ကဗျာ

ဘကြီးအောင် ညာခဲ့တယ် နှင့် ဘကြီးစိန်ရဲ့  ရွှေချိုးဖြူရုပ်ပုံပြင်

ဇော်ထက် (ပျဉ်းမနား)
ဇန်န၀ါရီ ၂၂၊ ၂၀၁၃

ဘကြီးအောင် ညာတယ်
ဘကြီးအောင် ညာတယ်
ငယ်ငယ်ကဇာတ်လမ်း
တမ်းတမ်းတတ
လွမ်းကြရတဲ့
ရွှေရုပ်ကလေးနဲ့
မျှော်ကိုးမိတဲ့
ကလေးတစ်ယောက်ရဲ့ ရာဇ၀င်
အဟုတ်မထင်
မယုံချင်လို့်
ပုံပြင်လို့ပဲ
စိတ်ထဲထားခဲ့တယ်……..။

ဘကြီးအောင်ရေ
ဒီရွှေရုပ်လေး
ပေးလိုက်ရင်ပြီးရောဗျာ
မျှော်ရတာမောတဲ့
ကလေးရဲ့ စိတ်
တိတ်တိတ်ကလေး
ချွေးသိပ်ပေးဖို့
အဲ့လို….တွေးမိခဲ့ပေါ့…………။

နေ့စဉ်စောင့်ကာ
ရလာလိမ့်နိုး
ရွှေရုပ်ပေါ်နိုး
မျှော်ကိုးတဲ့သူလေ
ဘယ်သူပေလည်း
စိတ်ထဲမရှိလှ
သူ၏ဘ၀က
ငါ့ဘ၀ မဟုတ်တော့
ငယ်ငယ်ကတော့
ခပ်ပေါ့ပေါ့ပဲပေါ့…..။

ဒီခေတ်မှာ
ဒီမိုကရေစီဆိုလား
ဒီ…ခေတ်မှာ
လိုင်ဇာက..ကလေး
ရွှေချိုးဖြူရုပ်ပေးမယ်ဆိုတဲ့
ဘကြီးစိန်ရဲ့ 
ပုံပြင်သစ်တစ်ပုဒ်နဲ့
မျှော်လင့်ခဲ့ရှာနေ
ပေါ်လာလေနိုး
ရလာနိုးနဲ့ပဲ
ရွှေချိုးရုပ်ရယ်
ဘယ်မှာလည်း
ဘယ်မှာလည်းပေါ့….။

ပညာရှာရမယ့်
လူက မမယ်
ဒီအရွယ်မှာ
ပုန်းစရာ
ခိုစရာ
ကျင်းတွေရှာရ
သူ့ဘ၀က
ကကြီး
ခကွေး
အသံပေးရမဲ့အစား
သူ့စကားက
လေယာဉ်ပျံတွေများ
လာပြန်ပြီလားအမေရေတဲ့……။

ဘကြီးစိန် ညာတယ်
ဘကြီးစိန် ညာတယ်ဆိုပြီး
ကြီးလာရင် သည်ဇာတ်လမ်း
မတမ်းတစေချင်
မလွမ်းကြစေချင်တော့
ဒီရွှေချိုးဖြူရုပ်ကလေးနဲ့
မျှော်ကိုးမိတဲ့
ကလေးတစ်ယောက်ရဲ့ ရာဇ၀င်
ဟုတ်ဟုတ်ထင်ထင်
ယုံကိုယုံချင်လို့်
ပုံပြင်လို့ပဲ
စိတ်ထဲမထားခဲ့ချင်တော့ဘူး…….။

ဘကြီးစိန်ညာနေ
ဘကြီးစိန်ညာနေ
မဖြစ်စေဖို့
ဘကြီးစိန်ရေ
ပြောပါရစေ
ဒီရွှေချိုးဖြူရုပ်လေး
ပေးလိုက်ရင်ပြီးရောဗျာ
မျှော်ရတာမောတဲ့
ကလေးရဲ့ စိတ်
တိတ်တိတ်ကလေး
ချွေးသိပ် ပေးလို့
ချွေးသိပ် ပေးစို့လား………။  ။

(ကချင်ပြည်နယ် လိုင်ဇာနှင့်တစ်ကွ မြန်မာနိုင်ငံ တ၀န်းလုံးရှိ အနာဂတ် မျိုးဆက် ကလေးများအတွက် စစ်ပွဲများ ရပ်၍ ငြိမ်းချမ်းရေးကို ရနိုင်ပါစေဟု ဆုတောင်းလျှက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts