ရသဆောင်းပါးစုံ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – နာမည်ကြီးများကို ပရိသတ်ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ပြန်ပေးဆွဲ ခြိမ်းခြောက်မှု မလုပ်သင့်ပါ

နာမည်ကြီးများကို ပရိသတ်ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ပြန်ပေးဆွဲ ခြိမ်းခြောက်မှု မလုပ်သင့်ပါ
ငြိမ်းချမ်းအေး
မေ ၂၉၊ ၂၀၁၄
 
 

 
Celebrities တွေ အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို နိုင်ငံ့အရေး မှာ တက်တက်ကြွကြွ ပါကြတာ ကောင်းပါတယ်။  ဟိုအရင်က စာတွေမှာ နာမည်ကြီးသူတွေ ကို အသုံးချ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ပြည်တွင်းစစ် အလုံးစုံ ရပ်စဲရေး လူထုလုပ်ရှားမှုတွေ လုပ်သင့်ကြောင်း အများအပြား တိုက်တွန်းခဲ့ဖူးတယ်။  အဲ့တုန်းက အဓိကထား ရေးခြင်း က လူထု နဲ့ အလှမ်းဝေးရာ အင်းလျားကန်စောင်း က ခြံထဲမှာ ဓာတ်ပုံရိုက်ခံ၊ Facebook တင်ခံ တက်ကြွလှုပ်ရှားနေသူ နာမည်ကြီးများကို တကယ့် တိုင်းပြည် အကျိုး ရှိရာ မှာ အသုံးချ နိုင်ဖို့ပါ။
 
ဒေါ်အောင်ဆန်းစုကြည် ဆီ အိတ်ဖွင့်ပေးစာရေးတော့လည်း အဲ့ဒီ တဝိုက် ဖြစ်စဉ်တွေကို ခြုံပြီး “ဘောလုံးပွဲကြည့်လိုက်၊ ဆိုကြမယ် ပျော်ကြမယ် လုပ်လိုက် အစရှိတဲ့ အလုပ်တွေကို အနှစ်သဘော သိလို့ နားလည် လက်ခံပါတယ်”  လို့ ဆိုခဲ့ဖူးတယ်။

အဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာက တဖက်က အခု စစ်လွှတ်တော် နိုင်ငံရေး လျှောက်ဖို့ အထိ ဖြစ်လာခဲ့တဲ့ စစ်အုပ်စု နဲ့ ထိတွေ့ကာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ရာ ယုံကြည်မှု တည်ဆောက်ရေး အဆင့်အတွက် စစ်ဗိုလ်အသစ် အဟောင်းကြီးများ၊ ခရိုနီ၊ ခရိုပြာ များ နဲ့ ပွဲတက်ခံတွေ လုပ်ရတယ်။

အခြား တဖက်ကလည်း လူမှု အသိုင်းအဝန်း မှာ အစု အဖွဲ့အသီးသီး က စုစုစည်းစည်း နဲ့ လူမှုလှုပ်ရှားမှုတွေ လုပ်ဆောင်တတ်တဲ့ အကျင့် ဖြစ်ပေါ်လာအောင် လူထု ကွန်ရက်အဖွဲ့တွေ ဖွဲ့ခိုင်းတယ်၊ နာမည်ကြီးတွေကို အသုံးချ လူမှုရေးပွဲတွေ စီစဉ်တယ်။  ပြည်သူလူထု စိတ်ထဲ မှာ ရှိနေတဲ့ ကြောင့်ကြစိုးရိမ်မှုတွေကို နာမည်ကျော်တွေ အသုံးချ ပယ်ဖျက်တယ်။

ဟိုးအရင် နာရေး ကိစ္စ အသုဘ ဆိုရင် လူမှု အသိုင်းအဝန်းမှာ ဘယ်သူမှ မထိတွေ့ချင်ဖြစ်နေတာမျိုးကို ပြည်သူချစ်တဲ့ မင်းသား ကျော်သူ ကိုယ်တိုင် အလောင်း ထမ်းပြတော့ လူထု ရဲ့ လူမှုသတ်မှတ်ချက် အိုင်ဒီယာ အမြင် Notion တွေ ပြောင်းလည်လာခဲ့သလိုပေါ့။

ဒီလို သဘောပဲ တချိန်ကဆို ထောင်ထဲ အစစ်ဆေး အမေးမြန်း မရှိ နှစ်ရှည် ရောက်သွားနိုင်တဲ့ ဖြစ်စဉ်တွေ ဖြစ်တဲ့ နိုင်ငံရေး အဖွဲ့အစည်း၊ ဒီမိုကရေစီ လှုပ်ရှားသူတွေ နဲ့  ပိုမို ထိတွေ့ လက်တွဲခြင်း ၊ လူမှုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်စေခြင်း တို့ကို နာမည်ကြီး ပုံရိပ်တွေ အသုံးပြု ပြည်သူ ကို ချပြနိုင်တော့ ပြည်သူ့ အမြင် မှာ သူတို့နဲ့ ရင်းနှီးနေတဲ့၊ သူတို့ ချစ်ခင် မြတ်နိုးရတဲ့ သူတွေတောင် ဒီလို အလုပ်တွေ လုပ်နေသေးတာပဲ၊ အန္တရာယ် မဖြစ်တော့ပါဘူး၊ ငါတို့လည်း ပါမယ် ဆိုတဲ့ အသိ စိတ်ဓာတ်တွေ ရလာ၊ အလုပ်တွေ ပို တွင်ကျယ်လာရတယ်။

ဒါ ဟာ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံရေး သီအိုရီ အရ ဆိုရင် လူမှုအဆောင်အအုံမှာ ပြည်သူထဲက ပြည်သူတွေ ဦးဆောင်လှုပ်ရှား၊ အသံထွက် ဆောင်ရွက်တဲ့ အရပ်ဖက်ဆိုင်ရာ လူမှု အဖွဲ့အစည်းတွေ၊ လုပ်ငန်း တွေ ကျယ်ပြန့် ထွန်းကား စေခြင်းပါ။

ဒီ ဖြစ်စဉ် မှာ စစ်အစိုရ ခေတ် ဟိုးအရင်ကတည်းက ထောင်ကျခံ လူမှုရေးတွေ လုပ်နေတဲ့ နာရေးကူညီမှု အဖွဲ့လို၊ ပြည်သူ့ဘက်က တသက်လုံး ရပ်ခဲ့တဲ့ ကိုရဲလွင် (ပန်းရဲ့လမ်း) တို့လို ရဲ့ အလုပ်တွေဟာလည်း ပိုမို ကျယ်ပြန့် လာ၊ ပြည်သူ့ ထောက်ခံမှု ပို ရလာတယ်။  တပါတည်း တိုင်းရင်းသား ပဋိပက္ခ ပြဿနာ အတွက် ငြိမ်းချမ်းရေး ဆော်သြမှုတွေ၊ စစ်ဘေး ဒုက္ခသည် အပါအဝင် လူမှု-စီးပွား ဒုက္ခသည် အစုံစုံ အတွက် လူမှုရေး အကူအညီ တွေ၊ ပညာရေး လုပ်ငန်းတွေ အစရှိတဲ့ ပရဟိတ လုပ်ငန်း အမျိုးမျိုး မှာ ပြည်သူတွေရဲ့ ပါဝင် ပတ်သက်လှုပ်ရှားမှု ဟာ ကျယ်ပြန့် အခြေခိုင်မာလာတယ်။

(စကားချပ် – အရင် စာပေါင်းမြောက်မြားစွာမှာ ထည့်ရေးခဲ့သလို လူမှုကုထုံးဆိုတာ ဆေးမြီးတိုပါ၊  လစ်ဘရယ် ကုထုံးပါ။  တော်လှန် နိုင်ငံရေး ကုထုံးလို နိုင်ငံ ပင်မ ရေသောက်မြစ် ရောဂါကို အမြစ်ပြတ်အောင် မစွမ်းနိုင်ပါ၊ အပေါ်ယံ အရောင်အရမ်း ကို သာ သက်သာစေတာပါ။  ဒါပေမယ့် လူမှုရေး သမား က လူမှုရေး အလုပ်ဖို့ လိုသလို လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ ကျယ်ပြန့်ဖို့လည်း တိုင်းပြည်မှာ လိုပါတယ်။  တဖက်ကလည်း နိုင်ငံရေး သမား က နိုင်ငံရေး အလုပ်ကို တကယ် ပီပီပြင်ပြင် လုပ်နေဖို့ မရှိမဖြစ် နံပါတ်တစ် ဦးစားပေး လိုပါတယ်။)

ပြန်ဆက်ရရင် အရင်လို တယောက် စ နှစ်ယောက် သတ္တိရှင် နာမည်ကျော် တွေ ကိုယ့် ဆန္ဒ၊ ရွေးချယ်မှု အရ အနစ်နာခံ လူမှုရေးလုပ်ငန်းတွေ၊ နိုင်ငံရေး ဖြစ်စဉ် တက်ကြွလှုပ်ရှားမှုတွေ မှာ ပါခဲ့ရာကနေ ခေတ်ပြောင်းချိန် လို့ ယူဆနိုင်တဲ့ ကာလတခု၊ ဒေါ်အောင်ဆန်းစုကြည် ထောင် က လွတ်ချိန်မှာ သူဟာ သူ့နောက် ပြေးကပ်လာတဲ့ (ပေါ်ပင်တွေလည်းပါတာပေါ့) နာမည်ကြီးတွေကို တိုင်းပြည် လူမှု အရပ်ဖက်အဖွဲ့အစည်း ဖွံ့ဖြိုမှု ရှိရေးအတွက် အောင်အောင်မြင်မြင် အသုံးချ နိုင်ခဲ့တယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် က မူ တခုကိုတော့ ထား ပါတယ်။  ရုပ်ရှင်၊ ဂီတ နာမည်ကြီးတွေ ကို သူ့ ပါတီ ရဲ့ မဲဆွယ်ပွဲ တွေ အတွက်တော့ မခေါ်ဘူးဆိုပြီး စည်းခြား နိုင်ခဲ့တယ်။  ကိုယ့်သဘော၊ ကိုယ့် ဆန္ဒ နဲ့ ပါတီဝင်ခြင်း၊ ပါတီ မဲဆွဲပွဲ တွေကို လိုက်ခြင်း က တော့ တားလို့ရတဲ့ ကိစ္စ မျိုး မဟုတ်ပါ။  (တချို့ လိုက်ခဲ့ကြပါတယ်။)

နောက်ပိုင်း မှာ ဒီချုပ် ဦးဆောင်တဲ့ ပညာရေး၊ ကျန်းမာရေး ရံပုံငွေပွဲတွေလို လူမှုရေး ပွဲတွေကိုလည်း အနုပညာသမားများ ဝိုင်းဝန်းခဲ့ကြတယ်။  ဒီ့အတွက် ပါတီနိုင်ငံရေး မှာ အထောက်အကူ ဖြစ်တယ် ဆိုတာလည်း မှန်ပါတယ်။  ဒါပေမယ့် ဒါဟာ လက်ရှိ စစ်လွှတ်တော် နိုင်ငံရေး အနေအထား စစ်အုပ်စုရဲ့ ဥပဒေ အသုံးချ ဖိနှိပ်မှု၊ စစ်တပ်အားကိုး အာဏာပြမှု၊ တဖက်စောင်းနင်း ယူထားတဲ့ နိုင်ငံရေး အသာရမှုတွေ နဲ့ ယှဉ်ရင် နားလည် လက်ခံပေးရမယ့် ကိစ္စပါပဲ။

ဒီလိုနဲ့ ဒီမိုကရေစီ ခေတ်စနစ် အကူးအပြောင်းမှာ ဒီမိုကရေစီ နည်းလမ်းတကျ အကျိုးစီးပွား ကြောင့်မဟုတ်ဘဲ အသိ စိတ်ဓာတ် ကြောင့် ပြည်သူ့အကျိုး၊ နိုင်ငံ့ အနာဂတ် အတွက် နာမည်ကြီးများ လူမှုဖြစ်စဉ် လူထု အကျိုးပြု လုပ်ငန်း တွေမှာ ဆိုခဲ့သလို ပါဝင်လာကြတယ်။  နာမည်ကောင်း တည်ဆောက်လိုမှု၊ ကျော်ကြားလိုမှု လည်း ပါမှာပေါ့လေ၊ ပုထုဇဉ် လူသားချည်း ဆိုတော့ နာမည်ကြီး၊ နာမည်ကောင်း လိုချင်တာလည်း ရှိမှာ သဘာဝပါ။

ဒါပေမယ့် အဓိက က တော့ အာဏာ နဲ့ အခိုင်းခံရလို့ လုပ်ခြင်း မဟုတ်၊ ခြိမ်းခြောက်ခံရလို့ လုပ်ခြင်း မဟုတ်၊ လုပ်ပိုင်ခွင့် တွေ အပိတ်အပင် ခံရ မှာ ကြောက်လို့ လုပ်ခြင်း မဟုတ်ဆိုတဲ့ ကောင်းမွန် မှန်ကန်တဲ့ ဓလေ့ကောင်း အလုပ်သဘော ဟာ တိုင်းပြည်မှာ စတင် တည်ဆောက်လာနိုင်တယ်။

ဟိုး အရင်ခေတ်တွေမှာတော့ ဖျော်ဖြေရေး သမား ဆိုတာ အာဏာရှင် ရဲ့ အသုံးချခံ သက်သက်ရယ်ဖြစ်ခဲ့ရတယ်။ သူတို့ကို ပဒေသရာဇ် ခေတ် အသုံး နဲ့  ဆိုရင် “ဖက်ခွက်စား” လို့တောင် ခေါ်ခံထိပါတယ်။  စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာ နာမည်ကျော် ဖျော်ဖြေရေးသမား တချို့ (အနုပညာသမား လို့ မသုံးပါ) ဟာ စစ်ဘုရင် ပစ်ပေးတဲ့ (လက်ဖက်ပွဲ နဲ့ အလား သဏ္ဌာန်တူ) ဖုန်း၊ တိုက်ခန်း၊ မြေ၊ ပါမစ် မက်လုံး အမျိုးမျိုး ကို ခံယူ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အတွက် စစ်အာဏာရှင် အာဏာတည်မြဲရေး အတွက် ဝါဒဖြန့်ချီရေး၊ ပြည်သူ့ မှိုင်း တိုက်ရေးမှာ အသုံးချခံခဲ့ရတယ်။

အခု နာမည်ကောင်းတွေ အပြည့် နဲ့ ပြည်သူ့ချစ်တဲ့ ပြည်သူ့အနုပညာရှင် လူမှုရေးသမား ရုပ်ရှင်မင်းသားကြီး ရဲ့ ဝါဒဖြန့်ချီရေး ကားတွေ ဟိုအရင်က ဆို လူထု မှာ မကြည့်ချင် အဆုံး ကြည့်ခဲ့ရတယ်။  လှလေးစိန်တွေ၊ တိမ်ကော့နော်ဂျာ တွေနဲ့ ၉၀ ခုနှစ် ကလေးသူငယ်များ စစ်သွေး၊ စစ်မာန် တွေ ကြွခဲ့ရတယ်၊ တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ်ကို အားပေးခဲ့ရတယ်။

ပညာတတ် တက္ကသိုလ်ကျောင်းသား လူငယ်လေးတွေရဲ့ အသည်းစွဲ သဘာဝ မင်းသား တယောက် (ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး မှာလည်း တက်ကြွခဲ့သူ) ဆိုရင် အနုပညာ အပြည့် နဲ့ ကားတွေ ဆက်တိုက် ရိုက်နိုင်ခဲ့ပေမယ့် စစ်အစိုးရရဲ့ ပစားပေး၊ မြှောက်စားမှု မခံရ၊ ရုပ်ရှင်ထူးချွန်ဆု မရဖြစ်ခဲ့တာ နောက်ဆုံး (ခံယူချက်) လက်နက်ချပြီး စစ်ဝါဒဖြန့်ချီရေး ကားရိုက်ပြတော့မှသာ ဆုရခဲ့ရတယ်။

ခေတ်အဆက်ဆက် လူကြီးလူငယ် မရွေး ကြိုက်နှစ်သက် အားပေးတဲ့ ပြည်သူ့ အချစ်တော် (စစ်အစိုးရ အဆက်ဆက်ရဲ့ မျက်မုန်းကျိုးခံခဲ့ရသူ)၊ ၈၈ မှာလည်း တက်ကြွခဲ့သူ နိုင်ငံရေး စိတ်ဓာတ်၊ နိုင်ငံရေး အရောင် အပြည့်နဲ့ တိုင်းရင်းသား အဆိုတော်ကြီးပါ မကျန် (အကြောင်းကိစ္စတခုကြောင့်) လူထု နဲ့ ဆန့်ကျင်ဘက် အလုပ်တွေ မရှောင်မလွဲသာ လုပ်ခဲ့ရတယ်။

အဲ့ဒီခေတ်တွေမှာတုန်းကတော့ လုပ်ပိုင် ခွင့် အပိတ်ခံ ဘေးထွက်ထိုင်နေမလား၊ ပေးတာယူ၊ ကျွေးတာစားရင်း ခိုင်းတာလုပ် နေမလား ဆိုတဲ့ ခေတ်ပေါ့။

ပေါ်ပင် ဂီတ၊ ရုပ်ရှင် အသိုင်းအဝန်း တင် မဟုတ်ပါ။  ၉၀ ခုနှစ်များမှာ လူငယ်များ လေးစား အသိအမှတ်ပြု ဦးတင်ရာ ခေတ်သစ် စာပေ လူငယ် စာရေးဆရာ နှစ်ပါး ရှိခဲ့တယ်။  နှစ်ပါးလုံး နိုင်ငံရေး နဲ့ ထောင်ကျခဲ့တယ်။  တစ်ပါး က သေတဲ့ အထိ (နိုင်ငံရေး အရ) အနေအထိုင် မှန်ခဲ့ပေမယ့် နောက် တပါး ကတော့ ထောင် က အလွတ် မှာ အကြောင်းအမျိုးမျိုးနဲ့ ဖောက်ပြန်သွားတယ်။  နာမည်ဝှက်တွေနဲ့ စစ်အစိုးရဝါဒဖြန့်ချီရေးတွေမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့တယ်။  နောက်ဆုံး နာမည်ရင်းနဲ့ပါ နအဖ စစ်ဝါဒ မှိုင်းတိုက်ရေး၊ အနောက်မုန်းတီးရေး ဇာတ်ကားတွေမှာ ဇာတ်ညွှန်းတွေ ရေးပေးခဲ့တယ်။

စစ်တပ် က လူငယ်တွေ ကို ပေးချင်တဲ့ သတင်း က “ဒီမှာ တွေ့လား မင်းတို့ ရှိခိုး ဦးခိုက်ခဲ့တဲ့ ဘုရား ငါတို့ ခိုင်းတာ လုပ်နေရပြီ၊ မမိုက်ချင်ပါနဲ့ သားကြီးတို့ရာ” ပေါ့။

လူငယ်များ ရဲ့ ဘုရား ရော့ခ်ဘုရင်ကြီးလည်း ပဒေသရာဇ် စစ်ဘုရင်ဝါဒ၊ လူမျိုးကြီး ဝါဒ အတွက် “မဟာမြန်မာ” ရယ်လို့ ကုန်းအော်ပေးခဲ့တယ်။  (ဒါကတော့ သူယုံကြည်လို့ ပါ လို့ အမြဲ ဆိုပါတယ်။)

ဆိုတော့ ဒီလို စစ်အာဏာရှင်စနစ်မှာ လူထု ဖျော်ဖြေရေး သမား နာမည်ကြီးတွေဟာ လူထု ကို မှိုင်းတိုက်၊ ဝါဒ ဖြန့်ချီတဲ့ ကဏ္ဍတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခဲ့ရတယ်။

အခု ဒီမိုကရေစီ စနစ်မှာတော့ ဆောင်းပါး အစမှာ ဆိုခဲ့သလို စိတ်ဓာတ် ခံယူချက်၊ တကိုယ်ရေ သဘော အရ လူထု လှုပ်ရှားမှု ဖြစ်စဉ်တွေမှာ ပါဝင်လာတယ်။

