ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ကိုယ်ယောင်ဖျောက် မီးတောက်များ

ကိုယ်ယောင်ဖျောက် မီးတောက်များ
ကျော်ဟုန်း
ဇွန် ၂၊ ၂၀၁၄

လူတွေ လမ်းမပေါ်မှာ…
အရှေ့ဘက် မျက်နှာမူ လာ
အနောက်ဘက် ကျောခိုင်းထွက်လာ
တောင်၊မြောက် ကန့်လန့်ဖြတ်လာ
နေ့တိုင်းနေ့စဉ်
ပျားဗန်းခတ်တမျှ။

သတိထားမိလိုက်တယ်၊
အဲ့ဒီ ၀န်းကျင်တခိုမှာ
လေပူတွေ တိုက်နေသလိုမျိုး။

ရုတ်တရက် မိုးအရွာ
ရှဲခနဲ-ရှဲခနဲ မြည်သံတွေ ကြားရ
လူတွေကိုယ်မှာ
အငွေ့တထောင်းထောင်းထ။

ဒီလူတွေရဲ့ ၀န်းကျင်မှာ
မြူဆိုင်းတယ်
နှင်းဝေတယ် ၊ (တခါတလေမှာ)
မီးတောင်မြုံတွေ ငုံထားကြရင်းနဲ့ ။

တချို့ က Starbucks ကော်ဖီခွက်ကိုင်လို့ 
တချို့ က စီးကရက်ခဲလို့ 
တချို့ က ကလေးကို တွဲလို့ 
တချို့ က အိတ်သိုင်းလွယ်လို့ 
တချို့ က မျက်မှန်ထူကြီးတပ်လို့ 
တချို့ က ချိုင်းထောက်အကူနဲ့ ရုန်းလို့ 
တချို့ က ကားလေးဝီခေါ်မောင်းလို့              
တချို့ က အမြန်ရထားစီးလို့ 
ခြေကျင်တမျိုး၊ ယာဉ်တမျိုးသုံး
မျိုးစုံ အသွင်စုံ၊ စုံမှစုံ။

ဒီလူတွေ ဘယ်လိုကွဲကွဲ
တူတာ တခုတော့ရှိရဲ့၊
အားလုံးဟာ
ကိုယ်ပိုင်အလျင်နဲ့ 
ကိုယ်ဦးတည်ရာ ဆုံမှတ်စီ
ကသုတ်ကရုတ်
သုတ်သုတ် သုတ်သုတ်။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts