ကဗျာ

သမိုင်း (သို့မဟုတ်) ဖြစ်တည်ခြင်းအတွက် အမြုတေ

ကျော်ဟုန်း
ဇန်န၀ါရီ ၅၊ ၂၀၁၃
ဘာမှ အလှမရှိသေးတဲ့
ပိန်းပိန်းဖြူ ပိတ်ကားထက်မှာ
ကြမ္မာစုတ်ချက်များရဲ့ အဖော်မွန်ပေါ့
ဆေးစက်တွေဆိုတာ (ငါတို့ )။

အနီ၊ အပြာ၊ အဝါ၊ အစိမ်း
အညို၊ အမည်း၊ လိမ္မော်၊ ခရမ်း
အဖြူ၊ အစုံစုံလိမ်းရင်း
ဘဝတွေအတွက်
ဘဝတွေဖြစ်နေလိုက်ရတဲ့
ဘဝ ပန်းချီကားချပ်ပေါ်
အပြီးမသတ် ရေးဆွဲနေတုန်းမှာ…။

လူတိုင်းအတွက်
(ရိုက်ခတ်မှု) သစ္စာတရားဟာ
(ဆတူ) ပြဋ္ဌာန်းချက်ရှိတယ်။

လူတိုင်းဟာ
အဓိပ္ပာယ်ဖွင့်ဆိုဖို့ 
ရောင်စဉ်လွှာတွေကို
ဖြန့် ကြဲရင်း စုစည်းခဲ့
ပြန်စုစည်းရင်း
ဖြန့် ကြဲနေကြရမြဲ။

ငါ့အတွက်တော့
ဆွဲလက်စပန်းချီကို ဆွဲနေတုန်း
ငါ့မျက်စိကို အဝတ်မည်းစည်းပြီး
ဝင်္ကပါလမ်းထဲ ခေါ်ခေါ်
တောနက်ထဲပဲ ဖြတ်ဖြတ်
မသေမချင်း မှတ်သွား
ငါ ဘယ်တော့မှ မမှတ်မိဘဲ မနေဘူး
ငါ့ နိုင်ငံတော် ငါမြင်တယ်။
…..
မင်းတို့ ကော…။   ။

Photo by Aung Htet

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts