တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ကော်မရှင်၏ သတိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖို့လိုပါသည်


ကော်မရှင်၏ သတိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖို့လိုပါသည်

တူမောင်ညို (၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်)

ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်တင်အေးက သမ္မတပြောခွင့်ရ ဦးရဲထွဋ် ကဲ့သို့ ရိသဲ့သဲ့ မပြော၊ “တည်ဆဲ ဥပဒေစကား” ပဲပြောသည်။

“တရားဥပဒေစိုးမိုးရေး”စကားပါးစပ်မှ တဖွဖွပြောတတ်သူ၊ လက်တွေ့တွင်လွှတ်တော် “တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ရေး ချမ်းရေးကော်မတီ” ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူ ၊ကော့မှူးမြို့နယ် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒီချုပ်ပါတီဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်း စုကြည်အား “ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာ၊ တည်ဆဲဥပဒေများနှင့် အညီဟောပြောရန်” ဗိုလ်တင်အေး ကော်မရှင် သတိပေး လိုက်သည်။

ဤသတိပေးချက်က “စည်းကမ်း ပြည့်ဝသောဒီမိုကရေစီ”နှင့် ထို စည်းကမ်းပြည့်ဝသောဒီမိုကရေစီစည်းဝိုင်းထဲက နိုင်ငံရေး ပါတီတစ်ရပ်၊ နိုင်ငံရေးသမားတစ်ဦး၏ ဘဝသရုပ်အမှန်ကို ဖော်ပြနေပါသည်။ “ဝင် – ပြင်” ဆိုသည့်လမ်းကိုလျှောက်ခဲ့ကြသူများ လက်ငင်းရင်ဆိုင်နေရသည့် ခါးသီးသော အတွေ့အကြုံနှင့်သင်ခန်းစာလည်းဖြစ်သည်။ “၂၀၀၈ အခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေ” ဆိုသည်များ တည်မြဲနေသမျှကာလပတ်လုံး ဤကဲ့သို့သော ဖြစ်ရပ်များကို ရင်ဆိုင်ကြုံတွေ့နေရပေလိမ့်ဦးမည်။

ကော်မရှင်၏ ဤသတိပေးချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးအမြင်အရ ပြတ်ပြတ်သားသားပြောသူဆို၍ ရှေ့နေဦးကိုနီ၏ ပြောဆို သံကိုသာကြားရပြီး၊  ဒီချုပ်နှင့်၈၈ငြိမ်း/ပွင့်တို့မှ တာဝန်ရှိသူများ(နိုင်ငံရေးသမားများဘက်မှ) ပြောဆိုနေသည်မှာ အမှုလိုက်ရှေ့နေတစ်ဦး တရားရုံး၌ လျောက်လှဲချက်တင်သွင်းနေသည်နှင့်တူနေသေးတော့သည်။

ရှေ့နေဦးကိုနီ၏ ပြတ်သားမှုကို လှိုက်လှိုက်လှဲလှဲ နှစ်ထောင်းအားရဖြစ်သော်ငြားလည်း သူ့အတွက် အထူးစိုးရိမ်မိပါသည်။ “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် လှည့်လည်ဟောပြောစဉ်ကလည်း ရှေ့နေဦးကိုနီတို့၏ ဟောပြောမှုများကို သင်္ကန်းဝတ်စွမ်း အားရှင်များက အစ္စလာမ်ဘာသာဝင်(မူဆလင်)ဖြစ်သည်ဟုဆိုကာ အနိုင်ကျင့်ပိတ်ပင်တားမြစ်ခဲ့သည်။ ဤအချက်နှင့်ပတ်သက်၍ ဒီချုပ် ပါတီဘက်မှ နိုင်ငံရေးအရ တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်မှု မတွေ့မမြင် မိခဲ့ပါ။ (မဘသ)များဂျိုကြွအောင်သွေးထိုးပေးနေ သည့် ယနေ့အချိန်ကာလတွင် ရှေ့နေဦးကိုနီ၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုသည် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။

ဤသို့တစ်ယောက်တစ်မျိုးတုန့်ပြန်ပြောနေကြသည်ထက် ဖြစ်သင့်သည်မှာ ကော်မရှင်၏သတိပေးချက်နှင့်ပတ်သက်ပြီး ဒီချုပ် ပါတီဘက်မှ (သို့မဟုတ်) ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်း/ပွင့် ပူးပေါင်းကော်မတီဘက်မှ နိုင်ငံရေးအရ တည်ကြည်လေးနက်စွာ တုန့်ပြန်ဖို့လို အပ်ပါသည်။ အထူးသဖြင့် ဒီချုပ်ဥက္ကဋ္ဌထံလိပ်မူထားသော ကော်မရှင်၏သတိပေးချက်အပေါ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပွင့်လင်း ပြတ်သားစွာတုန့်ပြန်ရန် ပို၍ပင်လိုအပ်နေပါသည်။

“၂၀၀၈အခြေခံဥပဒေ” အပါအဝင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ စသဖြင့် “တည်ဆဲ ဥပဒေများ” ဆိုသည်မှာ မတရားသည့်အမိန့်ဥပဒေများပင်ဖြစ်ပါသည်။

ယခုအခါ ဗိုလ်တင်အေးကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (က) အရ “ညွန်ကြား/ကြီးကြပ်” နေပါ ပြီ။ ပုဒ်မ ၂၄ (ဂ၊ ဃ၊ င) အရ ကော်မရှင်က ဆက်လက် လုပ်ဆောင်လာခဲ့လျှင် မည်သို့ရင်ဆိုင်ကြမည်နည်း။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – ကော်မရှင်၏ သတိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖို့လိုပါသည်
  1. I agree with Tu Maung Nyo in this article.

    U Ko Ni, no matter what religion he believes in, this is the not the issue here.

    What he said and did and is doing is right thing to do.

    Well ! it is the time for UNITY and have to confront, preferable diplomatically, though not limited to, those ‘ ………… ‘ …..who talk and behave like a ‘ worse than a harlot ‘ .

Comments are closed.