ဒီသဘောကို ရှင်းရှင်းလင်းလင်း ရှိစေချင်တယ်။  ဒီမိုကရေစီ စနစ် ကို သွားချင်တယ် ဆိုရင်တော့ ဘယ်အကြောင်းအရာမျိုးမဆို၊ (နာမည် ရှိရှိ / မရှိရှိ) ဘယ်ပုဂ္ဂိုလ်မျိုး အတွက်မ ဆို ပုဂ္ဂလိက ဆန္ဒ၊ ယုံကြည်ချက် အတိုင်း ပါဝင် လုပ်ဆောင်တာမျိုးကိုပဲ မျှော်လင့်သင့်တယ်။  ဒေါ်အောင်ဆန်းစုကြည် က ဒီချုပ် ရဲ့ ပါတီ နိုင်ငံရေး အတွက် Celebrities များကို အသုံးမချသလို ဒီလို တကိုယ်ရေ ဆန္ဒ၊ သဘာထား၊ ယုံကြည်ချက်ကို အလေးထားတဲ့ စည်းကို ခိုင်ခိုင်မာမာချ လက်ခံသင့်တယ်။

အခြေခံဥပဒေ ပြင်ရေးက ဒီချုပ် တခုတည်း ရဲ့ ပါတီ နိုင်ငံရေး အလုပ် မဟုတ်တာ၊ နိုင်ငံ့ အရေး နိုင်ငံသား အားလုံး နဲ့ ဆိုင်တာ မှန်တယ်။  ဒါပေမယ့် ဒါဟာ အကြောင်းပြချက် ကောင်း မဟုတ်ပါ။  နာမည်ကြီးသူရော၊ မကြီးသူရော ဒီ ဖြစ်စဉ်မှာ ဝင်ပါဖို့က ကိုယ်ပိုင် လွတ်လပ်တဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်သာ ဖြစ်သင့်ပါတယ်။

ဒီလို မဟုတ်ဘဲ အတင်း အဓမ္မ ပရိသတ်ဆိုပြီး ပရိသတ် အား၊ လူထု အားကို အသုံးချ ဒီလောက်လေးတောင် မလုပ်နိုင်ဘူးလား၊ မပါရကောင်းလား ဆိုပြီး မလုပ်အပ်ပါ။  ဒီလို လုပ်ခြင်းဟာ စစ်အာဏာရှင် အဆက်ဆက် အကျိုးစီးပွားနဲ့ မြူဆွယ်တာမရရင် လုပ်ပိုင်ခွင့် ပိတ်မယ် ခြိမ်းခြောက်ပြီး လူထုဖျော်ဖြေရေးသမားတွေကို သူတို့ အာဏာ၊ အကျိုးစီးပွား အတွက် အသုံးချခဲ့သလို သဘော ပဲ၊ အကျင့် အကြံ က အတူတူ တတန်းတည်းပါပဲ။

စစ်အာဏာရှင် က တော့ ကာယကံမြောက် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက် အကြပ်ကိုင် လူတဦး၊ လူတယောက် ရဲ့ အလုပ်၊ ခံယူချက် ကို ပြန်ပေးဆွဲခဲ့ပါတယ်။  အခု ပြည်သူ့ ဒီမိုကရေစီ စနစ် ကို လိုချင်လို့ ဆိုကာ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဖို့ ထောက်ခံနေသူ ပြည်သူ ဆိုသူများဟာ လူထု ပရိသတ် ဆိုတဲ့ အားကို အသုံးချ စိတ္တပိုင်းဆိုင်ရာ ခြိမ်းခြောက် Emotional Blackmail မလုပ်အပ်ပါ။

Emotional Blackmail ဖြစ်စဉ်တိုင်းမှာ ကျူးလွန်သူ ဟာ သားကောင် ရဲ့ ခံစားချက်၊ ဆန္ဒ ကို မျက်ကွက်ပြုထားတတ်ကြတယ်။  ပိုဆိုးတဲ့ အချက် က စိတ်ပြန်ပေးသမား ဟာ သူ့ရဲ့ သားကောင် ကို လိပ်ပြာ မသန့်အောင် လုပ်တတ်ခြင်းပါ။

