ကဗျာ

သီတဂူ မာတာ

ကျော်ဟုန်း
စက်တင်ဘာ ၁၉၊ ၂၀၁၂

သူက
ကောင်းကင်နံရံကို
ဆုပ်ဖြဲလိုက်တယ်၊

ပြီးတော့
စွမ်းအင်ကို
ဝေမျှ စားသုံး
ကြယ်တွေကို မီးထွန်းလိုက်ပြန်၊

(သူ…ဆိုတာက)
ညကောင်းကင်ကို
အကြိမ်ကြိမ် ဖြတ်သန်းဖူးတဲ့
အတွေ့ အကြုံ
သူ့ဆီမှာ ရှိတယ်၊

ဒို့ဆီမှာတော့
ဝံပုလွေတွေ
အူသံကြားရတဲ့ညတိုင်း
တာဝန်ကြေ “လ”
သာစမြဲပေါ့၊

“တောက ခေါင်သကိုး”
ညဥ့်နက်တွေမှာ
ထိန်လင်းဖို့
“နေ”ဆီက
သူဖဲ့ယူထားတဲ့
အလင်းစုဟာ
သူ့ပကတိ
မာယာမဟုတ်၊

သူ့ရဲ့
အမြဲတမ်း အကျင့်တခုက
အာရုဏ်ဦးဆီ
အလည်အပတ် ပို့ဆောင်ကြဉ်း
နေ့သစ်များကို
ချစ်တတ်အောင်
ကမ္ဘာမြေပေါ်မှာ
ပန်းစုံ ပိုပွင့်အောင်
သူ့လက်ရေးနဲ့
“ကကြီး၊ ခကွေး” သင်ပေးဖူးတယ်
“အ”အထိ၊

ကျောက်ဆောင်တွေကို
ဖြိုဖျက်ဖို့
ပင်လယ်ပြင်ကို
ကိုယ်ခံပညာ သင်ပေးခဲ့တာလဲ “သူ”

အမှောင်မိုက်ကို
ဦးညွတ်စေဖို့ 
ရှေ့တန်းထွက်
စစ်သူကြီးလုပ်ခဲ့တာလဲ “သူ”

ယုတ်စွအဆုံး
အကျည်းတန်လွန်းတဲ့ ညကို
ပန်းပန်ပေးရဲတာလဲ “သူ”

သူ့အတွက်တော့
တိမ်မည်းညစ်တွေ
ကိုက်စားခံခဲ့ရ
အကြိမ်ကြိမ်
မမှု၊

“ရော…ရင်သပ်ရှုမော အံ့ဘွယ်ပါတကား”

● မှတ်ချက်
စက်တင်ဘာ ၁၇ မှ အောက်တိုဘာ ၂၊ ၂၀၁၂ ထိ နှစ် (၂၀) ကျော်မှ အမေရိးကားသို့ရောက်ရှိ လာသော မြန်မာ့လူ ထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် (အမေစု) အား အမေရိကားရောက် မြန်မာမိသားစုများကိုယ်စားပြု၍ ဤကဗျာဖြင့် ကန်တော့ ပန်းဆင် ကြိုဆိုလိုက်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts