ကဗျာ

နွေဦးမဟုတ်တဲ့ ငါ

မောင်စိုးချိန်
မတ်လ ၆၊ ၂၀၁၄

 

 
 
နွေဦးလို လှချင်လိုက်တာ
ငါ့ကိုယ်ငါ
နွေဦးရာသီထဲက နွေဦးတွေ
လူတွေကို ဖြစ်စေချင်လိုက်တာ…..။

 

နွေဦးမှာ
ဆောင်းနှင်းကြွင်း လေနုအေး
ဟိုယိမ်း ဒီတိမ်း ပြေးလွှားမြူးဆော့
ပုရစ်ဖူးတွေ လည်တိုင်မော့လို့။

 

ကျေးငှက် သာရကာ
အရုဏ်ဦးမှာ နိုးထ
နွေဦးအလှကို သီကုံးကျူးရင့်ကြ။

 

ဆောင်း အိပ်ယာ
မြေညိုလွှာကို အားယူနိုးထ
ပန်းအငုံငုံ ရောင်စုံဖူးပွင့်ကြ
အလှခင်းကျင်း ဝတ်မှုံမွှေးမြ။

 

ပင်လယ်ရေညှိရောင် အဆင့်ဆင့်
စိမ်းရင့် သစ်ရွက်တွေပေါ်
တပြန့်တပြော လယ်ကွင်းတွေပေါ်
တနံတလျှားသော ယာခင်းတွေပေါ်
ရွာရဲ့ သက်ကယ်မိုး အိမ်ခေါင်မိုးတွေပေါ်
ငှက်ကလေးတွေ
ရွှေအိုရောင် လိပ်ပြာကလေးများ
နားနေသလိုမျိုး
ဆွဆွရွရွ ခြေလှမ်းဖွဖွ
မိုးသောက်နေခြည်ရွှေရည်မျှင်တို့ နားနေကြ
ဟိုးက……တောင်တန်း သစ်တောအုပ်တွေအထိ
ငါ့ရဲ့ ဆွတ်ပျံ့ အနမ်းများလဲ
 တနမ်း နှစ်နမ်း
အနမ်းများစွာ ဖူးပွင့်သွား
ရင်ခုန်သံနဲ့ စူးနင့်သွား
စိုလဲ့လှပ နွေဦးရဲ့ မျက်နှာပေါ်မှာ။

 

တကယ်က
ချမ်းမြေ့  နွေဦးဘဝ မရခဲ့
နွေဦးအလှကိုပဲ ကြည့်ကာကြည်နူး
အထပ်ထပ်သာ မျှော်ဖူးခဲ့ရ။

 

တကယ်က လူ့ဘဝ
ငါ့ဘဝ ငါတို့ဘဝ
ပုတ်သိုးဆွေးမြေ့ ရေပုတ်အိုင်ကြီးထဲကို
ယိုစီး ဆင်းသက်နေခဲ့ရ
ရေတစက် ဘဝ
အဲဒီ အနာကြီးတခု ရေပုတ်အိုင်
ရှင်းသန့်နိုင်ဖို့
ငုတ်ဆင်းကျနေတဲ့ မီးတောင်ကလေး
သို့မဟုတ်…..အက်စစ်မီးပွားလေးဘဝ
ရေအိုင်ပုတ် ကျိုးပျက်ပြိုယွင်း
ရေစီးအလျှဉ်သစ် စီးဆင်းသွားဖို့
ထို ဘဝကလေးလာဖြစ်နေရ။

 

အဲဒီ အိုမင်း ပုပ်စပ် ရေအိုင်ဆိုတာ
နွေဦးမှ မဟုတ်တာ
အက်စစ် တစက်
မီးပွား မီးတောင်ဆိုတာ
နွေဦးမှ မဟုတ်တာ
နွေဦးကိုဖန်တီးတဲ့ အရာတွေသာ။
 
မောင်စိုးချိန်
ဇူလိုင် ၂၉၊ ၂၀၁၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts