲ့ကိစ္စက တိုးတက်ဖွံ့ဖြိုးပါတယ်ဆိုတဲ့ တိုင်းနိုင်ငံ၊ လူ့အဖွဲ့အစည်းတွေမှာလည်း ဖြစ်ကြတာ မင်းတို့ အသိပဲ။ အခု ပွင့်လင်းတဲ့ သတင်းခေတ်ကာလကြီးမှာ နိုင်ငံတကာသတင်းတွေကို ဖတ်ကြည့်ရင် ဒီလို အမျိုးသမီးတွေကို လိင်ပိုင်ဆိုင်ရာ မတရားပြုကျင့်မှုတွေကို တွေ့မြင်နိုင်သလို၊ အသက်ကြီးတဲ့ အမျိုးသား၊ အမျိုးသမီးတွေက အသက်မပြည့်သေးတဲ့ လူမမယ်၊ ခလေးတွေကို မဖွယ်မရာ ပြုကျင့်ဆက်ဆံတာတွေကို တွေ့ရတယ်။ တိုင်းပြည် တိုးတက်တာ၊ မတိုးတက်၊ ချမ်းသာတာ၊ ဆင်းရဲတာ၊ ဒီမိုကရေစီ၊ အာဏာရှင်နဲ့ မဆိုင်ဘူး။ အသိဉာဏ် ကင်းမဲ့ခြင်း (အဝိဇ္ဖာ) နှင့် ဖောက်ပြန်တတ်သော အမြင်မှား၊ စိတ်ပိုင်ဆိုင်ရာ ချို့ ယွင်းချက်တွေကြောင့် တချို့ တွေ ဒီလို အကုသိုလ်တွေကို ကျူးလွန်ကြတာ။ ဒီလို  အပြစ်လုပ်ရပ်တွေကို နိုင်ငံတော်နဲ့ အုပ်ချုပ်သူတွေက မှန်ကန်မျှတတဲ့ တရားဥပဒေတွေ ချမှတ်ပြဌာန်းပြီး ဖြေရှင်းလုပ်ကိုင်နိုင်ရမယ့်အစား၊ မင်းမဲ့စရိုက်၊ ဥပဒေမဲ့ လုပ်ချင်သလိုလုပ်ကြဆိုပြီး ပစ်ထားလို့မရဘူး။

အခု တို့မြန်မာနိုင်ငံမှာ ဖြစ်သလို မွတ်စလင် (ကုလားလူမျိုး) တဦးတယောက်က ဗမာဗုဒ္ဓဘာသာ အမျိုးသမီးတွေကို စော်ကားမော်ကားလုပ်လို့ တနိုင်ငံလုံးမှာ တသက်လုံးအတူ နေလာကြတဲ့ လူမျိုးကွဲ၊ ဘာသာကွဲတွေကို ရန်မူတုံ့ပြန်ရမယ်ဆိုရင်၊ သမိုင်းတလျှောက်လုံး ဗျူဟာတစ်ခုလို ချမှတ်ပြီး စစ်သားတွေက တိုင်းရင်းသူတွေနဲ့ ကျေးလက်တောသူ အမျိုးသမီးကောင်း၊ နိုင်ငံသမီးပျိုလေးတွေကို မုဒိမ်းကျင့် အဓမ္မလုပ်ရပ်တွေကို ဘာကြောင့် မပြောကြ၊ နှုတ်ဆိတ်နေကြလဲ။

ဒီနေ့အထိ စည်းမဲ့ကမ်းမဲ့ စစ်သားတွေ အတင်းအဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေ မရေတွက်နိုင်အောင်ရှိတယ်။ မင်းတို့ ဒီလိုလူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အသေးစိတ်သိချင်ဖတ်ချင်ရင် မြန်မာအမျိုးသမီးအဖွဲ့ချုပ်နဲ့ တိုင်းရင်းသူအဖွဲ့အစည်းတွေက ထုတ်ဝေတဲ့ မှတ်တမ်းစာစောင်တွေကို နောက်တခါ ငါ လူကြုံနဲ့ ပို့ပေးလိုက်မယ်။ ဒီလို စစ်သားတွေရဲ့  လုပ်ရပ်ကို သူတို့ခေါင်းချုပ်တွေက ဘာမှမပြော၊ နှုတ်ဆိတ်နေကြသလို။ ကဲ ဒီလို အမျိုးကောင်းသမီးတွေအပေါ် စော်ကားနေတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အမျိုးစောင့်သူရဲကောင်းတွေက ဓါးဆွဲတုတ်ဆွဲမပြောနဲ့ ရှုတ်ချပြောဆိုမှုတောင် မလုပ်ကြဘူး။ ဒီလိုပြောလို့ DVB သတင်းဌာနက ကိုနေဇော်နိုင် စကားနဲ့ပြောရင် ဒေါပွကြမလား။

အချုပ်ပြောမယ်ကွာ တို့မြန်မာပြည်မှာ ဖြစ်နေတဲ့ပုံစံက လူနည်းစု မတူကွဲပြား ဘာသာတွေအပေါ် နိုင်စားလို့ လုပ်ချင်သလိုလုပ်၊ အနိုင်ကျင့်နေသလို ဖြစ်နေတယ်။ ဒီတော့ ဖြစ်ရမှာက တို့ပြည်သူတွေအနေနဲ့ တရားမျှတတဲ့ ဥပဒေ စိုးမိုးရေး ပေါ်ပေါက်အောင် အစိုးရအနေနဲ့ တစိုက်စိုက်မတ်မတ်လုပ်ဖို့၊ ပြဌာန်းနိုင်ဖို့ကို မပြတ်တောင်းဆို တိုက်တွန်းကြရမယ်။ အာဏာရှင် သက်ဆိုးရှည်ရေး သွေးခွဲလှည့်ဖြား ထောင်ချောက်ထဲ မကျအောင် ပြည်သူပြည်သားအချင်းချင်း သတိပေး အသိပေးလုပ်ဆောင်ရမယ်။ မတူကွဲပြားမှုကို တန်းဖိုးထား၊ အပြန်အလှန် လေးစားတတ်ကြဖို့ တို့ပြည်သူတွေ နားလည်းအသိဝင်ဖို့ အရေးကြီးတယ်။

တို့ သူငယ်ချင်းအုပ်စုလိုပေါ့ စောလွင်၊ ဖြူသွယ် က ခရစ်ယာန်၊ မျိုးနိုင်၊ နီနီတို့က မွတ်စလင် – ငါတို့တတွေ တယောက်နဲ့တယောက် လေးလေးစားစား၊ ချစ်ချစ်ခင်ခင် သွားအတူလာအတူ နေခဲ့ကြတယ်။ ငါတို့ ဘုန်းကြီးကျောင်းမှာလည်း သူတို့ လိုက်စား၊ ကူညီ။ ငါတို့လည်း သူတို့ဘုရားကျောင်း၊ ဗလီတွေသွားနဲ့ ဘာပြဿနာမှ မရှိဘူး။ သူတို့နဲ့ တွေ့ရင် ပြောလိုက်ကွာ၊ ငါ သူတို့ကိုလည်း သတိရတယ်။ ငါ့အနေနဲ့ သူတို့တွေလည်း တို့မြင်သလို ဘယ်သူဘယ်ဝါတွေ၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီလို ဘာသာရေး ပဋိပက္ခတွေ၊ လူမျိုးရေးအဓိကရုဏ်းတွေ ဖန်တီးနေကြတယ်ဆိုတာကို မြင်မယ်လို့ ယုံကြည်တယ်ကွာ။

တိုက်ဆိုင်လို့ ငါတို့နေတဲ့ ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့အပတ်ကပဲ တောင်အမေရိကတိုက် နိုင်ငံသားတစ်ယောက် က လူမည်းကောင်မလေးတယောက်ကို အဓမ္မမုဒိန်းပြုကျင့်လို့ အဖမ်းခံရတယ်။ ဒါလိုဖြစ်လို့ လူမည်းတွေက တောင်အမေရိကတိုက်ကလာတဲ့ လူတွေအကုန်လုံးကို တိုက်ခိုက်ရန်မူကြတာ မရှိဘူး။ တကယ်လို့ အကြမ်းဖက်တုန့်ပြန်မယ်ဆိုရင် အစိုးရ၊ တရားဥပဒေက လက်ပိုက်ကြည့်နေမလား။ ဒီမှာ ဒီလိုကိစ္စတွေ မကြာခဏ ဖြစ်တတ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီလို ရာဇဝတ်ကျူးလွန်သူတွေကို တရားဥပဒေနဲအညီ တရားမျှတစွာ စီရင်သွားတယ်။ ခံရတဲ့လူ၊ ပတ်ဝန်းကျင်က တရားစီရင်မှုကို လက်ခံပြီး၊ ကိုယ့်ခရီးကိုယ်ဆက်ပေါ့။ ကဲ ရေးရင် အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်တတ်တဲ့ မှုခင်းတွေ ဘာတွေရောက်ကုန်ပြီ။ နောက်မှ ဒီမှာဖြစ်ပျက်တာတွေကို မင်းတို့ သိချင်ရင် ပြောပြမယ်။ စာလည်းရှည်နေပြီ။ မနက်ဖြန် အလုပ်စောစောသွားရမှာမို့ အိပ်တော့မယ်။ သူငယ်ချင်းအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းတို့ရဲ့ 

ဇွန်မိုး

Photo – bieloeatsyourbrain.blogspot.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ကျော့ကွင်းထဲ ခုန်ဝင်ကကြသူများ
  1. It s a very good article . I don’t know why people are fixated on marriage between different races of people etc it s between 2 people and people should worry about more important things.

  2. Thanks for the correct and good article. So everyone should against that military, if they wanted to make that kind of law.

Comments are closed.