“မင်း ငါ လိုချင်တာ မလုပ်ဘူး ဟုတ်လား၊ ငါ့ကို မကူညီဘူး ဟုတ်လား၊ (သမီးရည်းစား ကိစ္စမှာဆိုရင်) မင်း ငါ့ အချစ် ကို လက်မခံဘူး ဟုတ်လား” အစရှိသလို တိုင်တည်ကာ  “အေး ရတယ် မလုပ်နဲ့၊ ငါတခုခု ဖြစ်ရင်၊ ငါ ခံစားရရင်၊ (နိုင်ငံရေးမှာဆိုရင်) တိုင်းပြည် ဒုက္ခ ရောက်ရင် မင်းကြောင့်ပဲ” ဆိုကာ အပြစ်လုံးလုံး ပုံချ သူတပါးကို စိတ်ခံစားရအောင်၊ လူဆိုးကြီး၊ မတရားသူကြီး အဖြစ် ကိုယ့်ဘာသာ မြင်လာအောင် ကြံဆောင်တတ်ကြတယ်။

လူမှု လောက မှာ လုံးဝ မလုပ်သင့်၊ မလုပ်အပ်တဲ့ အပြုအမူ အကျင့် အကြံပါပဲ။

အခု မူဝါဒရေးရာ ပိုခိုင်မာဖို့ လိုတဲ့ နိုင်ငံရေးရာ မှာ ဆိုရင် ပိုလို့ မလုပ်အပ်ပါ။

နိုင်ငံရေး အသိ အမြင်၊ ပညာ ကန်းခြင်းဟာ အမိုက်ဆုံး အမှောင်၊ အကန်းဆုံးသော ပညာကန်းခြင်းမျိုးပါ။  ဒီ လို ဘာသိဘာသာ ခပ်မဆိတ် နေတတ်သူ၊ ဒါမှမဟုတ် နေနိုင်စွမ်းသူ Ignorant များ ကြောင့် တိုင်းပြည်မှာ လူမှု၊ စီးပွား စနစ် ဒုက္ခတွေ ကြာရှည် ခံနေရတယ်ဆိုတာ မှန်ပါတယ်။  ဒါပေမယ့် ဒီလိုလူတန်းစား ကို တော်တည့်မှန်ကန်တဲ့ စွဲဆောင် သိမ်းသွင်း ပညာပေးမှုမျိုးပဲ လုပ်သင့်ပြီး လူတဦးရဲ့ လွတ်လပ်တဲ့ အခြေခံအခွင့် အရေးကို ထိပါးကာ “ငါတို့ မှန်တယ်၊ ငါတို့ လုပ်သလိုပဲ လိုက်လုပ်ရမယ်” ဆိုကာ စိတ်ပိုင်းဆိုင်ရာ ပြန်ပေးဆွဲ ခြိမ်းခြောက်မှု အဆင့်ထိ ရောက် Emotional Blackmail တော့ မလုပ်သင့်ကြောင်း စဉ်းစား ဆင်ခြင် မြော်မြင်ကြည့်တတ်စေချင်ကြောင်းပါ။

ငြိမ်းချမ်းအေး
၂၉ မေလ၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – နာမည်ကြီးများကို ပရိသတ်ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ပြန်ပေးဆွဲ ခြိမ်းခြောက်မှု မလုပ်သင့်ပါ
  1. Who were doing that emotional blackmail? who understands about 436! the person wants to sigh on petitions.

  2. ဒါမှမဟုတ် နေနိုင်စွမ်းသူ Ignorant များ ကြော=========>

    I will say Ignorant as ‘ ma-theet kyo kyoon ‘ . ( sorry for my Burglish ) .

    very good SaYa. But I wonder the readers of Myanmar, basic people would understand your ideas.

    the article needs ‘ more substantiation ‘ . .. more easy examples and case studies. for each and every point you reflected…

    For instance:

    whatever you said in ur article. ———–then ‘ that is what I want to say ‘ ………in ‘ real case scenerio ‘ – what is actually happening in real life on the streets of Myanmar , Yangon, Mandalay . and country areas.

    Thank you for your education to all of us. SaYa NChAye.

Comments are closed.